Saturday, April 27, 2024

ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီဗုံးကြဲ ဆေးကုသနေသူ ၂ ဦးသေဆုံး

Must read

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ဆေးကုသမှုခံယူနေသည့် အမျိုးသား ၂ ဦးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၂၂) ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လအိကျေးရွာရှိဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးကုသမှု ခံယူနေသည့် အသက် ၅၀ ဝန်းကျင် စစ်ရှောင်အမျိုးသား ၁ ဦးနှင့် အသက် ၂၀ ဝန်းကျင် ရွာခံအမျိုးသား ၁ ဦး သေဆုံးသွားကြောင်း လအိရွာဒေသခံတစ်ဦးက သျှမ်သံတော်ဆင့်ကိုပြောသည်။

“ဒီဘက်မှာ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ တိုက်ပွဲဖြစ်တယ်ဆိုလို့ လွိုင်ကော်နဲ့ ဆောင်းပြောင်းဘက်မှာပေါ့။ ဒီမတိုင်ခင်သူတို့လေယဉ်ကင်းထောက်တာတွေ၊ တိုက်လေယဉ်ပျံသန်းတာတွေရှိတယ်။ အဲ့လိုသတင်းရလို့ လူနာတွေလည်း ကြိုပြီးပြင်ဆင်တာ၊ ရွှေ့ပြောင်းပေးတာတွေလုပ်တယ်။ ဒါပေမဲ့ ဆေးကုနေတဲ့ ၂ ယောက်က မရွေ့ရသေးတော့ ဒီနေ့လာကြဲသွားတဲ့ထဲပါသွားတယ်” ဟု ၎င်းကပြောသည်။

အလားတူ ထိခိုက်ဒဏ်ရာရသူ ဒေသခံများလည်းရှိပြီး ထိုထဲမှ အမျိုးသမီး ၁ ဦး ဒဏ်ရာစိုးရိမ်ရသည်ဟု သိရသည်။

တော်လှန်ရေးအင်းအားစုတပ်ဖွဲ့များ တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်ရန်အတွက် ယခုမတ်လဆန်းပိုင်းကတည်းက ပင်လောင်း-ဖယ်ခုံနယ်စပ်ဒေသတလျှောက် ကျေးရွားများအား ပြည်သူ့စစ် PNO တပ်ဖွဲ့နှင့်အတူ စစ်ကောင်စီတပ်က ထိုးစစ်လာသောကြောင့် မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များတို့နှင့် ယနေ့အချိန်ထိတိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article