Saturday, April 27, 2024

တိုက်ပွဲပြင်းထန်သည့်ကြား (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အကြီးအကျယ်ကျင်းပ

Must read

သျှမ်းပြည် တောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တိုက်ပွဲပြင်းထန်သည့်ကြားက အကြီးအကျယ် ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၄ ရက်) တပေါင်းလပြည့်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို တောင်ကြီးမြို့ ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီႏဗွေကွင်ꩻ) ၌ အကြီးအကျယ် ကျင်းပခဲ့သည်။

၎င်းအခမ်းအနားသို့ စစ်ကောင်စီခန့် သျှမ်းဝန်ကြီးချုပ် ဦးအောင်အောင်၊ ပအိုဝ်းပြည်သူ့စစ် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီတို့နှင့်အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသားနေ့ တက်ရောက်တဲ့အချိန်မှာ အတူတူ တက်ရောက်ကြတာပါ။ ပအိုဝ်းအမျိုးသားနေ့က တစ်မျိုးသားလုံးလည်း ဆိုင်တယ်၊ စိန်ရတုလည်း ဖြစ်တယ်။ အဲ့ဒါကြောင့် အမျိုးသားနေ့မှာ ကျနော်လည်း တက်တယ်။ ဥက္ကဋ္ဌကြီး ဦးအောင်ခမ်းထီကလည်း သဘာပတိ အဖြစ်နဲ့ တက်တယ်။ အဲ့ဒီပွဲမှာ တွေ့ကြတာပါ”ဟု PNLO နာယကဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

တောင်ကြီးမြို့တွင် ကျင်းပခဲ့သည့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသူ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးအောင်ခမ်းထီတို့ကို အတူတွေ့မြင်ရသည့် ဓာတ်ပုံထွက်ပေါ်လာပြီးနောက် လူမှုကွန်ယက် စာမျက်နှာတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ သည် PNO အဖွဲ့နှင့် ပူးပေါင်းလိုက်ကြောင်း သတင်းပျံနှံ့လာခဲ့ရာ မဟုတ်မှန်ကြောင်း ၎င်းက ငြင်းဆိုသည်။

“ဒါက ပအိုဝ်းအမျိုးသားနေ့ အစဉ်အလာ အခမ်းအနားအရ တွေ့တာပါ။ တခြားကိစ္စတွေက ကျနော်တို့ နိုင်ငံရေး ရပ်တည်ချက်ကို သတင်းအတုအယောင်တွေနဲ့ ရိုက်ချိုးတဲ့သဘောပါ။ သတင်းအတုတွေပါ။ တွေ့တယ်ဆိုတာက အမျိုးသားနေ့ အခြေခံအပေါ်မှာ တွေ့တာပါ။ ကျနော်နှစ်တိုင်း တက်နေကျအတိုင်း တက်ပါတယ်။ တခြားကိစ္စ မပါပါဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မတ်လ ၁၉ ရက်တွင်လည်း PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာသည် (၇၅)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခကို မတ်လ ၂၃ ရက်မှ ဧပြီလ ၂၃ အထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန်လည်း တောင်းဆိုထားသည်။

သို့သော် ၎င်း(၃)မြို့နယ်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ PNA ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့အကြား လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေလျက်ရှိပြီး စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းဗုံးကြဲမှုဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article