Sunday, April 28, 2024

စစ်ကောင်စီ ကင်းလှည့် ပြည်သူ့နေအိမ်တွင်အိပ်၊ထမင်းဟင်းချက်ကျွေးခိုင်း

Must read

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီက ကင်းလှည့်ကာ ပြည်သူနေအိမ်များပေါ်တက်နေခြင်း၊ ဒေသခံများကို ထမင်းဟင်းချက်ကျွေးခိုင်းနေကြောင်း စုံစမ်းသိရသည်။

မိုးမိတ်မြို့ ပျက်စီးသွားသည့်နေအိမ်

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ဖေဖော်ဝါရီလ ပထမ ပတ်မှစ၍ လက်ရှိအချိန်ထိ လောင်းလုံ၊ရွှေကြာလီ ၊ ကွမ်းတောအင်း စသည့် ကျေးရွာအုပ်စု များတွင် ကင်းလှည့်ကာ ပြည်သူ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ လူမနေသည့် အိမ်များတွင် အိပ်ပြီး ဒေသခံများကို ထမင်းဟင်းချက်ကျွေးခိုင်းနေကြောင်း မိုးမိတ်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က ကင်းလှည့််ပြီး ရွာထဲမှာလာအိပ်တာ။ပြည်သူတွေ အိမ်ရှင်တွေကို တွေ့ရင် သူတို့က ထမင်းဟင်း ချက်ကျွေးခိုင်းတာ။ထမင်းဟင်း မရှိဘူး ပြောရင် သူတို့ ပါလာတာကို ချက်ပေးခိုင်းတာ။ သူတို့ခိုင်းသလို လုပ်နေရတယ်။ သူတို့ကတော့ ပြောတယ် ၂ ရက် ၃ ရက်လောက်အိပ်မယ် ထမင်းဟင်းတွေ ချက်ကျွေးဆိုတာ။ သူတို့တွေက ၅ ရက်တစ်ခါ ၁၀ ရက်တစ်ခါ ကင်းလှည့်ပြီးလာ အိပ်တာ။ ” ဟု မိုးမိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်မှစ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေရပ်ပြန်သူများလည်း ရှိနေပြီး နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံပစ္စည်းများကို ခိုးယူခံရခြင်းအတွက် စိုးရိမ်နေကြရကြောင်း သိရသည်။

မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြားတိုက်ပွဲများကြောင့် ဒေသခံနေအိမ်ထိခိုက်ပျက်စီးမှု ၅၀၀ ကျော်ရှိကြောင်း နေရပ်ပြန်သွားသည့် ဒေသခံများထံမှသိရသည်။

ထို့အတူ နေရပ်သို့ပြန်လာသည့် ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံအများစု နေရပ်ပြန်ရန် လုံခြုံရေးစိုးရိမ်နေကြသည်။

Leave a Comments

- Advertisement -spot_img

Latest article