Saturday, April 27, 2024

နမ့်ခမ်းမြို့နယ်အတွင်း စိုက်ထူမည့် တယ်လီဖုန်းတိုင်တခု ဒေသခံများကန့်ကွက်  

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် ကျေးရွာလူထုနှင့်တိုင်ပင်ဆွေးနွေးမှုမရှိဟုဆိုကာ တယ်လီဖုန်းတာဝါတိုင်စိုက်ထူမည့်ကိစ္စ ဒေသခံလူထုက ဆန့်ကျင်ကန့်ကွက် လက်မှတ်ရေးထိုးပြီး ရပ်ရွာအကြီးအကဲထံတင်ပြခဲ့သည်။

နမ့်ခမ်းမြို့နယ် နမ့်တီးအုပ်စုတွင် စိုက်ထူမည့်ဖုန်းတိုင်အုတ်ခုံလောင်းနေ မှု

နမ့်ခမ်းမြို့နယ် နမ့်တီးကျေးရွာနှင့် ငွန်အင်ကျေးရွာကြား တောကျောင်းလမ်းဘေး ယခင်ဘော်လုံးကွင်း နေရာတွင် ဖုန်းတာဝါတိုင်စိုက်ထူရန် မတ်လ ၂၉ ရက်နေ့ကစတင်ကာ မြေတူး အုတ်ခုံလောင်းနေသည့်အပေါ် ရွာသား များစုပေါင်း ကန့်ကွက်လက်မှတ်ရေးထိုးသည့်စာတစောင်အား မတ်လ ၃၀ ရက်နေ့နေ့စွဲဖြင့် အုပ်စုအုပ်ချုပ် ရေးမှူးထံ ပေးပို့ခဲ့သည်။

“မနှစ်ကလည်း ကျနော်တို့ရွာမှာ တိုင်ထူမယ်လို့တခါ ပြောလာတယ်။ ကျနော်တို့ရွာသူရွာသားတွေ စုပေါင်း ဆန့်ကျင်ကန့်ကွက်လို့ မထူဖြစ်ဘူး။ အုပ်စုအုပ်ချုပ်ရေးမှူးပြောင်းပြီးနောက်ပိုင်း ကုမ္မဏီက ထပ်လာတယ်။ ရွာသားတွေမသိလိုက်ဘူး ။အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ဘဲဆွေးနွေး သဘောတူပြီး ၂၉ ရက်နေ့မှာ တိုင်လာထူတာ။ ကျနော်တို့သဘောမတူဘူး။ အခုက ဒီနေရာမှာ လူမနေသေးပေမယ့် နောက်ပိုင်း လူတွေ အိမ်လာဆောက်ပြီးနေကြမယ်။ ခြံတွေဘာတွေလာလုပ်မယ် လာစိုက်မယ်။ တကယ်လို့ ဒီတာဝါတိုင်ကြီး ပြိုကျရင် လူထုကိုအန္တရယ်ဖြစ်စေနိုင်မယ်။ ဒါကြောင့်ကန့်ကွက်ရတာဖြစ်တယ်။” – ဟု နမ့်တီးအုပ်စုသား စိုင်းခမ်းကပြောသည်။

အဆိုပါတာဝါတိုင်ထူမည့်မြေနေရာအနီးပတ်ဝန်းကျင်ရှိ ဒေသခံရွာသူရွာသား ၁၀ ဦးခန့်နှင့် နမ့်တီးရွာ၊ ငွန်အင်ရွာတို့မှ ဒေသခံ ၂၀ ကျော်က တာဝါတိုင်စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးကာ အုပ်စု အုပ်ချုပ်ရေးမှူး ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ၁၀ အိမ်မှူးများထံ ပေးပို့ခဲ့သည်။

ဒေသခံများပေးပို့သောစာကြောင့် ၃၁ ရက်နေ့တွင် တာဝါတိုင်အုတ်ခုံအတွက်တူးခြင်း၊ဆောက်လုပ်နေခြင်းမှ ရပ်နားထားသည်ကိုတွေ့ရကြောင်း စိုင်းခမ်းကပြောသည်။

အဆိုပါ MEC ကုမ္မဏီမှထောင်ပေးသော ဖုန်းတာဝါတိုင်သည် CDMA စနစ်ဖြစ်ပြီး ဖုန်းလိုင်းခက်ခဲသောဒေသ တွင်တိုင်ထူပေးကြောင်းနမ့်ခမ်းမြို့ခံ စိုင်းခမ်းပန်ကပြောသည်။

“ပြောမယ်ဆိုရင် လူထုဆက်သွယ်ရေးအတွက် ဖုန်းလိုင်း အင်တာနက်ကောင်းကောင်းသုံးချင်ရင်တော့ အဲ့ တာဝါတိုင် တွေ မစိုက်ရင် ဘယ်လိုလုပ်ပြီးဖုန်းလိုင်းကောင်းနိုင်မလဲနော်။ အဲရွာမှာ နေတဲ့လူတချို့လာပြောပြဖူးတယ်။ ဖုန်းလိုင်းမကောင်း ဘူးတဲ့။ ဘာမဆို တခုလိုရင် တခုတော့ပေးရမယ်လေနော်။” – ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် ဒေသခံလူထုဆက်သွယ်ရေးအတွက် MPT ၊ MEC ၊ Telenor၊ Ooredoo တို့အပြင် တရုတ်ဖုန်းလိုင်းတချို့ အသုံးပြုနေကြကြောင်းသိရပါသည်။

 

Leave a Comments

- Advertisement -spot_img

Latest article