Tuesday, January 27, 2026

ရန်ကုန်ရောက်သျှမ်းမိသားစုမှ သင်္ကြန်အကြို ရိုးရာမပျက် ပျော်ပွဲရွှင်ပွဲအား ဧပြီလ ရ ရက်နေ့တွင်ကျင်းပမည်

ရန်ကုန်ရောက် သျှမ်းတိုင်းရင်းသားများရိုးရာသင်္ကြန် (အကြိုပွဲ) ကို ရန်ကုန်ရောက်သျှမ်းအသင်းအဖွဲ့များ သျှမ်းမိသားစု များက စုပေါင်းကာ ပထမအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။


“ကျနော်တို့ ရန်ကုန်ရောက် ကျိုင်းတုံမိသားစု ၊ ထွန့်မောဝ်မိသားစု၊ တောင်ကြီးမိသားစု ၊ လားရှိုးအသင်း၊ သီပေါ၊ကျောက်မဲ မိသားစုနဲ့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ တို့စုပေါင်းပြီးတော့ ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ရိုးရာလည်းမပျက်အောင် ပျော်ပွဲရွှင်ပွဲလေးလည်းဖြစ်အောင် စာမေးပွဲပြီးလို့ နေရပ်ပြန်မယ့် သျှမ်းလူငယ်မောင်မယ်တွေ မပြန်သေးခင်မှာ စုဆုံနိုင်အောင်ရည်ရွယ်ပါတယ်။ ချယ်ရီ FM က ပွဲကျင်းပမယ့်နေရာအတွက်နဲ့ သျှမ်းရိုးရာမုန့်ပဲသရေစာ တွေအတွက်ကူညီထောက်ပ့ံမှုပေးပါတယ်။ ပွဲအစီအစဉ်မှာအသုံးပြုဖို့ ရိုးရာအသုံးအဆောင်တွေ တံခွန်တွေဘာတွေ ကိုတော့ သျှမ်းမိသားစုက အသီးသီးရှာလာကြပါတယ်”- ဟု ရန်ကုန်သျှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီအထွေထွေ အတွင်းရေးမှူး စိုင်းလျန်းဟန် က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါပွဲတော်ကို ဧပြီလ ရ ရက် ညနေ ၃ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး သျှမ်းရိုးရာယဉ်ကျေးမှု အဖွဲ့အသီးသီးက သျှမ်းရိုးရာဝတ်စုံဝတ်ဆင်ကာ တံခွန်များကိုင်ဆောင်၊ သျှမ်းအိုးစည်ဗုံမောင်းတီးကာ ရိုးရာကာပန်ကောင် (အိုးစည် အကအလှ)ကလျှက် ဗျူးပွိုင့်မှ ပွဲရှိရာမျှော်စင်ကျွန်းသို့ လမ်းလျှောက်ချီ တက်ကြမည်ဖြစ်ကြောင်းသိရသည်။

“အဲဒီမှာဖွင့်ပွဲလုပ်မယ်။ ရေတွေပက်မယ်။ ရေကစားကြမယ်။ ထွန့်မောဝ်း လားရှိုး တောင်ကြီး ကျိုင်းတုံ နဲ့ချယ်ရီ FM ကနေ စတုဒီသာ လှူဒါန်းမယ်။ ကျွေးမွေးပါမယ်။ ခေါပုတ်ကြော်၊ ထိုဖူးကြော်၊ ၀က်သားချဉ်၊ မုန့်ဖက်ထုပ်၊ အချိုပွဲ စတဲ့ သျှမ်းရိုးရာ အစားအသောက်တွေပေါ့နော်။ တချို့ကလည်း သဲပုံကြီးမှာ တံခွန်တွေဘာတွေသွားစိုက်မယ်။ သျှမ်းအဆိုတော်တွေကနေ သီချင်းတွေနဲ့သီဆိုဖျော်ဖြေပေးသွားမယ်။ အဆိုတော် စိုင်းအောင်ထီးခမ်း၊ စိုင်းလိတ်၊ နန်းမိုမိုခမ်းအေး၊ နန်းနောင့်နောင့် တို့နဲ့အတူ ၀ါသနာရှင် လူငယ်တွေပေါ့။” – ဟု စိုင်းလျန်းဟန်ကပြောသည်။

သျှမ်းရိုးရာသင်္ကြန် ရုပ်သဏ္ဍာန်ပေါ်လွင်စေရန်အတွက် ရန်ကုန်ရောက်သျှမ်းမိသားစုများက တွေ့ဆုံဆွေးနွေးကာ မိမိတို့မွေးရပ်ဒေသအသီးသီးမှရနိုင်သည့်ပစ္စည်းများကို မှာယူပြီး ပြသသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

ယခုကဲ့သို့ ရန်ကုန်ရောက်သျှမ်းအဖွဲ့များစုပေါင်းကာ သျှမ်းရိုရာသင်္ကြန် အကြိုအား ရိုးရာမပျက်ပျော်ပွဲရွှင်ပွဲပြု လုပ်သည်မှာပထမဆုံးအကြိမ်ဖြစ်ပြီး သင်္ကြန်ကာလ သျှမ်းဘုန်းတော်ကြီးကျောင်းများသို့ မုန့်ဖက်ထုပ်လှူဒါန်းခြင်း တရားနာခြင်းများကိုလည်း ပုံမှန်လုပ်ဆောင်သွားမည့်ဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News