Friday, April 26, 2024

နမ္မတူမြို့သို့ လဝက်ကြာ ရောက်ရှိနေသော စစ်ဘေးရှောင် ၃၀၀ ကျော်နေရပ်မပြန်နိုင်သေး  

Must read

တအာင်းတပ်ဖွဲ့ TNLA နှင့်တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူရောက် နားဆိုင်းအုပ်စုမှ စစ်ဘေးရှောင်များအနက် ကျေးလက် ၃ ခုမှ လူထု ရာချီ မှာနေရပ်မပြန်နိုင်သေးကြောင်းသိရသည် ။

နမ္မတူရောက် စစ်ဘေးရှောင်များ

“နမ့်ပိုင်၊ ပိန်းထွမ်၊ ဆွတ်းမွန်း ၃ ရွာကျန်နေသေးတယ်။ တမြန်နေ့က ပန်ဆော့ရွာသားတွေပြန်သွားတယ်။ မနေ့ကကျတော့ ပန်ကွတ်ရွာသားတွေပြန်သွားတယ်။ ပစ်ခတ်သံတွေငြိမ်သွားပြီဆိုလို့ သူတို့ပြန်သွားကြတယ်။ ကျန်တဲ့ ၃ ရွာကကျတော့ မပြန်ရဲသေးတာက သူတို့ရွာထဲကို အစိုးရစစ်ကြောင်းက ၀င်ထွက်သွားလာ မွှေနှောက်နေတုန်းမို့ မပြန်ရဲသေးတာ။” – ဟု စစ်ဘေးရှောင်များအား အစားအသောက်နှင့်ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနေသည့် နန်းခမ်း ကပြောသည်။

နမ့်ပိုင်ရွာ၊ပိန်းထွမ်ရွာသား ၁၀၃ ဦးမှာ မန်စံကျောင်းဟောင်တွင်လည်းကောင်း၊ ဆွတ်းမွန်းရွာသားမှာ ကုန်းဖရားကျောင်းတွင်လည်းကောင်း၊ ပန်ကွတ်ရွာသားများမှာ ဗုပ္ပါရုံကျောင်းတိုက်တွင်လည်းကောင်း ၊ လုတ်လေရွာသား အိမ်ထောင်စု ၃၀ ခန့်မှာ သာသနာ ၂၅၀၀ ကျောင်းတိုက်တွင်လည်းကောင်း ရှိနေသေးကြောင်း၊ စစ်ဘေးရှောင်လာသည်မှာ ၁၅ ရက်ရှိပြီဖြစ်သော်လည်းနေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

 

ပန်ဆော့ရွာ၊ နားဆိုင်းရွာနှင့် လွယ်ပေးရွာများမှာမူ ယမန်နေ့ကပင် နေရပ်ရင်းသို့ပြန်သွားကြပြီဖြစ်ကြောင်း စစ်ဘေးရှောင် များကူညီစောင့်ရှောက်ရေးကော်မတီမှ စိုင်းဘဉာဏ်ကပြောသည်။

“မပြန်ရဲသေးတဲ့ နမ့်ပိုင်ရွာ ဆွတ်းမွန်းရွာသားတွေကတော့ ရွာသားတချို့ဘဲ ရွာပြန်အခြေအနေကြည့်ပြီးပြန်လာတာပေါ့။ အစိုးရစစ်တပ်က တရွာဝင်တရွာထွက် လှည့်နေပြီးတော့ ကြက်ဝက်တွေ ခွေးတွေပါမကျန် ယူစားတယ်။ အသီးအနှံတွေယူစားတယ်။ တချို့ကတော့ ၁ သောင်းစ ၂ သောင်းစ ပြန်လျော်တာရှိတယ်။ များသောအားဖြင့်ကမလျော်ဘူး။ အဲ့ကြောင့်ရွာသားတွေက သူတို့ကျွဲတွေကို စစ်ဘေးမရှောင်ရတဲ့ ရွာတွေမှာလာထားတယ်။ ရွာသားတွေကပြန်ချင်နေကြတယ်။ လယ်ယာ အသီးအနှံတွေကိုစိတ်ပူနေတာလေ”- ဟု နန်းခမ်းကပြောသည်။

အဆိုပါရွာများဘက် လှည့်လည်နေသော အစိုးရစစ်တပ်မှာ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းများဖြစ်ကြောင်း သိရသည်။

တအာင်းတပ်ဖွဲ့ TNLA နှင့်တောင်ပိုင်းသျှမ်းပြည်တပ်မတော် RCSS/SSA တို့သည် မတ်လလယ်ပိုင်းကစပြီး နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စုဘက်တွင်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ တဖက်တွင်လည်း ၄င်းတို့ ၂ ဖွဲ့မှာအစိုးရတပ်နှင့်လည်း တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ အစိုးရစစ်တပ်က စစ်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရွာသားများ နမ္မတူဘက်သို့စစ်ဘေးရှောင်လာခဲ့သည်မှာ ယနေ့တိုင် ၁၅ ရက်ကျော်ကြာပြီဖြစ်သော်လည်း နေရပ်သို့မပြန်နိုင်ကြသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article