Saturday, December 3, 2022

သဘာဝ ဘေး နှင့် တပ်အလိုကျစီးပွားရေး

Must read

မိုးသဲသဲမဲမဲ ၂ နာရီလောက် ရွာချလိုက်တာလဲ ရေတွေကလည်း ဆိုင်ခန်းတွေထဲထိ တရိပ်ရိပ်တက်လာပြီး၊ ဆိုင်ထဲက ရောင်းတဲ့ပစ္စည်းသိမ်းချိန်တောင်မရခဲ့ပါ။

အဲ့ဒီ အဖြစ်အပျက်ကတော့ သြဂုတ် ၈ ရက်မှာ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ထဲက တလော့စျေးထဲက ဆိုင်ခန်းတွေပါပဲ။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေလည်းမြင့်တက်ကာ တာလော့စျေးဆိုင်မှ ပစ္စည်းတွေဟာ မိုးရေတဲ့အတူ မျောပါသွားတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။

တာချီလိတ် ရေဘေးသင့်

“ ဒီတနှစ်ရေကြီးမှုက အများကြီး ဆုံးရှုံးတယ်။ မိုးခဏလေးရွာတာနဲ့ ရေက တက်လာတယ်။ ဆိုင်ထဲထိ ဝင်တော့ ဘာပစ္စည်းမှ မရွှေ့ပြောင်းနိုင်ခဲ့ဘူး။ တခါမှ ဒီလိုရေကြီးမှုမျိုးမကြုံဖူးဘူး” လို့ တာချီလိတ်မြို့ တာလော့စျေးဆိုင်မှ စိုင်းတစ် က သျှမ်းဘာသာစကားဖြင့် ရေကြီးမှုမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ပြောပြလာပါတယ်။

တာချီလိတ်မြို့မှာ မိုးတွေ ရုတ်တရက်မိုးသည်း လာတိုင်း မဲဆိုင်ချောင်းရေမြင့်တက်လာသလို တောင်ကျချောင်းရေကလည်း အရှိန်နဲ့ ကျလာတဲ့ အတွက် ရေကြီးရေလျှံမှုနဲ့အတူ ရွှံတွေလည်း ဝင်လာပါတယ်။

“ ရေကြီးမှုက မိုးရွာလိုက်တာနဲ့ ကြီးလာတော့တာပဲ။ ဒီနှစ်မှာ ၃ ကြိမ်ရေကြီးပြီ။ ရေကြီးတော့ ရွှံတွေသဲနုန်းတွေပါလာ ပိုဆိုးတယ်။ ဒီလို တနှစ်ထက် တနှစ်ပိုဆိုးလာမယ်ဆိုရင် ကျနော်တို့ ပြောင်းရွှေ့ရမယ်ထင်တယ်” လို့ စိုင်းတစ်က ညည်းတွားပြောလာပါတယ်။

တာချီလိတ်မြို့မှာ ၂၀၁၆ ခုနစ် နောက်ပိုင်းမှစတင်ပြီး ရေကြီးမှုကြုံတွေ့လာခဲ့ပေမယ့် တာလော့စျေးမှာက အခုလို ၅ ပေ နီးပါး ရေတက်မှု၊တာမျိုးနဲ့ ပစ္စည်းတွေ ရေထဲမျောပါ သွားတာကို တခါမှ မကြုံဖူးခဲ့ လို့စိုင်းတစ်က ပြောပါတယ်။

“ ဒီလောက်ထိ ရေကြီးပြီး၊ လူတယောက်ရဲ့ ရင်ဘတ်ထိရောက်မယ်။ လူတရပ်စာမြုပ်မယ်။ အဝတ်တွေ တခြားအိမ်သုံးပစ္စည်း တွေ ရေခဲသေတ္တာတွေ အားလုံး ရေမှာမြုပ်တယ်။ ဘာမှ ပြန်သုံးလို့မရတော့ဘူး” လို့ စိုင်းတစ်တယောက် ညည်းတွားပြီး ပြောလာပါတယ်။

တာချီလိတ်ရေဘေးသင့်

တောင်ပေါ်ဒေသ ရေကြီးမှုကြောင့် ပြောင်းရွှေ့နေထိုင်နေရတာဟာ ဒီနှစ်က ပထမဆုံးအကြိမ် ဖြစ်ကြောင်းကိုလည်း စိုင်းတစ် က ပြောပါတယ်။

“ အရင်က ရေကြီးရင် ဒီလိုရေဘေးအနေနဲ့ ပြောင်းရွှေ့ရတာမရှိဘူး။ ဒီနှစ်ကတော့ အမြင့်နေရာ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရ အသိမိတ်ဆွေအိမ်မှာ သွားနေရတဲ့အဆင့်ပဲ။ ရေးဘေးဒုက္ခသည် စခန်းဆိုပြီး တာချီလိတ်မှာ တခါမှ မရှိဖူးဘူး” လို့ စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ဒီတနှစ်ရဲ့ ရေကြီးမှုဟာ တာချီလိတ်မြို့ အနိမ့်ပိုင်းမှာနေထိုင်တဲ့သူတွေအတွက် ဆုံးရှုံးမှုများတဲ့နှစ်တနှစ်လို့ ပြောနိုင်ကြောင်း၊ တောင်ကျချောင်းရေ အရှိန်ကြောင့် ကားတွေရေထဲမျောပါသွားတဲ့အဖြစ်တွေ လူတွေရေထဲမှာမျောပါပြီး သေဆုံးသွားတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

“ ကျမတို့တွေ ရေကြီးတာကို ပေါ့လို့မရတော့ဘူး။ ဒီနှစ်မှာ ကားတွေရေမျောတာ လူတွေရေထဲပါပြီး အသက်သေဆုံးတာ ရှိတယ်။နောက်ကားတွေရေမြုပ်တာ၊ ဆိုင်ကယ်တွေ ပျက်တာလည်းမနည်းဘူး” လို့ တာချီလိတ်မြို့ တာလော့မှာ နေထိုင်တဲ့ နန်းဟွမ် က ပြောပါတယ်။

သျှမ်းပြည်နယ်အရှေ့ပိုင်းမှာ မိုးရာသီရောက်ရင် ရေကြီးမှုဟာ တနှစ်ထက်တနှစ်ပိုဆိုးရွားလာပြီး ကျိုင်းတုံမြို့မှာလည်း မကြုံစဖူး ရေကြီးတဲ့ဒဏ်ကို ရင်ဆိုင်လာရပါတယ်။ ကျိုင်းတုံအပြင် မိုင်းတုံ၊ မိုင်းဆတ်တွေမှာလည်း မိုးသဲသဲမဲမဲ ရွာချလိုက်ပါက တောင်ကျချောင်းရေ ကြောင့် ရေကြီးရေလျှံမှုတွေကို စတင်ကြုံတွေ့လာရပါတယ်။

ကျိုင်းတုံရေကြီးမှုပုံ

“ မိုးရွာတာနဲ့ အိမ်ထဲကို ရေတွေ ရွှံတွေဝင်တော့တာပဲ။ တောင်ပေါ်မှာ ရေကြီးတယ်ဆို ကျမ မကြုံဖူးဘူး။ ရေကြီးတာကတော့ ဒီထက်ဆိုးဖို့ပဲရှိတယ်” လို့ ကျိုင်းတုံမြို့ ဝေါ်ခုတ်မြို့သစ်ရပ် တွင်နေထိုင်တဲ့ မရတနာ ကပြောပါတယ်။

အခုလိုရေကြီးမှုမျိုးစတင်ကြုံလာရတဲ့အတွက် နောင်လာမယ့်နှစ်တွေအတွက် မရတနာတယောက် ကြိုတင်ပြင်ဆင်ရန် နည်းလမ်းတွေ စတင်ရှာနေကြောင်းသိရပါတယ်။

“အခုချိန်က ဘယ်သူကိုမှလည်း အားကိုးလို့မရတော့ဘူး။ ဒီနှစ်ရေကြီးလာပြီဆိုတော့ ထပ်ကြီးဖို့ပဲရှိတော့တယ်။ ပြင်ဆင်ဖို့တော့လိုအပ်တာပေါ့” လို့ မရတနာ က ဆိုပါတယ်။

သျှမ်းရှေ့ တာချီလိတ်-ကျိုင်းတုံ၊ တာချီလိတ်- မိုင်းတုံ တကြောရှိ တောင်တန်းတွေမှာ အရင်ကလို စိမ်းလန်းစိုပြေမှု မရှိတော့ဘဲ တောင်ကတုံးနီးပါးဖြစ်နေကြောင်း မရတနာက ပြောပြပါတယ်။

ကျိုင်းတုံမြို့နယ်က ရေကြီးရေလျှံမှုဖြစ်ပွား

ရေကြီးရေလျှံမှုကြုံခဲ့ရပေမယ့် သျှမ်းရှေ့ ပြည်သူတွေကို စစ်ကောင်စီတွေ တာဝန်ရှိသူတွေက လာရောက်ကူညီပေးတာမရှိဘဲ ဟန်ပြ ဓာတ်ပုံရိုက်ပြီးပြန်သွားကြတယ်လို့ ရေဘေးသင့်ပြည်သူတွေကဝေဖန်ပါတယ်။

“ကျနော်တို့ ဒီချိန်မှာ ဘယ်သူအကူအညီမှ စောင့်နေလို့မရဘူး။ စောင့်ရင် ငတ်သွားနိုင်တယ်။ ကျနော်တို့ ပြည်သူ အချင်းချင်းကပဲ ကူညီစောင့်ရှောက်ပေးကြတယ်၊ သူများလာကူတာကို စောင့်နေမယ်ဆိုရင် မရနိုင်ပါဘူး” လို့ စိုင်းတစ်က ဆိုပါတယ်။

သက်ဆိုင်ရာအနေနဲ့ ရေကြီးရေလျှံမှုဖြစ်ပြီး ရေကျသွားတဲ့အခါ ကျန်ခဲ့တဲ့ ရွှံ့နွံများကို ကူညီဖယ်ရှားပေးသလို ရေဘေးသင့်သူတွေကို နေအိမ်မှ ကယ်ထုတ်ပေးကြောင်း တာချီလိတ်မြို့နယ် မှ ဦးလှမိုးပရဟိတ လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သျှမ်းရှေ့ ရေကြီးရတဲ့ အကြောင်းရင်း

သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မှ သျှမ်းပြည် အရှေ့ပိုင်းတကြောမှာ ဓာတ်သတ္တု အသေးစားထုတ်လုပ်ရန် ဧက ၆၂၂ ကို ကုမ္ပဏီ ၁၇ ခုကို ခွင့်ပြုမိန့်ချပေးထားပါတယ်။

နောက်ထပ်ကုမ္ပဏီ ၁၀ ခုကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာရန် ဧက တစ်သောင်းခွဲကျော် ကို ၂၀၁၅ခုနှစ် နှင့် ၂၀၂၁ခုနှစ်ကြားမှာ ခွင့်ပြုမိန့်ချထားပေးထားပြီး သက်တမ်းအရ နှစ်ပေါင်း ၂၀ ထုတ်ခွင့်ပြုထားပါတယ်။

သျှမ်းရှေ့ ရွှေသတ္တုတူးဖော်တဲ့ မြေပုံ SHRF

အလားတူပဲ ၂၀၁၅ နဲ့ ၂၀၂၀ အကြားမှာ စုစုပေါင်း ကုမ္ပဏီ ၃၀ ကို ဓာတ်သတ္တု အသေးစားထုတ်လုပ်ရန် ဧက ၁၂၀၀ ကျော် ခွင့်ပြုမိန့်ပေးထားကာ၊ ဓာတ်သတ္တု အကြီးစားထုတ်လုပ်ဖို့ ဧက ၃၄၀၀ ကျော် ချပေးထားပါတယ်။ ဒီခွင့်ပြုမိန့်တွေအရ ကုမ္ပဏီတွေက နှစ်ပေါင်း၂၀ ထုတ်လုပ်ပိုင်ခွင့်ရရှိထားပါတယ်။

ထိုဓာတ်သတ္တုတူးဖော်မှုမှာ ရွှေ၊ ကျောက်မီးသွေး၊ မင်ဂနီဒိုင်အောက်ဆိုဒ်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်းနဲ့ ကြေနီးတို့ကို တူးဖော်မှု ပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ကောက်ယူထားတဲ့ အချက်အလက်မှ သိရပါတယ်။

သျှမ်းရှေ့မှာ တရားဝင်သယံဇာတ တူးဖော်နေတဲ့ ကုမ္ပဏီ၂၀ ကျော်ရှိပြီး၊ ကျန်တာကတော့ တရားမဝင်တူးဖော်နေတာ အများကြီးပါပဲလို့ SHRF က မှ ပြောခွင့်ရ စိုင်းဟော်ရှဲန် က ပြောပါတယ်။

“ ဒီသံယံဇာတတူးနေတဲ့ကုမ္ပဏီတွေက ထိုင်း၊ တရုတ်၊ သြစတြေးလျ တွေပါမယ်။ တာချီလိတ်ခရိုင်ထဲမှာ ဧက ၁သိန်းကျော် တူးနေတယ်။ အဲ့တူးဖော်တဲ့ဆိုးကျိုးကတော့ မိုင်းယောင်း၊ တာလေ မိုင်းလင်း ဒေသခံတွေ အခက်ကြုံ လာမယ်” လို့ SHRF ရဲ့ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ဆိုပါတယ်။

တာလေမြို့နယ် နားဟိုင်းလုံ ကျေးရွာ ရွှေတူးဖော်မှုကြောင့် ချောင်ရေတိမ်ကော့သည့်ပုံ

တာချီလိတ်ခရိုင် မိုင်းလင်းကျေးရွာအုပ်စုအတွင်းမှာ ၂၀၁၇ ခုနှစ်ကတည်းက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီ ၁၁ ခု လောက်က လုပ်ကိုင်ခွင့် ရထားတယ်လို့ SHRF ရဲ့ သြဂုတ်လထုတ် အစီရင်ခံစာအရသိရပါတယ်။

သတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေထဲမှာ သြစတြေးလျ နိုင်ငံသားတွေဦးဆောင်တဲ့ Locrian Precious Metals ကုမ္ပဏီလည်းပါဝင်ပြီး ၂၀၂၀ ကနေစလို့ တာချီလိတ်မြို့ အရှေ့ ဘက် ၄၅၆ စတုရန်းကီလိုမီတာ အကျယ် အဝန်းမှာ ၅နှစ်သက်တမ်း လုပ်ကိုင်ခွင့်ရရှိထားတာဖြစ်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သျှမ်းရှေ့မှာ တူးဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ နောက်ကွယ် မှာ စစ်ကောင်စီတပ်ဖြစ်တဲ ဒေသ အရာရှိတွေ တြိဂံတိုင်း စစ်ဌာန က တာဝန်ရှိသူတွေ ပါဝင်နေကြောင်းလည်း စိုင်းဟော်ရှဲန် က ပြောပါတယ်။

လက်ရှိ သျှမ်းပြည်အရှေ့ပိုင်းမှာ တူးနေတဲ့ ကုမ္မဏီတွေက စစ်ကောင်စီကနေ တိုက်ရိုက်လုပ်နေတာတွေ ရှိသလို သူတို့အနေနဲ့ အစု ရှယ်ယာဝင်ထားတာလည်း ရှိနေတယ်လို့ SHRF ရဲ့ သြဂုတ်လထုတ် အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

သျှမ်းပြည်အရှေ့ပိုင်း ရွှေတူးဖော်မှု နောက်ဆက်တွဲ ရေကြီးရေလျှံမှု ကိစ္စ နဲ့ပတ်သက်ပြီး တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကို ဆက်သွယ်မေးမြန်း ဖို့ကြိုးစားပေမယ့် လက်ခံဖြေကြားခြင်းမရှိ ပါဘူး။

သျှမ်းပြည်အရှေပိုင်း ဓာတ်သတ္တုတူးဖော်နေတဲ့ ကုမ္ပဏီ တစ်ခု က “ ကျနော်တို့ဘက်ကတော့ ဒေသဖွံ့ဖြိုးရေး အတွက် လမ်းတွေ ပြင်ပေးတာရှိတယ်။ ရေချောင်းက နုန်းတွေကို ဆယ်ပေးတယ်။ ဒါ့အပြင် ကျနော်တို့ လုပ်ကွက်အနီး ဝန်းကျင်က နေအိမ်တွေ ရေလွှမ်းမိုးတာ နုန်းဝင်တာဆိုရင် ကျနော်တို့ လျော်ကြေးပေးပါတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပြပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အခြေအနေ

သျှမ်းပြည်မှာ သယံဇာတတူးဖော်မှုတွေကို အလွန်အကျွံတူးဖော်နေတဲ့အတွက် သစ်တော သစ်ပင်ဆုံးရှုံးမှုတွေ ဖြစ်လာပြီး၊ မိုးရွာသွန်းတဲ့အခါ ရေကို စုတ်ယူမယ့် သစ်ပင်တွေမရှိတဲ့အတွက် ရေကြီးရေလျှံမှု စတင်လာရခြင်း ဖြစ်တယ်လို့ သျှမ်းသဘာဝပတ်ဝန်းကျင် ပညာရှင် စိုင်းခေးဆိုင် က ပြောပါတယ်။

ရွှေတူးဖော်သည့် နားဟိုင်းလုံကျေးရွာအနီးရှိ သစ်တောအခြေအနေ SHRF

“ သျှမ်းရှေ့ရဲ့ ရေကြီးမှုက အရင်နှစ်တွေထက် ပိုဆိုးလာတယ်။ ရေကြီးပုံက သာမန်မဟုတ်တဲ့ပုံစံပါ။ ရေတွေက လက်ဖက်ရည်လို အရောင်ဖြစ်တော့ ဒါက သစ်တောဖြုန်းတီးမှုကြောင့်ဆိုတာ ပြောလို့ရပါတယ်။ ရာသီဥတု ဖောက်ပြန်မှုလို့ပြောလို့ရပေမယ့် သစ်တော ပြုန်းတီးမှု က အလွန်အကျွံဖြစ် တာကလည်းပါတယ်” လို့ စိုင်းခေးဆိုင် ကထောက်ပြပြောဆိုလိုက်ပါတယ်။

သျှမ်းပြည်တဝှမ်းမှာ သစ်တော ပြုန်းတီးမှုဟာ ၆၀ ရာခိုင်နှုန်းကျော် ပျက်စီးနေပြီး၊ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးမှု မရှိပါက သျှမ်းပြည်ရဲ့ အနာဂတ်ဟာ စိုးရိမ်စရာတွေဖြစ်လို့ သျှမ်းသဘာဝပတ်ဝန်းကျင် စိုင်းခေးဆိုင် ပြောဆိုချက်အရ သိရပါတယ်။

သျှမ်းပြည်အရှေ့ပိုင်းမှာ တူးဖော်နေတဲ ဓာတ်သတ္တုတွေထဲမှာ ရွှေတူးဖော်မှုဟာ အလွန်အကျွံဖြစ်ပြီး၊ ရွှေလုပ်ကွက် တွေကြောင့် တာချီလိတ်မြို့နယ်ရှိ နမ့်ခမ်းချောင်းဟာ ရွှေတူးဖော်တဲ့ စွန့်ပစ်နုန်းတွေ၊ ဓာတုဆေးရည်တွေကြောင့် ချောင်းတိမ်ကောခဲ့ရပါတယ်။

နားဟိုင်းလုံ အခြေအနေ

ဒါ့အပြင် ရွှေလုပ်ကွက်တွေရဲ့ စွန့်ပစ်နုန်းတွေကြောင့် တာချီလိတ်ခရိုင် နားဟိုင်းလုံးကျေးရွာ တစ်ရွာလုံးပျက်စီးခဲ့ရပြီး၊ တရွာလုံးနီးပါး ပြောင်းရွှေ့နေထိုင်နေရပါတယ်။

နားဟိုင်းလုံကျေးရွာ ပတ်ပတ်လည်မှာ လွန်ခဲတဲ့ ၂၀၀၇ ခုနစ်ကနေစပြီး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်မှုကို စတင်ပြုလုပ်လာတဲ့နောက် ရေကြီးရေလျှံမှု နှစ်စဥ်ပိုမိုဆိုးရွားလာခဲ့ပါတယ်။

ရွှေတူးဖော်မှုကြောင့် မိုင်းတွင်းများအပါအ၀င် ဆိုင်ယာနိုက်စွန့်ပစ်ရေကန်များမှ စည်းမဲ့ ကမ်းမဲ့စီးဆင်းလာသော စွန့်ပစ် ပစ္စည်း တွေ ချောင်းကိုပိတ်ဆို့ကာ မိုးရာသီတွင် ကမ်းပါးပြိုခြင်း ကိုဖြစ်ပေါ်စေပါတယ်။

“ ကျနော်တို့ ဘေးပတ်ပတ်လည်မှာ ရွှေတူးဖော်တာတွေလုပ်တယ်။ အဲ့ရွှေတူးဖော်တဲ့တဲ့အတွက်ကျနော်တို့ရွာလည်း ပျက်စီးလာတယ်။ တနှစ်ထက်တနှစ်ပိုဆိုးလာတယ်။ တချို့အိမ်တွေဆိုရင် နေလို့မရတဲ့အဆင့်ပဲ။ မိုးရွာတော့ ရေရော သဲတွေရာ အိမ်ထဲထိ ဒလဟောဝင်လာတယ်လေ” လို့ နားဟိုင်းလုံကျေးရွာ မှ လူငယ်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ သံယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လိုက်နာရမယ့် နည်းဥပဒေ ကို ထုတ်ထားသလို ဓာတ်သတ္တု တူးဖော်ရာမှာလည်း စွန့်ပစ်ပစ္စည်းစနစ်တကျ စွန့်ပစ်တာတွေ ဓာတုဆေးရည်တွေကိုလည်းစနစ်တကျသုံးစွဲဖို့ ထည့်သွင်း ရေးဆွဲထားပေမယ့် လက်ရှိ သျှမ်းရှေ့မှာ တူးဖော်နေတဲ့ ကုမ္ပဏီတွေက လိုက်နာမှု မရှိဘူး လို့ သျှမ်းရှေ့ သတ္တုတူးဖော်မှုကို စောင့်ကြည့်လေ့လာနေတဲ့ သူ က မှတ်ချက်ပြုလိုက်ပါတယ်။

နားဟိုင်းလုံကျေးရွာရွှေတူးဖော်သည့်နေရာ

“ ဒီမှာ တူးနေတဲ့ ကုမ္ပဏီက ရေရှည်အတွက်မကြည့်သလို၊ ရွာတွေထိခိုက်မှာကိုလည်း သူတို့က ဂရုမစိုက်တဲ့သဘောပဲ။ ထုတ်ထားတဲ့ဥပဒေတွေကို လိုက်နာဖို့ ပျက်ကွက်သလို အရေးယူမယ့်သူကလည်းမရှိဘူး။ အဓိက လက်ရှိကြုံနေရတာ နာဟိုင်းလုံကျေးရွာပေါ့” လို့ သျှမ်းရှေ့ သတ္တုတူးဖော်မှုကို စောင့်ကြည့်နေသူက ဆိုပါတယ်။

သျှမ်းပြည်ဟာ မြန်မာနိုင်ငံမှာ အကျယ်ဆုံးဖြစ်တဲ့ပြည်နယ်ဖြစ်သလို သံယံဇာတလည်း အများဆုံးထွက်တဲ့နေရာဖြစ်ပြီး စီမံကိန်း တွေမှာဆိုရင်လည်း ရေအားလျှပ်စစ်၊ ကျောက်မီးသွေး၊ သတ္တုနဲ့ ရွှေတွေ ထိထုတ်လုပ်တဲ့ ဒေသဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေလည်းအများဆုံးရှိသလို ပြည်သူ့စစ်မျိုးစုံလည်း လှုပ်ရှားကာ မြန်မာ့စစ်တပ်ရဲ့ တပ်ရင်းတွေအများဆုံးရှိတဲ့ ပြည်နယ်ပါ။

သျှမ်းပြည်အတွင်းမှာ သယံဇာတ တူးဖော်မှုတွေ အလွန်အကျွံဖြစ်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖြစ်ချိန်က သျှမ်းရှေ့ သဘာဝ သံယံဇာတ တူးဖော်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက် မရသလောက်ဖြစ်ခဲ့ကြောင်း၊ ဒါ့ကြောင့် NLD အစိုးရဘက်မှ မလုပ်ဆောင်ခဲ့သလောက်ပဲ လို့ NLD အစိုးရ လက်ထက်က သံယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင် ရေးရာကော်မတီ ဥက္ကဌ တစ်ဦးဖြစ်တဲ့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ယခင် NLD အစိုးရ လက်ထက်က သတင်းအချက်အလက်ပိုင်းနဲ့ ပတ်သက်ပြီး သျှမ်းရှေ့ပြည်သူတွေက တင်ပြတာမရှိသလို လွှတ်တော်ကိုယ်စားလှယ်အဆင့်ဆင့်ကနေပြီး သတင်းတွေတက်လာတာ အလွန်နည်းပါးကြောင်း ဦးစိုးသူရထွန်းက ဝန်ခံပြောဆိုလိုက်ပါတယ်။

“အရင်ကျနော် NLD လက်ထက်က သတင်းအချက်အလက်ပိုင်းနဲ့ပတ်သက်ပြီး ရှမ်းရှေ့က သတင်းတွေ အရမ်းနည်းတယ်။ သိတော့သိတယ်။ ခနောက်စိမ်းတွေ ရွှေတူးတာသိတယ်။ ရှမ်းရှေ့က ကျနော်တို့ အုပ်ချုပ်မှုအောက်မှာနည်းတယ်။ NLD က ကိုင်တွယ်တာနည်းတယ်။ ရှမ်းရှေ့ မပါသလောက်ပဲ။ ရိုးသားစွာ ဝန်ခံရင် မလုပ်နိုင်ဘူး” လို့ ဦးစိုးသူရထွန်းက ဆိုပါတယ်။

သျှမ်းပြည် အရှေ့ပိုင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ စစ်တပ်တွေ လွှမ်းမိုးမှုဟာ အလွန်ကြီးမားတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ သံယံဇာတ တွင်းထွက်တွေကို စည်းမဲ့ကမ်းမဲ့မထုတ်ရန် လည်း ဦးစိုးသူရထွန်းက ထောက်ပြပြောပါတယ်။

တာချီလိတ်ရေကြီးမှုဖြစ်ပွား

ဆက်လက်ပြီး သျှမ်းသဘာဝပတ်ဝန်းကျင် ပညာရှင် စိုင်းခေးဆိုင် က “ သျှမ်းရှေ့ စီမံကိန်းကတွေများတဲ့နေရာတစ်ခုပါ။ လက်နက်ကိုင်တွေရော စစ်တပ်ရော အစိုးရတွေဘက်ကလည်းလုပ်တယ်။ ဝင်ငွေရတာအလွယ်ဆုံးက သယံဇာတ ထုတ်ပြီး ရောင်းတာပဲ။ နည်းပညာနဲ့ပတ်သက်ပြီးတော့လည်း မလုပ်တတ် တော့ သယံဇာတပဲထုတ်ရောင်းကြတယ်လေ” လို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

သျှမ်းပြည် အရှေ့ပိုင်းမှာ သဘာဝပတ်ဝန်းကျင် ကိုမထိန်းသိမ်းပါက သယံဇာတ တွေကို ဆက်လက်တူးဖော်ပြီး သစ်ပင် စိုက်ပျိုးမှုကို အခုကတည်းက မလုပ်ဆောင်ပါက နောင်လာမယ့်မျိုးဆက်အတွက် ရင်လေးစရာဖြစ်လာနိုင်ကြောင်း စိုင်းခေးဆိုင်က ပြောပါတယ်။

“ အခု သျှမ်းရှေ့မှာက သစ်ပင်ကို ပြန်ပြီး စမစိုက်ရင် နောက် ၁၀နှစ်မှာ ဒီထက်ဆိုးလာနိုင်တယ်။ အစိုးရတွေကို စောင့်ရင်တော့ အခြေအနေပိုဆိုးဖို့ပဲရှိတယ်။ ကျနော်တို့တွေ နိုင်သလောက် သစ်ပင်ပြန်စိုက်ဖို့လိုတယ်။ အဓိက ရောင်းလို့မရတဲ့ အပင် တွေ စိုက်ဖို့လိုအပ်တယ်” လို့ စိုင်းခေးဆိုင်က အကြံပေး ပြောဆိုလိုက်ပါတယ်။

အခုနှစ် ရေကြီးမှုဟာ တာချီလိတ်ပြည်သူတွေရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု တခုဖြစ်လာတဲ့အပြင် သျှမ်းပြည် အရှေ့ပိုင်း မှာ သဘာဝပတ်ဝန်းကျင် ဒီလိုနှစ်စဥ် ဆိုးရွားနေပါက ဒေသခံပြည်သူတွေ အန္တရာယ်ပိုကျရောက်လာပြီး အခက်အခဲတွေ ရင်ဆိုင်ကြုံလာနိုင်ပါတယ်။

တာချီလိတ် တာလော့စျေး ရေကြီးမှု

သျှမ်းပြည် အရှေ့ပိုင်းမှာ စစ်ကောင်စီ ရဲ့ တြိဂံတိုင်းစစ်ဌာနချုပ်၊ နယ်ခြားစောင့် (BGF)တပ်ရင်း ၄ ရင်း၊ ပြည်သူ့စစ်တပ်ဖွဲ့များ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော်၊သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ ရှိသလို တာချီလိတ်မြို့မှာ လာရောက်အခြေစိုက်ပြီး စီးပွားရေးလုပ်နေတဲ့ “ဝ” သွေးစည်းညီညွတ်ရေး “UWSA” ပိုင် ဟုန်ပန်း ကုမ္ပဏီ တွေရှိပါတယ်။

စစ်ကောင်စီ ရဲ့ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း (၃၈)ခုဟာ သျှမ်းရှေ့ ကို စီးပွားရေး မဟာဗျူဟာ ကျတဲ့ ဒေသလို့ သတ်မှတ်ထားတဲ့ဒေသတခုပါ။

တာချီလိတ် တာလော့စျေးရေကြီးမှု

ဒီလိုသံယံဇာတ ပေါကြွယ်ဝတဲ့ သျှမ်းပြည်အရှေ့ပိုင်းကို စစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြား စီးပွားရေး လုပ်ငန်းရှင် တွေ ဟာ မျက်စိကျ ပြီး ရတနာသိုက်ကြီးလို့ ယူဆနေသရွှေ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ ကို ခါးစည်းခံကြရမှာပါ။

“ ကျနော်တို့ဒေသမှာ စစ်တပ်နဲ့လက်နက်ကိုင်တွေ စီးပွားရေးသမားတွေ လုပ်ချင်တိုင်းလုပ်၊ သတ္တုတွေတူးချင်တိုင်းတူး၊ သစ်ပင်တွေခုတ်ချင် သလို ခုတ်နေသရွှေ့တော့ ကျနော်တို့ ရေကြီးဒဏ်ကို ပိုပြီးခံရဖို့ပဲရှိတယ်” လို့ စိုင်းတစ်က သျှမ်းဘာသာစကားဖြင့် ပြောလာပါတယ်။

နန်းဆိုင်နွမ်၊ နန်းနောင့်နောင့် ပူးပေါင်းရေးသားသည်။

Leave a Comments

- Advertisement -spot_img

Latest article