နိုင်ငံရေး မတည်ငြိမ်းမှုကိုအခွင့်ကောင်းယူပြီး တီကျစ်ကျောက်မီးသွေး တူဖော်မှု ပြုလုပ် စိုက်ပျိုးရေး ထိခိုက်

0

မြန်မာနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး ပင်လောင်းမြို့နယ် တီကျစ်ကျောက်မီးသွေး တူးဖော်မှုကို ပြုလုပ်ကာ ဒေသခံ စိုက်ပျိုးရေး ထိခိုက်နေကြောင်း သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံတဝှမ်းတွင် စစ်အာဏာရှင် ကျဆုံးရေး အတွက် ဆန့်ကျင်ဆန္ဒထုတ်ဖော်နေရာ တဖက်တွင်လည်း နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး တီကျစ်ကျောက်မီးသွေး တူးဖော်မှုပြုလုပ်နေကြကြောင်း သိရသည်။

“ပြည်သူတွေ ရှုပ်ယှက်မှုဖြစ်ပြီးတော့ ဆန္ဒပြနေတဲ့အချိန်မှာ ကုမ္ပဏီတွေကတော့ အချိန်လုပြီး တူးနေကြတာ။ မရပ်မနား တူးကြတယ်။ သူတို့အလုပ်ပဲ သူတို့သိတယ်။ နိုင်ငံရေးဘယ်လိုဖြစ်နေတယ်၊ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေတယ်ဆိုတာ ဂရုမစိုက်ဘူး။ သူတို့စီးပွားရေးအတွက်ပဲ သူတို့သိတာ” ဟု တီကျစ်ဒေသခံ စိုင်းဆမ် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှာ နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး ကျောက်မီးသွေးကိုတူးဖော်နေခြင်း၊ လုပ်ပိုင်ခွင့် လိုင်စင် ပါမစ်မရှိဘဲ ကျောက်မီးသွေး ဆက်လက်တူးဖော်နေခြင်း ရှိနေကြောင်းလည်း တီကျစ်ဒေသခံများက ပြောသည်။

“အခုချိန်မှာ ဒါဟာသူတို့အခွင့်အရေးပဲ။ တူးနေတယ်။ ပါမစ် လိုင်စင်တွေမရှိဘဲနဲ့ ကျောက်မီးသွေးတူးတဲ့အဖွဲ့တွေလည်း တူးနေကြတယ်။ တပိုင်တနိုင်တွေ အများကြီးတူးနေတယ်” ဟု တီကျစ်ဒေသခံ မမိုးက ပြောသည်။

တီကျစ်ကျောက်မီးသွေး တူးဖော်မှုကြောင့် ပင်လောင်းမြို့နယ် အတွင်း ရေရှားပါးမှု ပြဿနာဖြစ်လာကာ စိုက်ပျိုးရေးအတွက်ထိခိုက်မှုများစွာရှိနေကြောင်း ပင်လောင်းစိုက်ပျိုးရေး လုပ်ဆောင်နေသူများက ပြောဆိုလိုက်ပါတယ်။

“ဒီဒေသအတွင်းမှာ တချို့အိမ်တွေမှာဆို အဝီစိတွင်းတူးထားတာ ပေ ၁၅၀-၁၈၀ လောက်ရှိတာတောင်မှ ရေမရှိတော့ဘူး။ နောက်တွင်းအသစ်ပြန်တူးရတာတွေရှိပါတယ်” တီကျစ်ဒေသခံ စိုင်းဆမ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

တီကျစ်ကျောက်မီးသွေးတူးဖော်မှုသည် ၂၀၀၂ ခုနစ်မှ စတင်တူးလာပြီး ၂၀၀၄-၂၀၀၅ခုနစ်တွင် ရေစတင်ရှားလာကြောင်း၊ လယ်အတွက် စိုက်ပျိုးရေး သုံးရေ မရှိတော့သည့်အတွက် စိုက်ပျိုးရေး မှီခိုရသည့် စိုက်ပျိုးရေး သမားများအတွက် ဝမ်းရေး ခက်ခဲလာကြောင်း စိုင်းဆမ် က ပြောပြသည်။

တီကျစ်ကျောက်မီးသွေးတူးဖော်မှုသည် တနှစ်ထက်တနှစ် မိုင်းတူနေသည်မှာ နက်လာသဖြင့် သဘာဝ ရေထွက်ပေါက် အားလုံး လမ်းလွှဲသွားပြီး ရေမရှိတော့သည့် အဆင့်ထိ ရောက်နေကြောင်းလည်း တီကျစ်ဒေသခံ က ပြောသည်။

“သူတို့မိုင်းကတူးတာနက်တော့ သဘာဝထွက်ပေါက်ရေတွေက လမ်းလွှဲကုန်တယ်။ သဘာ၀ ထွက်ပေါက်ရေ တွေ လေးခု၊ ငါးခု ရှိတာက လမ်းကြောင်းတွေလွှဲကုန်တာ ရေမရှိတော့ဘူး” တီကျစ်ဒေသခံ မမိုး က ပြောသည်။

တီကျစ်ကျောက်မီးသွေး တူးဖော်မှုသည် နှစ်ပေါင်း ၂၀နီးပါးရှိလာသည့်အတွက် လယ်ယာစိုက်ပျိုးရေး အသုံးပြုသည့်ရေခမ်းခြောက်လာကာ ဒေသခံများအခက်ကြုံတွေ့နေကြသည်။

“ရေမရှိတော့ စိုက်ပျိုးရေးသမားတွေက မိုင်းကစွန့်ပစ်တဲ့ရေတွေကို သွယ်တယ်။ ပြီးတော့မှ စိုက်ခင်းထဲကိုထည့်တယ်။ ထည့်တော့ ရေထဲမှာပါတဲ့ ကျောက်မီးသွေးအမှုန်အမွှား စိုက်ခင်းကိုထိတယ်” ဟု မမိုးက ထပ်လောင်းပြောသည်။

လက်ရှိကာလသည် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသွားခြင်း၊ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုဖြစ်နေသည့် အချိန်မှာ တီကျစ်ဒေသခံများသည် ကျောက်မီးသွေးတူးဖော်မှုကို ကန့်ကွက်ဆန္ဒမပြနိုင်သည့်အတွက် ကုမ္ပဏီများက အခွင့်ကောင်းယူ ကျောက်မီးသွေးတူးဖော်နေကြခြင်းဖြစ်ကြောင်း သိရသည်။

တီကျစ်ကျောက်မီးသွေးတွင်းသည် ပင်လောင်းမြို့နယ်အတွင်း တည်ရှိပြီး သျှမ်းပြည်ထဲတွင် အကြီးဆုံးကျောက်မီးသွေးတွင်း တခုဖြစ်သည်။
ကျောက်မီးသွေးတွင်းရဲ့အကျယ်အဝန်းက ၅၀၀ ဧကကျော်ရှိပြီး၊ ၂၀၀၂ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ကျောက်မီးသွေးတူးဖော်ခွင့်ရထားကြောင်းသိရသည်။

Leave a Comments