မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ပြည်သူ့ဆေးရုံ ပြန်ဖွင့်ရန် အတွက် ယနေ့ (မတ် ၄ရက်) ညနေ ၃နာရီကျော်တွင် ဆေးရုံရှေ့တွင် လာရောက်ဆန္ဒပြခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဆန္ဒလာပြသူများသည် အမျိုးသားများဖြစ်ကြပြီး၊ လူဦးရေ (၂၀)ဝန်းကျင်သာရှိပြီး၊ ထိုသူအားလုံးသည် မြန်မာစကားမပြောတက်ကြကြောင်း မူဆယ်ဒေသခံများပြောပြချက် အရသိရသည်။
ဆန္ဒပြသူများသည် “ ပြည်သူလူထု မျက်နှာထောက်ပါ” “ မူဆယ်ပြည်သူ့ဆေးရုံ အမြန်ဖွင့်လှစ်ရေး ဒို့အရေး” “ CDM လှုပ်ရှားမှု ဆရာများချက်ချင်းရပ်”ဆိုသည့် ဆိုင်းဘုတ်ကိုင်ပြီး ဆေးရုံရှေ့တွင် ရပ်ပြီး ဆန္ဒထုတ်ဖော်ကြသည်။

ဆေးရုံပြန်ဖွင့်ရေး အတွက် ဆန္ဒပြသူများကို မူဆယ်ဒေသခံများက သံပုံးတီးပြီး တန်ပြန်ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ ဒီဆန္ဒပြသူတွေ ထူးဆန်းတာက မြန်မာစကားမတက်ဘူး။ ပုံစံက ပြည်သူ့စစ်လိုမျိုးပဲ။ ရဲတွေလည်း တားဆီးတာမရှိဘူး” ဟု မူဆယ်မြို့ ဒေသခံ ကိုစိုင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုဆန္ဒပြသူများကို မူဆယ်ဒေသခံများက လူမှုကွန်ရက်စာမျက်နှာတွင် Live လွှင့်ပြီး “ ပန်းဆေး ပြည်သူ့စစ်တွေလား” ဟုမေးမြန်းရာ“ ဟုတ်ကြောင်းလည်း ” ဆန္ဒပြသူတဦးက ပြန်တုန့်ပြန်ထားကြောင်း မြင်တွေ့ရသည်။

ထို့ကြောင့် ထိုဆန္ဒပြသည့် အမျိုးသားများသည် ပန်းဆေးပြည်သူ့စစ်များဖြစ်နိုင်ပြီး၊ တချို့မှာ စစ်တပ်၊ရဲဘက်မှ ကူညီထောက်ပံ့ထားသည့်သူများဖြစ်ကြောင်းလည်း မူဆယ် ဒေသခံများက သုံးသပ်ပြောဆိုသည်။
“ ဒီဆန္ဒပြမှုကြောင့် ရုတ်ရုတ်ဖြစ်သွားတယ်။ ဒါပေမယ့် ဘယ်ရဲ၊စစ်တပ်မှ ဖြိုခွင်းတာမရှိဘူး။ ကား၃စီးနဲ့တောင် ပြန်ခေါ်ပြီး အကာအကွယ်ပေးနေသေးတယ်။ ဒါကြည့်ရင် သူတို့လူတွေပဲ” ဟု ထိုဆန္ဒပြပွဲကို မျက်မြင် မူဆယ်ဒေသခံ တဦးက ပြောသည်။
မူဆယ်မြို့ ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် စစ်တပ်မှ နိုင်ငံတော်၏ အာဏာကိုသိမ်းယူမှုကြောင့် စစ်အာဏာရှင်လက်အောက်တွင် အလုပ်မလုပ်ချင်သည့်အတွက် CDM လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။










Leave a Comments