Friday, April 26, 2024

မူဆယ်မြို့ပေါ် ပြည်သူ့စစ်များ ဘာကြောင့် ပိုများလာသလဲ

Must read

စစ်ရောင်ဝတ်စုံ အပြည့် ခါးကြားတွင် သေနတ်အသေးချိတ်ထားပြီး လက်မောင်းပေါ်တွင် သေနတ် အရှည် ကိုင်ကာ ပြည်သူများပျော်ပါးနေသည့်နေရာကို လမ်းလျှောက်လာသည်။

Photo Credit to KKG Muse- ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့တချို့

စစ်ဝတ်စုံ ဝတ်ဆင်သည့် သူများ၏ ရင်ဘတ်တွင် ပန်ဆေး ဟု စာတန်းထိုးထားကာ၊ လက်မောင်းတွင် ပြည်သူ့စစ် ဆိုသည့် နာမည် ကလည်း ထင်ရှား ပေါ်လွင်နေသည်။

ထို လက်နက်အပြည့်အစုံ စစ်သား ၄ ဦး နှင့် အတူ အမျိုးသား၂ ဦး၊ အမျိုးသမီး တဦး နှင့် အတူ လမ်းလျှောက်ကာ အများပြည်သူ ပျော်ပါးသည့် နေရာ ကို လာရောက် လည်ပတ်ကြသည်။

ထိုနေရာသည် မူဆယ်မြို့တွင် နာမည်ကြီးနေသည့် မူဆယ်မြို့ တော်ရွက်ရပ်ကွက် ရွှေလီမြစ်ဘေးတွင် ဖွင့်လှစ်ထားသည် အပန်းဖြေ ပျော်ရွှင်သည့်နေရာ တခုဖြစ်သည်။

“ ပြည်သူ့စစ်တွေ ခဏခဏလာတယ်။ အထူးအဆန်း တော့ မဟုတ်တော့ဘူး။ သေနတ်တွေနဲ့ လာတော့ ပြည်သူတွေကတော့ နည်းနည်း လန့်တာပေါ့” ဟု ရွှေလီမြစ်ဘေးတွင် လာရောက်လည်ပတ်သူများကို လုံခြုံရေးယူပေးသည့် တော်ရွက်လူငယ်အဖွဲ့ဝင် စိုင်းမြင့် က ပြောသည်။

အများပြည်သူများလာရောက်လည်ပတ်သည့် နေရာကို လက်နက် အပြည့် ဝတ်စုံ အပြည့်နှင့် လာရောက်မှုသည် ပြည်သူ့ကို ခြိမ်းခြောက်နေသည်နှင့် တူကြောင်း လည်း စိုင်းမြင့် ကဆိုသည်။

ရွှေလီမြစ်ဘေး ပြည်သူများ လည်ပတ်သည့်နေရာ တွင် စားသောက်ဆိုင်များ ဖွင့်လှစ်ထားပြီး၊ ထိုနေရာတွင် မူဆယ်ဒေသခံများ က မိသားစု နှင့် အတူ လာကြသကဲ့သို့ တချို့မှာ သူငယ်ချင်း အပေါင်းအသင်းများနှင့် လာရောက် စားသောက်ကြ စိတ် အပန်းဖြေကြသည့်နေရာ တခုဖြစ်သည်။

“ ပြည်သူ့စစ်တွေ ဝတ်စုံ လက်နက်အပြည့်ကတော့ ကျမတို့ ဒေသခံတွေ အတွက် ကြောက်စရာ မဟုတ်တော့ပေမယ့် သူတို့ လာရင်တော့ စိတ်ထဲမှာ အလိုတော့မကျဘူး။ သူတို့အလိုမကျရင် သေနတ်ကလည်း ကြောက်ရတယ်လေ။ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတယ်” ဟု ထိုနေရာတွင် စားသောက်ဆိုင်ဖွင့်သည့် အသက် ၃၀ ဝန်းကျင် အမျိုးသမီး က ရင်ဖွင့် သည်။

မူဆယ်မြို့ တွင် လှုပ်ရှားနေသည့် ပြည်သူ့စစ် အများစုသည့် တရုတ်ဘာသာ စကားကို သာ ပြောဆိုကြသည်ကို တွေ့မြင်ရသည်။

ပြည်သူများသွားလာ လှုပ်ရှားနေသည့်နေရာ၊ စားသောက်ဆိုင်များ နှင့် မြို့ တွင်းတွင် ပြည်သူ့စစ် ဝတ်စုံ နှင့် လက်နက်အပြည့် ကိုင်ဆောင်ခြင်းကို မူဆယ်ဒေသခံများက ကန့်ကွက်ကြသော်လည်း မအောင်မြင်ခဲ့ပေ။

သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် မတ်လ အစောပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း ပြည်သူ့တွေ့ဆုံပွဲ တက်ရောက်ခဲ့သည်။

ထိုပြည်သူ့တွေ့ဆုံပွဲတွင် မူဆယ်ဒေသခံများက ပြည်သူ့စစ်များ သေနတ်ဖြင့် အများပြည်သူ သွားလာနေသည့်နေရာတွင် လှုပ်ရှားနေခြင်းနှင့် ပတ်သက်ပြီး တင်ပြခဲ့သည်။

သို့သော် ထိုတင်ပြမှု နှင့်ပတ်သတ်ပြီး ထူးခြားလာခြင်း မရှိဟုလည်း မူဆယ် ဒေသခံများက ပြောဆိုသည်။

“ ကျနော်တို့ ဝန်ကြီးချုပ်တွေလာရင်လည်း တင်ပြတယ်။ ခေါက်ဆွဲ ဆိုင် ထမင်းဆိုင်ထိုင်တာက စ သေနတ်တွေခါးကြားထိုး ပြီး သွားလာနေတာ ထိန်းချုပ်ပေးပါလို့တောင်းဆိုပါတယ်။ ဒါပမေယ့် ခဏလေးပါပဲ ။ ဝန်ကြီးချုပ်ပြန်ရင် ပြန်ပေါ်လာတယ်” ဟု မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှာ ဦးသောင်းထွန်း က ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် ပြည်သူ့စစ် အဖွဲ့ပေါင်း ၁၀ ဖွဲ့ကျော် ရှိသည် ဟု လည်း သိရသည်။

ထိုထဲတွင် နာမည်ကြီးသည့် ပြည်သူ့စစ်များမှာ ပန်းဆေး ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်၊ ဝါလိုင်းပြည်သူ့စစ်၊ ကောင်းခါး ပြည်သူ့စစ် ၊မုံးပေါ် ပြည်သူ့စစ်၊ စိန်ကျော့ ပြည်သူ့စစ် တို့ လှုပ်ရှားနေသည့် နေရာ ဒေသ လည်း ဖြစ်သည်။

ပြည်သူ့စစ်များသည် တရားမဝင် မူးယစ်ဆေးဝါး ကဏ္ဍ တွင် ပါဝင်ပတ်သတ်မှုများရှိနေကြောင်းလည်း ၂၀၁၆ ခုနှစ် ထုတ်ဝေသည့် အေးရှားဖောင်ဒေးရှင်း “ မြန်မာ နိုင်ငံမှ ပြည်သူ့စစ်များ” ဆိုသည့် အစီရင်ခံစားတွင် ရေးသားထားသည်။

တချို့ ပြည်သူ့စစ်များသည် ဘိန်းမှ ထုတ်လုပ်သည့် မူးယစ်ဆေးဝါး နှင့် မက်သာအမ်ဖီတမင်း များအပါအဝင် တရားမဝင်မူးယစ်ဆေးဝါးများကို ရောင်းဝယ်ရာတွင်လည်းကောင်း၊ အခွန်ကောက်ရာတွင် လည်းကောင်း ပါဝင်သည်ဟုလည်း ယင်း အစီရင်ခံစာတွင်ရေးသားထားသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်သည် ဒေသခံ ပြည်သူ့စစ်များနှင့်အတူ တိုင်းရင်းသားလက်နက်ကို အဖွဲ့ များကို တွန်းလှန်ခဲ့သည် ဟုလည်း ဖော်ပြထားသည်။

နိုင်ငံရေးနှင့် စီးပွားရေး ဝန်းကျင် အနေအထားပြောင်းလဲမှုများနှင့် အတူတွဲကာ ပြည်သူ့စစ်များ ကြီးထွားလာမှုသည် ပြည်သူ့စစ် များ၏ စီးပွားရေး လှုပ်ရှားဆောင်ရွက်မှု ပုံစံ အသစ်များဖြစ်ပေါ်စေသည်။

ပြည်သူ့စစ် များသည် ဝင်ငွေရနိုင်သည့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နိုင်ခြင်းသည် ပြည်သူ့စစ်ပုံစံ ကို ကျယ်ကျယ်ပြန့်ပြန့် အတုူယူလုပ်ဆောင် မှုများကို ခွင့်ပြုလာသကဲ့သို့ဖြစ်သည်။

ထို့ပြင် ပြည်သူ့စစ်များအပေါ်တွင် စောင့်ကြည့် ကြီးကြပ်နိုင်မှုမှာ အကန့်အသတ် ရှိသဖြ၎င်းအတွက် ကြီးနိုင်ငယ်ညှဉ်းနှင့် တရားမဝင် စီးပွားရေး လုပ်ဆောင်မှုများတွင် ပါဝင် ဆောင်ရွက်ရန် အခွင့်အလမ်းဖန်တီးပေးသလိုဖြစ်သည် ဟုလည်း အေးရှားဖောင်ဒေးရှင်း ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

မူဆယ်မြို့နယ် အတွင်း ပြည်သူ့စစ် အဖွဲ့ဝင် နေအိမ် များ သည် ယခင်က ထက်ပိုများလာကြောင်း၊ အိမ်တိုင်းနီးပါး ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ မူဆယ်မှာ လက်ညိုးထိုး မလွှဲ အားလုံး နီးပါး ပြည်သူ့ စစ် အဖွဲ့ဝင်တွေပါပဲ။ ကိုယ်ကျိုးအတွက် ပြည်သူ့စစ် အဖွဲ့ဝင်ကြတယ်။ ကိုယ့်က အဖွဲ့ဝင် တခု မဟုတ်ရင်လည်း ဆက်ကြေး ကောက်တာ အလုပ်လုပ်ရင် ခြိမ်းခြောက်တာ ခံရတယ်လေ” မူဆယ် ဒေသခံ စိုင်းမိန်း က ပြောပြသည်။

တရားမဝင် စီးပွားရေး လုပ်ကိုင် သူအများစုသည် ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်း၊ ပြည်သူ့စစ် နာမည် ခံပါက မည်သည့် အလုပ်အကိုင် မဆို လုပ်ကိုင်ခွင့် လိုင်စင်ရကြကြောင်းလည်း စိုင်းမိန်း က ဆက်လက်ပြောပြသည်။

လက်ရှိ မူဆယ်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံ၊ မူးယစ်ဆေးဝါး ဆေးပြားများကိုလည်း လက်နက်ကိုင် တပ်ဖွဲ့ဝင်များသာ လုပ်ကိုင် ကြကြောင်း လည်း ဦးသောင်းထွန်း က ဆိုသည်။

“ မူးယစ်ဆေးဝါး၊ လောင်းကစားရုံတွေများလာတယ်။ နောက်ကွယ်မှာ လက်နက်ကိုင် တဲ့သူတွေရှိနေတယ်” ဟု ဦးသောင်းထွန်း က ပြောပြသည်။

မူဆယ်မြို့တွင် လက်နက်ကိုင် သည့် ပြည်သူ့စစ်များလာသကဲ့သို့ မူးယစ်ဆေးဝါး နှင့် လောင်းကစားရုံတွေကလည်း မူဆယ် ဒေသခံများအတွက် အန္တရာယ်ဖြစ်နေသည်။

“ မူးယစ်ဆေးဝါး လောင်းကစားရုံတွေများလာတဲ့အတွက် ခိုးဆိုးလုယက်မှုတွေကလည်း များလာတယ်။ မူဆယ် ဒေသခံတွေကတော့ နောက်ကျော မလုံဘူးလို့ခံစားနေရတယ်။ ည မိုးချုပ် ရင်လည်း လမ်းသွားလာတွေ ထွက်ဖို့ခက်တယ်” ဟု ဦးသောင်းထွန်က ပြောသည်။

မူဆယ်မြို့ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် အများပြည်သူသွားလာသည့်နေရာ တွင် လက်နက်ကိုင်ဆောင်ခွင့်နှင့် လောင်းကစားရုံများ ပိတ်ရန် အတွက် တားဆီးပေးရန် အထူးလိုအပ်ကြောင်းလည်း ဒေသခံများ က ဆိုကြပြန်သည်။

“ လုံခြံုရေး ပိုင်းကတော့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့တွေ တိုးမြင့်လိုမယ်ထင်တယ်။ သက်ဆိုင်ရာ ရပ်ကွက် မီးသတ်တွေ ရပ်ကွက်လုံခြံုရေးကို ကင်းလှည့် စောင့်ရှောက်တယ်။ လုတဲ့သူ ခိုးတဲ့သူဆိုတာက အင်အားက မျှတမှုမရှိဘူး။ အင်းအားတိုးမြင့်မှ ရမယ်” ဟု မူဆယ်မြို့ မှ ဒေသခံ စိုင်းမိန်း က ဆိုသည်။

မူဆယ်မြို့သည် နယ်စပ်ဒေသဖြစ်သည့် အလျောက် လက်နက်ကိုင်များ လှုပ်ရှားသည့်နေရာဖြစ်သည့် အတွက် မိမိ လုံခြံုရေးကို မိမိ ယူရန် ခက်ခဲကြောင်းလည်း မူဆယ်ဒေသခံများက ပြောဆိုသည်။

“ကိုယ့်ဘာသာ ကိုယ်လုံခြံုရေး လုပ်ဖို့က ခက်ခဲပါတယ်။ နယ်စပ်ဒေသဖြစ်တဲ့တွက် လက်နက်တွေလည်း ရှိတယ်။ သူတို့ကလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သတ်တဲ့အတွက် သေမထူးဆိုတော့ သက်ဆိုင်ရာ လုံခြံုရေး တိုးမြှင့် ဆောင် ရွက်မှ ရမယ်” ဟု ဦးသောင်းထွန်း ကပြောသည်။

စစ်ဝတ်စုံဖြင့် ဝတ်ဆင်ကာ သေနတ်ကို ခါးတွင် ထိုးပြီး နေရာ အနှံ့သွားနေသည့် ပြည်သူ့စစ်များ၊ လက်ညိုးထိုး မလွှဲဖွင့်ထားသည့် လောင်းကစားရုံများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကင်းစင်သည့် နယ်စပ်ဒေသမြို့ ဖြစ်ချင် ကြောင်းလည်း မူဆယ်ဒေသခံများက တိုက်တွန်း ပြောဆိုလိုက်သည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရွှေလီမြစ်ဘေး အများပြည်သူ အနားယူသည့်နေရာတွင် အရပ်ဝတ် ပြည်သူ့စစ်များ အချင်းချင်း သေနတ်အပြိုင်ဆိုင် ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article