သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ကောင်လန်းရပ်ကွက် တွင် အသက် ၄၅ နှစ်အရွယ် ရှိ စိုင်းစိုးလှိုင်းသည် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၀ ရက် ည ၈နာရီ ခွဲကျော်တွင် စိုင်းစိုးလှိုင်သည် နေအိမ်တွင် သေနတ်ပစ်ခံ ရပြီး၊ ဝဲဘက်ပါး နောက်ဖောက်ထွက် ၊ ဆီးခုံ နှင့် ဝဲဘက်ခြေ သလုံးတို့တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နမ့်လန်မြို့မှ လားရှိုးပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း လိုက်ပါ ပို့ဆောင်ပေးသည့် နမ့်လန်မြို့ မှ Dear Ranger လူမှု ကူညီရေး အဖွဲ့ မှ ဇော်ညီညီ က သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
“ မနေ့ည က သေနတ်ပစ်ခံရတဲ့ သူကို ကျနော်တို့အဖွဲ့က သွားခေါ်ပြီး လားရှိုးဆေးရုံပို့ပါတယ်။ ဒါပေမယ့် လားရှိုးမရောက်ခင် ဆုံးသွားတယ်။ လက်သည်က ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့ဆိုတာတော့ ကျနော်မသိဘူး ” ဟု ဇော်ညီညီ ကပြောသည်။
သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် စိုင်းစိုးလှိုင်ကို မည်သည့် လက်နက်ကိုင် အဖွဲ့မှ ဝင်ရောက်ပစ်ခတ်သည်ကို မသိရှိကြောင်း လည်း နမ့်လန် ဒေသခံများ ပြောဆိုချက်အရ သိရသည်။
“ သေနတ်နဲ့ပစ်တဲ့သူက သူတို့ အချင်းချင်းတွေ လည်းဖြစ်နိုင်တယ်။ မပစ်ခင်က စကားတွေပြောနေကြတယ်သေး။ နောက် အိမ်ကနေ မထွက်ခင် မှာ ပစ်သွားတာ။ အချင်းချင်းမပြေလည်လို့ သေနတ်နဲ့ ရှင်းလိုက်တဲ့သဘောပါပဲ” ဟု နမ့်လန်ဒေသခံ အမျိုးသားတဦး က ပြောပြသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန် ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ မြန်မာ တပ်မတော်နှင့် တခြား ပြည်သူ့စစ်များလည်း လှုပ်ရှားနေသည့် နေရာ တခုဖြစ်သည်။
ထိုနည်းတူ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် လည်း နမ့်လန်မြို့တွင် သျှမ်း ဗိန္ဒော ဆရာတဦး ကို အမည်မသိ လက်နက်ကိုင် ၂ ဦးက ဝင်ရောက် ပစ်ခတ်ခဲ့သည်။
သျှမ်းပြည် သီပေါမြို့နယ် အတွင်း အရပ်သားပြည်သူများကို အမည်မသိ လက်နက်ကိုင် အဖွဲ့က မကြာခဏ ဝင်ရောက်ပစ်ခတ်မှု ရှိခဲ့ပြီး ယနေ့ထိ လက်နက်ကိုင် အဖွဲ့ အမည် တိတိကျကျ ဖော်ထုတ်ခြင်းမရှိပေ။











Leave a Comments