ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ ယနေ့( သြဂုတ် ၇)ရက် နေ့လယ် ၁၂ နာရီအချိန်တွင် အခင်းဖြစ်ပွားရာနေရာသို့ အရေးပေါ် ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် အသက် ၁၄ နှစ်အရွယ်ရှိ နဝမတန်း (Grade 9) ကျောင်းသားတစ်ဦးက ကျောင်းအတွင်း သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဒေသတွင်းသတင်းဌာနအချို့၏ ဖော်ပြချက်အရ ဒုတိယကျောင်းအုပ်ကြီးတစ်ဦးအပါအဝင် ဆရာ ၃ ဦးနှင့် ကျောင်းသား ၂ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ကြောင်း သိရသော်လည်း သေဆုံးစာရင်းကို အာဏာပိုင်များက အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။
ကျူးလွန်သူကျောင်းသားသည် ပစ်ခတ်မှုအပြီး မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်းအား အရေးပေါ်အသက်ကယ်ပြုစုခြင်း (CPR) ပြုလုပ်ပေးနေကြောင်း သတင်းထုတ်ပြန်ထားသော်လည်း ၎င်းသေဆုံးသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနအပါအဝင် သတင်းဌာနအချို့က ဖော်ပြနေကြသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အခြေအနေကို ထိန်းချုပ်ရန်နှင့် စုံစမ်းစစ်ဆေးရန်အတွက် ပြည်ထဲရေးဒုဝန်ကြီး Mr. Phonlaphee Suwannachwee၊ ကျန်းမာရေးဝန်ကြီး Mr. Phatthana Phromphat နှင့် ဒုတိယရဲချုပ် Pol. Gen. Dr. Thatchai Pitanilabut တို့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဒဏ်ရာရရှိသူများကို ဦးစားပေးကုသရန်နှင့် ကျောင်းသား၊ ဆရာ/ဆရာမများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ကုစားပေးရန် အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် ကျောင်းသားများကို အနီးအနားရှိ Chanrat Wittaya ကျောင်းသို့ ရွှေ့ပြောင်းပေးထားပြီး မိဘများက လာရောက်ကြိုဆိုနေကြသည်။
ရဲတပ်ဖွဲ့က ကျောင်းဝန်းကို ပိတ်ဆို့ထားပြီး ကျူးလွန်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။













Leave a Comments