သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းတစ်ဦး မောင်းနှင်လာသည့် ကားကို တားဆီးစစ်ဆေးခဲ့သည့် တာဝန်ကျရဲတပ်သား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း စုံစမ်းသိရသည်။
မေလ ၁ရက် ည ၁၁ နာရီဝန်းကျင်ခန့် တောင်ကြီးမြို့ အိုးရှင်းဈေးဝယ်စင်တာ အနီးတွင် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ဝင်ဟောင်း မောင်းနှင်လာသည့်ကားကို စစ်ကောင်စီလက်အောက်ခံ တာဝန်ကျရဲတပ်သားက တားပြီး စစ်ဆေးနေစဉ် အချင်းချင်း စကားများကြရာကနေ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီး ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
“ည ၁၁ နာရီဝန်းကျင် အိုးရှင်းနားမှာ PNO တစ်ယောက်က ရဲကို သေနတ်နဲ့ ပစ်လိုက်တယ်။ ရဲက သူ့ကားကို တားပြီးစစ်လို့ ရန်ဖြစ်ကြရင်း ပစ်ခတ်မှုဖြစ်ကြတာ” ဟု ဖြစ်စဉ်သိရှိသူ ၄င်းအမျိုးသားက ပြောသည်။
ထိုသေနတ်ပစ်ခတ်ခံရသော ရဲတပ်သားသည် အောင်ပန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ပစ်ခတ်ခဲ့သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဟောင်းကို တောင်ကြီး မြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ထိုဒေသခံက ဆက်ပြောသည်။
“ပစ်ခံရတဲ့ ရဲကတော့ အောင်ပန်းဆေးရုံမှာ ဆေးကုနေတယ်။ ပစ်တဲ့လူကိုတော့ မြို့မရဲစခန်းမှာ ဖမ်းထားလိုက်ပြီ” ဟု တောင်ကြီးမြို့ဒေသခံ ၄င်းအမျိုးသားက ပြောသည်။
သင်္ကြန်ကာလနောက်ပိုင်း တောင်ကြီးမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို စစ်ကောင်စီလက်အောက်ခံ ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့များမှ စစ်ဆေးဖမ်းစီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်။
တောင်ကြီး-တာချီလိတ် လမ်းပိုင်း မိုင်းပွန်မြို့တွင်လည်း စစ်ဆေးရမိသည့် လိုင်စင်မဲ့ မော်တော်ကားများကို သိမ်းဆည်းနေကြောင်း ဒေသခံများထံမှ သိရသည်။
အလုပ်သင် သတင်းထောက် စိုင်းဟန်မော(ဝ်) ရေးသားသည်။












Leave a Comments