သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO) နှင်ပူးပေါင်းသည့် မြေပွဲစားများက သိမ်းယူခဲ့ပြီး အတင်းအဓမ္မ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်။
စစ်ကော်မရှင်တပ်နှင့် PNO တပ်ဖွဲ့၏ဖိအားပေးမှုကြောင့် ညောင်ဗက်ကျေးရွာမှ အိမ်ခြေ၂၀၀ကျော်သည် ယခုနှစ် မေလကုန် တွင် အပြီးပြောင်းရွှေ့ရန် ဖိအားပေးခဲ့သောကြောင့် ဟိုပုံးမြို့နယ် ဘုရားဖြူဘက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။
ပြောင်းရွှေ့ခဲ့သောမြေနေရာသည် အစားထိုးပြန်ပေးသည်ဟု ဆိုသော်လည်း မြေကွက် ပေါက်ဈေးအလိုက် ငွေကြေးပြန်ပေးပြီး နေထိုင်နေကြကြောင်း နှင့် မြေသိမ်းခံရသော ဒေသခံများအတွက် ယနေ့ချိန်အထိ တရားမျှတမှု မရရှိသေးကြောင်း မြေယာသိမ်းခံရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ မြေတွေကို PNOနှင့် မြေပွဲစားတွေက လုပ်စားကြတာ ဒေသခံတွေက အာဏာမှ မရှိပဲ ခံရတာပေါ့၊ သူတို့အစားထိုးပေးတဲ့ မြေနေရာလည်း ပေါက်ဈေးအလိုက် ပြေပေးပြီးနေရတယ်၊ ဒီကိစ္စက လက်နက်ကိုင်တွေနဲ့ ဆက်စပ်နေတော့ ဘယ်သူမှ မလုပ်ပေးရဲကြဘူး တရားမျှတမှုဆိုတာလည်း ဒီအခြေအနေနဲ့ မရနိုင်လောက်ဘူး။” ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြေနေရာ အစားထိုးပေးသော်လည်း ငွေကြေးပေး၍ နေသူများလည်း ရှိပြီး ငွေကြေးတတ်နိုင်သူများက မြို့ပေါ်သို့ အပြီးပြောင်းရွှေ့နေထိုင် နေကြကြောင်း အဆိုပါ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ မြေယာများကို တရားမျှတမှုများ မရရှိသည့် ကြားမှ ဒေသခံများ၏ စိုက်ခင်းများသည်လည်း သဘာဝဘေးဒဏ်နှင့် ပေါင်းသတ်ဆေးမှားယွင်းသုံးစွဲမိသောကြောင့် ပျက်စီးကာ အရင်းနှီးပင် မရသည့်အထိ ဆုံးရှုံးမှုများရင်ဆိုင်နေရသည်။
“ဒီနှစ်တော့ အိမ်တွေ မြေတွေအသိမ်းခံရတဲ့ အပြင် စိုက်ထားတဲ့ ပြောင်းခင်းလည်း အကုန်သေသွားတယ်၊ ပြောင်းပေါင်းသတ်ဆေးကြောင့် ပြောင်းပင် ပုတ်ပြီး သေကုန်တာ တစ်ရွာလုံးနီးပါးပဲ ဆေးကုမ္ပဏီကလည်း တောင်သူတွေပဲ အပြစ်ပုံပြီးပဲ ပြောသွားတယ်၊ ပြန်လျော်ပေးမယ်ဆိုတာ မရှိဘူး။”ဟု ၎င်းအမျိုးသား က ဆက်ပြောသည်။
ထို့အပြင် သဘာဝဘေးဖြစ်သည့် ရေဘေးကြောင့် ပြောင်းခင်းများ ပြိုလဲ ပျက်စီးကုန်သောကြောင့် ပြောင်းစိုက် တောင်သူများ အရှုံးပေါ်နေကြသည်။
မြေယာအသိမ်းခံရသည့် ကြားမှ နေအိမ်များ ဖျက်သိမ်းရန် တစ်အိမ်လျှင် ကျပ်ငါးသိန်းကို PNOနှင့် မြေပွဲစားကို ပေးဆောင်လိုက်ရသေးကြောင်း အဆိုပါ အမျိုးသားက ပြောသည်။
လွန်ခဲ့သည့် ၁၉၉၂ ခုနှစ်တွင် ဟိုပုံး-လွိုင်လင် လမ်းမကြီးမှ မြေဧက နှစ်သောင်းနီးပါးကို စစ်တပ်မှ သိမ်းဆည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စစ်ကော်မရှင်မှ ပအိုဝ်းပြည်သူ့စစ် (PNO) မှတစ်ဆင့် ဒေသခံများထံသို့ လွှဲပြောင်းခဲ့သော်လည်း ပအိုဝ်းပြည်သူ့စစ် (PNO) က ဒေသခံများကို မပေးဘဲ ပွဲစားများနှင့် အကွက်ရိုက်ရောင်းချ မှုများ ရှိခဲ့သည်ဟု သိရသည်













Leave a Comments