စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။
ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့် စစ်ကော်မရှင်တပ် နှင့် PNO က အတင်းအဓမ္မ စစ်မှုထမ်းကောက်ယူမှုကြောင့် လူငယ်များ အခြားဒေသသို့ ရွှေ့ပြောင်းနေထိုင်နေရသည်။
ထို့ကြောင့် စပါးစိုက်ပျိုးမှုသည် ကျဆင်းလာပြီး ဝင်ငွေများလည်း မရှိသည့်ကြား ခေါင်းစဉ်မျိုးစုံတပ် ငွေကြေးကောက်မှုကြောင့် စိတ်ဒုက္ခရောက်နေကြကြောင်း ပုံးအင်းဒေသ စပါးစိုက်ပျိုးသည့် တောင်သူတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ လ ကမကုန်သေဘူး စစ်မှုထမ်းကြေးတွေ၊ ပအိုဝ်းပြည်သူ့စစ်ကို ပေးရမဲ့ငွေတွေက အသင့်ပြင် ထားရတယ်။လတိုင်း ခေါင်းစဉ်တွေ အမျိုးမျိုးနဲ့ ပေးနေရတယ်။ ဘယ်တပ်ဖွဲ့မှ တောင်သူတွေ အခက်အခဲကို မကြည့်ဘူး။ သူတို့လိုချင်တဲ့ငွေပဲကောက်နေကြတာ” ဟု ၎င်းတောင်သူက ဆိုသည်။
လက်ရှိ စစ်ကော်မရှင်တပ်နှင့် PNO တို့သည် စစ်မှုထမ်းကြေး၊ လုံခြုံရေးစရိတ်၊ ပညာရေးကြေး၊ သာသနာရေးဆိုင်ရာ ငွေကြေး၊ ကက္ကူဘုရားပွဲဆိုင်ရာ ငွေကြေး၊ဘောလုံးပြိုင်ပွဲကြေး၊ ဆရာ၊ ဆရာမ ဝန်ထမ်းကြေးစသည့် ခေါင်းစဉ်များဖြင့် လစဉ်ကောက်ခံနေကြောင်း သိရသည်။
အဆိုပါ ခေါင်းစဉ်အမျိုးမျိုးဖြင့် တစ်နှစ်အတွင်း ပေးဆောင်ရသည့် ငွေကြေးစုစုပေါင်းမှာ အနည်းဆုံး ကျပ်ငွေ ၄ သိန်း မှ ၅ သိန်းခွဲဝန်းကျင်အထိ ရှိနေကြောင် ပုံးအင်းဒေသခံများကပြောကြားသည်။
“ဝင်ငွေမရှိဘဲ ထွက်ငွေပဲရှိတယ်။ အရမ်းများတော့ တောင်းရင်ပေးလိုက်ရတာပဲ။ မပေးလည်း မရဘူး ကြောက်ရတယ်။ အခုဆိုရင် ခေါင်းစဉ်တပ်ပြီး ကောက်လာတာပိုများလာတယ်” ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဉီးက ပြောသည်။
ထို့ပြင် စိုက်ပျိုးမှု တနှစ်ထက် တနှစ်ခက်ခဲလာခြင်းနှင့် စစ်ကော်မရှင်တပ်နှင့် PNOတပ်တို့၏ အတင်းအဓမ္မစစ်မှုထမ်း ကောက်ယူမှုကြောင့် လူငယ်များသည် ပုံးအင်းဒေသ၌ မနေထိုင်ရဲတော့ကြောင်း အခြားဒေသသို့ ရွှေ့ပြောင်းလုပ်ကိုင်ပြီး ဝမ်းရေးကို ဖြေရှင်းနေရသည်။
“အခု ပုံးအင်းမှာဆိုရင် လူကြီးတွေပဲကျန်တော့တယ်။လယ်စိုက်တဲ့ သူတွေကလည်း မရှိတာနဲ့ နောက် ကုန်စျေးနှုန်းတက်လို့ စပါးစိုက်တာနဲ့ ပြန်ရတဲ့ငွေက အမြတ်မရှိ ရှုံးတော့ ဘယ်သူမှ မစိုက်ချင်တော့ဘူး” ဟု တောင်သူ အမျိုးသမီး က ဆိုပြန်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မှ ၂၀၂၆ ခုနှစ်အတွင်း စပါးဈေးနှုန်းများ ကျဆင်းခြင်း၊ စိုက်ပျိုးရေး ကုန်ကျစရိတ် မြင့်တက်ခြင်းတို့ကြောင့် တောင်သူများ ဝင်ငွေလျော့နည်းနေပြီး စိုက်ပျိုးရေးကိုသာ အဓိက မှီခိုနေရသည့် ပုံးအင်းဒေသတွင် မိသားစုစားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း ပုံးအင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“ပုံးအင်းဒေသမှာ စိုက်ပျိုးရေးကလွှဲပြီး အလုပ်အကိုင်သိပ်မရှိဘူး။တချို့ကြတော့ရှိတဲ့ နေ့စားအလုပ် လိုက်လုပ်နေရတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေဆို ဆေးကုဖို့တောင် ပိုက်ဆံမရှိဘူး။ ကလေးအတွက် ပညာရေးကလည်း မကောင်းဘူး။ ဒီ ၄ ၊ ၅နှစ် အတွင်းမှာ ပြည်သူတွေ အရမ်းကြပ်တည်း လာတာကို မြင်ရတယ်။မြင်တွေ့နေရတာ တကယ်စိတ်မကောင်းစရာပါပဲ” ဟု ပုံးအင်းဒေသခံ အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
ပြည်သူများ၏ စားဝတ်နေရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲ ကြုံတွေ့နေသည့် အခြေအနေတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် ငွေကြေးပေးဆောင်နေရခြင်းသည် ပြည်သူများအတွက် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကို ပိုမိုကြီးမားစေကြောင်း ၎င်းက ဆက်ဆိုသည်။
ထို့အပြင် ဝင်ငွေမလုံလောက်ခြင်း နှင့် အသက်မွေးဝမ်းကျောင်း အခက်အခဲများကြောင့် လယ်ယာမြေများကို စွန့်ပစ်ထားရပြီး၊ဒေသခံအများမှာ အလုပ်အကိုင်ရှာဖွေရန် အခြားဒေသ နှင့် ပြည်ပနိုင်ငံသို့ ထွက်ခွာလုပ်ကိုင်နေကြကြောင်း ဒေသခံများကပြောသည်။











Leave a Comments