မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြုလုပ်သည့် ၎င်းတွေ့ဆုံပွဲတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားသည်။
ယခုတွေ့ဆုံမှုသည် ပြီးခဲ့သည့် (သြဂုတ်လ ၁၉ ရက်)က ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (HLC) ၏ နောက်ဆက်တွဲဖြစ်သည်။
၎င်းခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်စပ်ကို ဖြတ်ကျော်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များထံ စီးဝင်နေသည့် လက်နက်လမ်းကြောင်းများကို ဖြတ်တောက်ပေးရန် ထိုင်းစစ်ဘက်ကို အဓိက တောင်းဆိုခဲ့သည်။
အလားတူပင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည်လည်း ၎င်း၏ ထိုင်းခရီးစဉ်အတွင်း လက်နက်လမ်းကြောင်း ဖြတ်တောက်ရေးကို ထိုင်းအစိုးရထံ တိုက်တွန်းခဲ့ဖူးသည်။
အထူးသဖြင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နှင့် ကရင်ပြည်နယ် မြဝတီ-မဲဆောက် နယ်စပ်ဒေသများတွင် အကြီးအကျယ် ဖြစ်ပွားနေသော ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပါဝင်ပတ်သက်သူ ၉၉ ရာခိုင်နှုန်းကျော်သည် တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာသူများဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောကြားခဲ့သည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် ရာဇဝတ်ဂိုဏ်းများကို ဟန့်တားရန် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါး၊ ထိန်းချုပ်ဓာတုပစ္စည်းများ၊ လက်နက်ခဲယမ်း မှောင်ခိုမှုများ တားဆီးရေးအပြင် နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်လည်ပတ်နိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
သို့သော်လည်း လက်တွေ့မြေပြင်တွင် ကျားဖြန့်ဂိုဏ်းများသည် သျှမ်းပြည်မြောက်ပိုင်းမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်း တာချီလိတ်မြို့များအထိ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာနေကြောင်း စုံစမ်းသိရှိရသည်။
စစ်ကော်မရှင်၏ ဝါဒဖြန့်သတင်းစာများအရ ၂၀၂၆ ခုနှစ် ၈ လတာကာလအတွင်း သျှမ်းပြည်တစ်ခွင်တွင် ကျားဖြန့်နှင့် ဆက်စပ်၍ ဖမ်းဆီးရမိသူ ၂,၄၀၀ ကျော် ရှိလာကြောင်း သိရသည်။
ယခင်က ကိုးကန့်၊ ဝ နှင့် မိုင်းလားဒေသများတွင်သာ အခြေစိုက်ခဲ့သော်လည်း ယခုအခါ သျှမ်းတောင်ရှိ ကွန်ဟိန်း၊ လဲချား၊ နမ့်စန်နှင့် သျှမ်းအရှေ့ တာချီလိတ်မြို့များသည် ကျားဖြန့်ဂိုဏ်းများ၏ ခိုလှုံရာ ဗဟိုချက်သစ်များ ဖြစ်လာနေသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂၀၂၅ ခုနှစ် မတ်လတွင် ကျားဖြန့်များကို အမြစ်ပြတ်ရှင်းလင်းပြီးပြီဟု ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် ထိုကြေညာချက်မှာ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်နေကြောင်း သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းဆိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျားဖြန့်ခြံဝင်းကြီးများကို အခိုင်အမာ တည်ဆောက်လည်ပတ်နိုင်ခြင်းမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့အချို့၏ အကာအကွယ်ပေးမှု သို့မဟုတ် အကျိုးအမြတ်ခွဲဝေမှုများကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
လက်ရှိတွင် ကျားဖြန့်ဂိုဏ်းများသည် Starlink ကဲ့သို့သော အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ လုပ်ငန်းလည်ပတ်နေကြသည်။
အဆိုပါပြဿနာသည် ယခင်က ဘိန်းနှင့် စိတ်ကြွဆေးပြား မှောင်ခိုလုပ်ငန်းများကဲ့သို့ပင် ပုံစံပြောင်းလဲကာ နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးနှင့် လူကုန်ကူးမှုပြဿနာများကို ပိုမိုဆိုးရွားစေလိမ့်မည်ဟု ဒေသခံများနှင့် သျှမ်းနိုင်ငံရေးသုတေသီများက စိုးရိမ်နေကြသည်။













Leave a Comments