သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ အထိနာခဲ့ရသည်ဟု ဒေသခံများ ပြောပြချက်အရသိရသည်။
အလားတူ ဩဂုတ်လ တတိယပတ်တွင်လည်း ရွာငံမြို့နယ် မြိုင်ကျေးရွာအနီး ငုတ်ချောင်း ကျေးရွာ နှင့် ထမင်းပေါင်းကျေးရွာ တောင်ဘက်တွင် တော်လှန်ရေးတပ်နှင့် စစ်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ကျေးရွာအတွင်း စစ်တပ်မှတပ်စွဲထားပြီး ဒေသခံများကို အသွားအလာ ကန့်သတ်ကာ စစ်ဆေးမှုတင်းကျပ်နေကြောင်း ရွာငံ ဒေသခံ အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အရင်ကတည်းက စစ်တပ်က စစ်ဆေးတင်းကျပ်တယ်၊ အခုတော့ ပိုတင်းကျပ်လာတယ် ရွာထဲမှာ လူစုလူဝေးတောင် ပေးမလုပ်ဘူး၊ သူတို့က စောင့်ကြည့်နေတာ ဘာမှမလုပ်ထားလည်း ရွာသားတွေကို ဖမ်းတယ်၊ ကိုယ်အိမ်နဲ့ ကိုယ်တောင် မလုံခြုံဘူး၊ တိုက်ပွဲဖြစ်ရင် ရွာတွေကို ပြာချမယ်လို့ စစ်တပ်ဘက်က ပြောထားတာ ရှိတော့ ကြောက်ရတယ်၊ လေယာဉ်တွေနဲ့ ကြဲမှာကြောက်တယ်။”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ (၁၆) နေ့တွင်လည်း ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စု၊ အလယ်ချောင်ကျေးရွာ အုပ်စုနှင့် ဘုရားကြီးကုန်း အုပ်စုတို့ကို စစ်တပ်က ပြောင်းရွှေ့ခိုင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်လျှင် တိုက်ပွဲဖော်ဆောင်မည်ဟု စစ်တပ်က ပြောခဲ့သည်ဟု ၎င်းအမျိုးသားက ထပ်လောင်း ပြောသည်။
စစ်ကော်မရှင်တပ်သားများသည် အရပ်ဝတ်ဖြင့် ကျေးရွာအတွင်း ကင်းလှည့်စောင့်ကြည့်ခြင်းနှင့် တော်လှန်ရေးနှင့် ဆက်စပ်သူဟု သံသယရှိသူများကို ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့ပေါ်နဲ့ နီးတဲ့ ရွာတွေဘက်တော့ ဖမ်းခံရတာ သိပ်မရှိဘူး၊ တောစပ်နဲ့နီးပြီး မြို့နဲ့ မနီးတဲ့ ရွာတွေက ပိုပြီးဖမ်းခံရ ၊ ရိုက်ခံရတယ် လူမသိသူမသိ ဖမ်းဆီးခံရတာမျိုးလည်း ရှိတယ်၊ စစ်တပ်က စစ်ကြောင်းဝင်ရင် အမျိုးသားတွေကို ဖမ်းတယ်၊ အရိုက်လည်း ခံရတယ် ဖမ်းပြီး ထမင်းလည်း မကျွေးဘူး၊ ပိုက်ဆံနဲ့ လိုက်ရွေးမှ လွှတ်ပေးတာမျိုးလည်း ရှိတယ်။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်ဖမ်းဆီးခံရသော ဒေသခံအများစုမှာ ရွာငံမြို့နယ် ဆတ်ခြံ၊တောင်ဦး ကျေးရွာ၊ ထမင်းပေါင်းကျေးရွာ၊ ကျောက်တောကျေးရွာ၊ ငွေတောင်ကျေးရွာ၊ သဖန်းပင်ကျေးရွာ နှင့်ကျောက်တော ကျေးရွာတွင် အများဆုံးဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
ယခုလက်ရှိ ရွာငံမြို့နယ်တွင် စစ်တပ်မှ ကျေးရွာအများစုတွင် အထိုင်ချတပ်စွဲထားပြီး စစ်ကြောင်းထိုးခြင်းနှင့် ဒေသခံများကို ညဘက် (၈) နာရီကျော်အချိန်တွင် သွားလာမှု ကန့်သတ်ထားသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်တွင်လည်း သျှမ်းတောင် ရွာငံမြို့နယ်နှင့် မန္တလေးတိုင်း သာစည်မြို့နယ် ကြားတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(DPLA/DPLF) တို့ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ (၂၀)ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိသည်ဟု သိရသည်။













Leave a Comments