Saturday, April 27, 2024

သီပေါ-ကျောက်မဲ ကျင်သီတံတား ယာယီပြန်တည်ဆောက်

Must read

သျှမ်းပြည် သီပေါမြို့ နှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတားကို ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ရန် အတွက် ယာယီတံတား ဆောက်လုပ်နေကြကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် သီပေါမြို့နှင့် ကျောက်မဲမြို့ ကြားရှိ ကျင်သီတံတားကို ယာဉ်ငယ်များသွားလာ အသုံးပြုနိုင်ရန် မတ်လ ၂၅ ရက်တွင် ဒေသခံများက ယာယီတံတားကို ပြန်လည် တည်ဆောက်နေကြကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသားတစ်ဦး က‌သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ရက်တွေက ပြည်သူနဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို ညှိရတာပေါ့။အရင်က ဆိုင်ကယ်လောက် ပဲသွားလို့ရတယ်။ ပြည်သူတွေကတော့ ကိုယ်ထူကိုယ်ထ လုပ်ရတာပေါ့။သူတို့ အဲ့တံတားကို လုပ်နေတာလည်း ၁ ရက် ၂ ရက်ရှိပါပြီ။ တံတားကတော့ ယာယီဆိုတော့ သစ်သားနဲ့လုပ်တာပေါ့။ အချင်းချင်း ကူညီပြီးတော့ လုပ်ကြတာပေါ့“ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကားကြီးများတွဲကားများသည် ကျောက်မဲ – လားရှိုး ပြည်ထောင်စုလမ်းမပြီးကို အသုံးမပြုနိုင်သေးဘဲ နောင်ချိုမြို့မှ တဆင့် ရပ်စောက် – ကျောက်ဂူ – နမ့်လန် – မိုင်းရယ် လမ်းကို အသုံးပြုနေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်းတွင် TNLA တပ်ဖွဲ့မှ ကျောက်မဲ – သီပေါ ကျင်သီတံတားကို ဗုံးခွဲဖျက်ဆီးခဲ့သည်။

မတ်လ ၁၃ ရက်‌တွင်လည်း TNLAက သီပေါမြို့ နှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတားကို သွားလာခွင့် ယာယီပိတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article