Friday, April 26, 2024

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မိုင်းကျက်ဒေသတွင် အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အရှေ့ဘက်မိုင် ၆၀ ခန့်အကွာရှိမိုင်းကျက်ကျေးရွာအုပ်စုအတွင်း မိုင်းလုံကျေးလက်ဒေသခံ အသက် ၃၀ ကျော် ရွာသူတဦး  ကြိုးဆွဲချ မိမိကိုယ်ကိုအဆုံးစီရင် လိုက် ကြောင်းသိရသည်။

ဩဂုတ်လ ၂၇ ရက်မနက်ပိုင်း ဘုန်းကြီးကျောင်းတွင်သီလဆောက်တည်ပြီး အိမ်ပြန်လာသော မိခင် ဖြစ်သူက ၎င်း၏ သမီးဖြစ်သူ နန်းလောဝ်ခမ်းအား မီးဖိုချောင်အတွင်းလည်ပင်းတွင် ကြိုးကွင်းစွပ် ဆွဲချကာ သေဆုံးနေသည်ကိုတွေ့ရကြောင်း၊  ကြိုးဆွဲချရခြင်းအကြောင်းရင်း မသိရကြောင်း မိုင်းကျက်ဒေသခံ စိုင်းခမ်းစိုင်းက သျှမ်းသံတောဆင့်အားပြောပြသည်။

 “အကြောင်းရင်းအတိအကျမသိရသေးပေမယ့် သူကြိုးဆွဲချချိန်မှာ သူ့အမေလည်းမရှိဘူး။ သူ့သား ကိုယ်ရင်ငယ်လည်းဘုန်းကြီးကျောင်းမှာလေ။ သူ့အမျိုးသားက သူနဲ့ကွဲနေတော့ တခြားမှာသွားနေတာ။ သူစိတ်ကျရောဂါခံစားနေရတာ။ အရင်ကလည်းသူတခါ ရေတွင်းထဲခုန်ချဖူးတယ်။အမျိုးတွေက အချိန်မှီလာတွေ့လို့ သူမသေတာ။” -စိုင်းခမ်းစိုင်းက ပြောသည်။

၎င်း၏အလောင်းအား ထိုနေ့တွင်ပင် သဂြိုဟ်ခဲ့ပြီး သေမှုသေခင်းနှင့်ပတ်သက်၍ မိုင်းကျက်အခြေစိုက် ရဲ၊ ပြည်သူ့စစ်တို့မှလည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း  မိုင်းကျက်ဒေသခံစိုင်းဝုန်း ကပြောသည်။

“သူ့အိမ်နဲ့ ရဲစခန်း ပြည်သူ့စစ်စခန်းနဲ့နီးနီးဘဲ။ ဘာမှအရေးယူပေးတာမခံရပါဘူး။ ကျနော်တို့မိုင်းကျက်က လမ်းပန်းဆက်သွယ်ရေးလည်းခက်ခဲတော့ ဌာနဆိုင်ရာက မလာချင်ကြဘူး ။ ဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုလည်းပုံမှန်မရခဲ့ဘူးလေ။ တဖက်ကလည်း ပိုက်ဆံမရှိရင် ဆေးကုနိုင်ဖို့ကမလွယ်ဘူး။ ပိုက်ဆံကလည်းရှာရခက်တာကိုး။ ပေးရမယ့်အဖွဲ့အစည်းကလည်းများတော့ ထမင်းနပ်မှန်အောင်စားနိုင်ဖို့အနိုင်နိုင်ပါ – ဟု စိုင်းဝုန်းကပြောသည်။

ကြိုးဆွဲချသေဆုံးသူ နန်းလောဝ်ခမ်းသည် မိုင်းကျက်ဒေသခံ လုံးဆုပညာ ၊ ပါယွန်းတို့၏ သားသမီး ၃ ဦးအနက်အငယ်ဆုံး သမီးဖြစ်ကြောင်း၊ ၎င်း၏ အဘိုးဖြစ်သူ ခွန်လွယ်နန္ဒာမှာ သိန္နီစော်ဘွားမျိုးနွယ် မှလာသော မိုင်းကျက်မြို့စားဖြစ်ကြောင်း သိရသည်။

မိုင်းကျက်ဒေသသည် လားရှိုးမြို့အရှေ့ဘက်  မိုင် ၃၀ ကျော်ဝေးသော မိုင်းယော်မှတဆင့် မိုင် ၃၀ ခန့်ထပ်မံခရီးဆက်ရကြောင်း၊ သံလွင်မြစ်အနီးတွင်တည်ရှိကြောင်း ၊ ရဲစခန်း၊ တပ်မတော်စခန်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့စခန်းတို့ စခန်းချလှုပ်ရှားထိန်းချုပ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article