ရွှေ့ပြောင်း စက္ကူလေယာဉ်မင်းသား ထိုင်းနိုင်ငံသားကတ်ရရှိရေး ၀န်ကြီးချုပ်ဟောင်းအဘိဆစ် ထောက်ခံချက်ပေး

0

ဂျပန်နိုင်ငံ စက္ကူလေယာဉ်ပစ်ပြိုင်ပွဲတွင် အနိုင်ရရှိကာ ထိုင်းနိုင်ငံအတွက်ဆုများရရှိလာသည့် ထိုင်းနိုင်ငံရောက် သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားမိဘ ၏သား စိုင်းမောင်ထောင်းဒီးအား ထိုင်းနိုင်ငံသား မှတ်ပုံတင် ရရှိရေးအတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ အပါအဝင် အစိုးရအဖွဲ့ဝင် ၀န်ကြီးဟောင်းများ က ထောက်ခံ စာများထုတ်ပေးလိုက်သည်။

ထိုင်းကျောင်း သား များကိုယ်စား ဂျပန်နိုင်ငံ
စက္ကူလေယာဉ်ခေါက် ပစ်ယှဉ်ပြိုင်ပွဲဝင် အနိုင်ရခဲ့သည့် စိုင်းမောင်ထောင်းဒီး နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဘိဆစ် ဝေ့ချာချီဝ

သြဂုတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရချားထိပတ် ပါတီခေါင်းဆောင် မစ္စတာ အဘိဆစ်ဝေ့ချာချီဝ က – စိုင်းမောင် ထောင်းဒီးသည် ထိုင်းနိုင်ငံ နာမည်ကောင်းရရေးအတွက် အမှန် တကယ်ပြုလုပ်ပေးခဲ့သူဖြစ်ကြောင်း – ထိုင်းနိုင်ငံဝန်ကြီးချုပ် အဘိစစ်ထံ ထောက်ခံစာပေးပို့ခဲ့သည်။

အခု ၀န်ကြီးချုပ်ဟောင်းအဘိဆစ်က ကျနော် နိုင်ငံသားဖြစ်ခွင့်ရရေးအတွက် ထောက်ခံစာပေးပါတယ်။ တခြားသော ၀န်ကြီးဟောင်းတွေ လည်း ကိုယ်ရေးအနေနဲ့ လည်းထောက်ခံပေးကြပါတယ်။ ထိုင်းနိုင်ငံသားဖြစ် ခွင့်ရရေး အတွက် အချက်အလက်တွေ မပြည့်စုံသေးလို့ပါ။ ဘယ်တော့ရမလဲတော့မသိပါဘူး- ဟု စိုင်းမောင် ထောင်းဒီး က သျှမ်းသံတော်ဆင့်အားပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် မူလတန်းကျောင်းသားဘဝက စိုင်းမောင်ထောင်းဒီးသည် ထိုင်းကျောင်း သား များကိုယ်စား ဂျပန်နိုင်ငံသို့သွားရောက်ကာ စက္ကူလေယာဉ်ခေါက် ပစ်ယှဉ်ပြိုင်ပွဲဝင် အနိုင်ရရှိခဲ့သည်။ စိုင်းမောင်ထောင်းဒီး သည် ထိုင်းနိုင်ငံအတွက် ဆုများရယူပေးသဖြင့် ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ထိုစဉ်ကတည်းက အစိုးရဖြစ်ခဲ့သည့် ၀န်ကြီးချုပ်အဘိဆစ်ဝေ့ချာချီဝ က ပြောဆိုကတိပေးခဲ့သည်။ သို့သော်လက်ရှိတွင် ၁၀ နှစ်ကြာပြီဖြစ်သော်လည်း ထိုင်းနိုင်ငံသားမှတ်ပုံတင်ရရှိရေးအတွက် စိုင်းမောင်ထောင်းဒီနှင့် ၄င်း၏ ဆရာ ဆရာမ များက ကြိုးစားနေဆဲဖြစ်ပါသည်။

စိုင်းမောင်ထောင်းဒီးသည် လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပုဂ္ဂလိက ရုပ်သံလိုင်းတခုတွင် မောင်းသူမဲ့ ဒရုန်း ယာဉ် မောင်း နည်းပြအဖြစ် အချိန်ပိုင်းအဖြစ်တာဝန်ထမ်းဆောင်ကာ မိဘများ၏လုပ်ငန်းကိုင်ငန်းဖြစ်သော ဆောက် လုပ်ရေး (ကော်ဆန့်) ရွှေ့ပြောင်းအလုပ်သမားအဖြစ်နေ့စဉ်ဝင်ငွေရှာနေသူတဦးဖြစ်သည်။ တဖက်တွင် လည်းကျောင်းပြင်ပ ပညာရေးစနစ် (ကောဆော်နော)တွင် အထက်တန်း ဖြေဆိုရန်ကြိုးစားနေပါသည်။

မူပါဘောလုံးအဖွဲ့တွေ ထိုင်းနိုင်ငံသားကဒ်ရရှိတာ ကျနော်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဖြစ်စဉ်ချင်းမတူဘူးလေ။ ဘာဘဲဖြစ်ဖြစ်ကျနော့ကိုထောက်ခံချက်ပေးတဲ့ ကျနော့ကိုအားပေးတဲ့ဆရာ၊ ဆရာမတွေ လူကြီးတွေကို ကျေးဇူးတင်ပါတယ်။- ဟု စိုင်းမောင်ထောင်းဒီးကပြောသည်။

၁၀ ရက်ကြာ ဂူတွင်းပိတ်မိခဲ့ဖူးသည့် ထိုင်းနိုင်ငံ မယ့်ဆိုင်မြို့က မူပါဘော်လုံးအသင်းကျောင်းသား ၁၃ ဦးအနက် နိုင်ငံသားမဖြစ်သေးသည့် ၄ ဦးအား ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က ချင်းရိုင်းခရိုင် အစိုးရအာဏာပိုင်က ထိုင်းနိုင်ငံသားကတ်ပေးအပ်ခဲ့သည်။ အဆိုပါ ကျောင်းသား ၄ ဦးနှင့်အတူ နိုင်ငံသားဖြစ်ခွင့်ရှိသူ သက်သေအထောက်အထားများနှင့်ပြည့်စုံသော ကလေးငယ်စုစုပေါင်း ၃၀ ဦးအား နိုင်ငံသားလက်မှတ်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here