Saturday, April 27, 2024

နမ္မတူ (ဒုဋ္ဌဝတီ) မြစ်ပေါ် တည်ဆောက်မည့် ရေကာတာများ အမြန်ရပ်ဆိုင်းသင့်

Must read

နမ္မတူမြစ်ပေါ် တည်ဆောက်မည့် ရေကာတာများရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသော်လည်း ဆက်လက် ဆောင်ရွက်မှုများရှိနေသဖြင့် ဒေသခံများက စိုးရိမ်မှု ရှိနေကြသည်။


နမ္မတူမြစ်ပေါ်တွင် ၂၀၁၀ အတွင်းကျောက်ဆည် မြို့နယ် မန္တလေးတိုင်းဒေသအတွင်း ရဲရွာရေကာတာတည် ဆောက်ပြီးစီးခဲ့ပြီး မန္တလေးတိုင်းဒေသတွင် ၁ ခု နှင့် သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ၃ ခု ၄င်းမြစ်ပေါ်တွင်ပင် ထပ်မံတည်ဆောက်ရန်စီစဉ်နေပါသည်။

ထိုစီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်ပါက ကျောက်မဲမြို့နယ် တာလုံ ကျေးရွာ ပျောက်ကွယ်သွားနိုင်သည်ဟုလည်း သြဂုတ် ၈ ရက်နေ့က သီပေါမြို့ ချမ်းသာဂါဒင်းခန်းမတွင် သီပေါမြို့နယ်မှ ပရဟိတလူမှုအသင်းအဖွဲ့များနှင့် ရပ်ရွာပြည်သူလူထုကိုယ်စား လှယ်များ တွေ့ဆုံ ဆွေးနွေးကာပြောဆိုခဲ့ကြသည်။

ရေကာတာ တည်ဆောက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးသက်ရောက်မှု ကို ထိခိုက် ပျက်ပြားစေသည့် နမ္မတူမြစ် (သို့) မြစ်ငယ်မြစ် ပေါ် ရေကာတာ များ ဆောက်လုပ်ခြင်း မှ ရပ်တန့်ရန် လည်း တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင် နမ္မတူ မြစ်ပေါ် တည်ဆောက်နေသည့် ရေကာတာ စီမံကိန်းများသည် ပြီးစီးမှုရာနှုန်းပြည့်သလောက်ရှိပြီဖြစ်သော်လည်း နည်းပညာ မှာ အားနည်းမှုများ ရှိသေးကြောင်း သျှမ်းပြည်နယ် မြစ်ချောင်းများအတွက် လှုပ်ရှားမှု အဖွဲ့ဝင် တဦး ဖြစ်သည့် နန်းခင်မာအေး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ စီမံကိန်းကတော့ ပြီးသလောက် ရှိနေပြီ။ နည်းပညာကြောင့် ခဏခဏ ပျက်လိုက် ပြန်လုပ်လိုက်နဲ့ပါပဲ။ နည်းပညာ အရ အာမခံချက်တွေ သိပ်မရှိဘူး။ ဒါ့ကြောင့် မသေချာတဲ့ စီမံကိန်း အတွက် စိုးရိမ်ရတာတွေ များတယ်” လို့ နန်းခင်မာအေး က ဆိုသည်။

“ ရေကာတာ ပြီးသွားရင် ပတ်ဝန်းကျင် မြစ်တလျှောက်က လူတွေ ဒုက္ခရောက်မယ် ” ဟုလည်း ၄င်းက ထပ်လောင်းပြောဆိုသည်။

ကျောက်မဲမြို့နယ် အတွင်း တည်ဆောက်သည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း ဒေသအတွင်းတွင် စိုက်ပျိုးရေး အတွက် မြေသြဇာ ကောင်းမွန်ကာ နှစ်စဉ်အထွက်နှှုန်းကောင်းသည့် နေရာ တခုဖြစ်သည့် အတွက် မြစ်ကြောင်းတလျှောက်နေထိုင်သည့် ပြည်သူများက ပြောင်းရွှေ့ရမည်ကို စိုးရိမ်နေကြသည်။

ကျောက်မဲမြို့နယ် အတွင်း တည်ဆောက်သည့် ရေကာတာသည် လွန်ခဲ့သည် ဖေဖော်ဝါရီ လ အတွင်း မြေပြိုမှု တကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်ပွားမှုကြောင့် ဒေသခံများ ထိတ်လန့်မှု များဖြစ်ပွားခဲ့ရသည် ဟုလည်း ဒေသခံတဦးဖြစ်သည့် နန်းလှိုင်းလှိုင်း က ပြောသည်။

“ ကျမတို့ သဘာဝပတ်ဝန်းကျင်ကို ခြိမ်း ခြောက်မှုအောက်မှာရောက်နေတယ်။ နမ္မတူမြစ်ပေါ် ရေကာတာများတည် ဆောက်ခြင်းဟာ ကျမတို့ သ ဘာဝ ပတ်ဝန်းကျင်နှင့် ရပ်ရွာလူမှု အသိုင်း အဝိုင်း များ အတွက် ထိခိုက် ပျက်စီးစေတယ်။ ရေကာတာ တည်ဆောက်ရေး အားလုံးကို ရပ်ဆိုင်း မှ ရမယ်” ဟု နန်းလှိုင်းလှိုင်း က ဆိုသည်။

ရေကာတာ တည်ဆောက်မှုတွေ အတွက် လယ်ယာမြေ အစားထိုး မည်ဟု ပြောဆိုသော်လည်း လက်ရှိ အချိန်ထိ မရရှိသေးကြောင်း၊ ထို့အပြင် လျော်ကြေးငွေ ကိစ္စ လည်း ပြောဆိုခြင်း မရှိသေးကြောင်း ဒေသခံများထံ သိရသည်။
ကျောက်မဲ ခရိုင် တွင် တည်ဆောက်လျက်ရှိသည့် အထက်ရဲရွာ ရေကာတာ တွင် ပါဝင်ပတ်သတ်သည့် နိုင်ငံများမှာ တရုတ်၊ ဆွစ်ဇလန်၊ ဂျာမနီ နှင့် ဂျပန် ကုမ္ပဏီများ ဖြစ်သည်။

အဆိုပါ စီမံကိန်း ပြီးစီးပါက တာလုံကျေးရွာမှ နေထိုင်သည့် လူဦးရေ ၆၈၃ ၊ကဗ္ဗလာ ဥယျာဉ်ခြံ မြေ ၁၈၄ဧက ၊ လယ်မြေ ၁၇၄ ဧက၊ စိုက်ခင်းများ၊ စေတီပုထိုးများ ၊ ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများ ရေအောက်သို့ နှစ်မြှုပ်သွားမည် ဟုလည်းသိရသည်။

ထိုနမ္မတူမြစ်ပေါ် တည်ဆောက်သည့် ရေကာတာ စီမံကိန်း နှင့် ပတ်သတ်ပြီး သျှမ်းပြည် ပြည်နယ်လွှတ်တော် တွင် သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေး အဆိုတင်သွင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

လက်ရှိ နမ္မတူ မြစ်ပေါ် တည်ဆောက်သည့် ရေကာတာစီမံကိန်းသည် နိုင်ငံတော် စီမံကိန်း၊ ပြည်ထောင်စု အဆင့်ဟုပြောဆိုခဲ့သဖြင့် ပြည်နယ် လွှတ်တော်အစိုးရတွင် အဆိုမအောင်မြင်ခဲ့ခြင်း ဖြစ်သည်ဟု နန်းစမ်းစမ်းအေး က ဆိုသည်။

“ ဒီကိစ္စ ကို ကျမအနေနဲ့ ပြည်ထောင်စုမှာ ဆက်လှုပ်ရှားလို့ ရအောင် ပဲ လုပ်လို့ရမယ်။ အရင်ကလှုပ်ရှားခဲ့တာ၊ လက်ရှိ ဘာတွေ လုပ်နေတာ ပြီးတော့ ဒီ စီမံကိန်းကြောင့် ဒေသခံတွေ မပြောင်းရွှေ့နိုင်အောင် ဘာတွေ လုပ်နိုင်မလဲ ဆိုတာတွေ ပြည်ထောင်စု လွှတ်တော် အမတ်ကို ပေးပို့ပြီး ဆောင်ရွက်ဖို့ လုပ်ရတော့မယ်” ဟုလည်း နန်းစမ်းစမ်းအေး က ဆိုသည်။

ထို့အပြင် လတ်တလောမှာ မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံဖြစ်သည့် လာအိုနိုင်ငံတွင် ရေကာတာ ကျိုးပဲ့မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။

ထို့ကြောင့် ကျောက်မဲမြို့နယ် နမ္မတူမြစ်ပေါ် တည်ဆောက်မှု အထက်ရဲရွာ ရေကာတာ စီမံကိန်း တည်ဆောက်မှုကိုလည်း စိုးရိမ်ကာ သျှမ်းပြည်နယ်ရှိ ရှမ်းလူထုများအားလုံး ဝိုင်းဝန်းကာ ရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းအောင် လှုပ်ရှားကြဖို့ နန်းစမ်းစမ်းအေး က တိုက်တွန်း ပြောဆိုလိုက်သည်။

ထိုရေကာတာ ရပ်ဆိုင်းဖို့ အတွက် “ ပြည်ထောင်စု အစိုးရကို စာတင်ဖို့ရှိတယ်။ ပြည်ထောင်စု လွှတ်တော် ကိုလည်း တင်မယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်း စာတင်ဖို့ ရှိပါတယ် ” ဟု ၎င်း က ထပ်လောင်း ပြောသည်။

ရေကာတာ စီမံကိန်း တည်ဆောက်မှုကြောင့် နမ္မတူမြစ်ကြောင်းပေါ်ရှိ ကျေးရွာများ ပြောင်းရွှေ့ရန် ဒေသခံများ သဘောမတူကြကြောင်း၊ စီမံကိန်း နယ်အတွင်း ကျေးရွာ ပြောင်းရွှေ့ မည့် ကိစ္စကိုလည်း အစိုးရ အနေနဖြင့် တိကျသည့် စီမံကိန်း ဖော်ဆောင်ခြင်း မရှိသေးကြောင်း နန်းစမ်းစမ်းအေးက ထောက်ပြ ပြောဆိုသည်။

“ ပြောရွှေ့ရမယ်ဆိုရင်ဘယ်ကို ရွှေ့ရမလဲဆိုတာ စိုးရိမ်နေကြတယ်။ နောက် ရွှေ့ပြောင်းမယ့်ကိစ္စ မှာလည်း အစိုးရက သေချာတဲ့ စီမံကိန်း မရှိဘူး။ လယ်ယာမြေ ပျက်စီးသွားမယ်။ နေရာ အသစ်တွေ ပြောင်းမယ်ဆိုရင် စားဖို့သောက်ဖို့လယ်ယာမြေတွေ ဖော်ထုတ်ပေးရမယ်။ အဲ့ဒါတွေလည်း ဘာတခုဆို မှ မရှိသေးဘူး ” ဟု သူမ က ထပ်မံ ထောက်ပြသည်။

သျှမ်းပြည်နယ်မြောက်ပိုင်း တွင် ယခုနှစ်ပိုင်းအတွင်း ရေကြီးရေလျှံမှုများလာပြီး သဘာဝ အရင်းအမြစ်များ ဆုံးရှုံးမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုရေကာ စီမံကိန်း ပြီးဆုံးကာ လုပ်ငန်း လည်ပတ်မည်ဆိုပါက သျှမ်းပြည်နယ် မြောက်ပိုင်း ဒေသ အတွက် ရေကြီး ရေလျှံမှု ပိုမိုများလာနိုင်ပြီး ဒေသခံများ ရေဘေး အန္တရာယ် ပိုကြုံလာနိုင်ကြောင်း လည်း သြဂုတ် ၈ ရက် နေ့ သီပေါမြို့နယ် လူထု အခြေပြု အသင်း အဖွဲ့ ၁၁ဖွဲ့ ရပ်ရွာ ကိုယ်စားလှယ် ၃၇ ရွာ မှ တွေ့ဆုံ ချိန်တွင် ပြောဆိုခဲ့ကြသည်။

“ စီမံကိန်း အဖက်ဖက် ကို ကြည့်မယ်ဆိုရင် ကျမတို့ လူထု အတွက် ဘာမှ အကျိုးမရှိဘူး။ အဓိက အကျိုးအမြတ်တွေရမယ့်သူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေပါပဲ“ ဟု နန်းခင်မာအေး က ဆိုသည်။

အထက်ရဲရွာ ရေကာတာနှင့် နမ္မတူမြစ်ပေါ်တွင် ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းများ ရပ်ဆိုင်းရန် သီပေါမြို့နယ် နားမခေါ်အုပ်စု တာ့လုံရွာမှ ဒေသခံလူထုများ မကြာခဏ ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပေ။

နမ္မတူ ( ဒုဋ္ဌဝတီ ) ခေါ် မြစ်ငယ်မြစ်မြစ်ပေါ် သျှမ်းကုန်းမြင့် ဒေသတွင် အထက်ရဲရွာ ၊ အလယ်ရဲရွာ စသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်ထည် ဖော်နေပြီး အများစုမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article