Friday, April 26, 2024

၂၁ ရာစု ပင်လုံညီလာခံ တတိယ ကြိမ်အကြို နေပြည်တော်တွင် CSSU တွေ့ဆုံ

Must read

၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးကြသည်ဟုသိရသည်။

ဇူလိုင် ၁၀ ရက်နေ့က နေပြည်တော် Royal Lotus ဟိုတယ်တွင် သျှမ်းပြည် ညီညွှတ်ရေးကော်မတီ CSSU အဖွဲ့ဝင်များ အလှည့်ကျ အဖွဲ့ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးရာ – ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် အတွက် ဆုံးဖြတ်ချက် ၄ ချက်ချမှတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အချက် ၄ ချက်မှာ – သျှမ်းအမျိုးသားများအနေဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမရှိသေးသည့်အတွက် ၊ ဘုံသဘောတူညီချက် မရှိသေးသည့် အတွက်၊  တစုံတရာတင်ပြ ဆွေးနွေးမည်မဟုတ်ကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုအတွက်ဦးတည်စေသည့်အချက်များသာ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း၊ နောင်အစည်းအဝေးများအတွက် ခွဲထွက်ရေး/မခွဲထွက်ရေးဆိုင်ရာ၊ တပ်တခုတည်းဆိုင်ရာအချက်များ ဆွေးနွေးပြင်ဆင်ထားမည်ဖြစ်ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ထုတ်ပြန်မည့်ဆိုင်ရာ အချက်အလက်များ ပါဝင်သုံးသပ်ကာ အစည်းဝေးတင် ဆွေးနွေးမည်  – စသဖြင့် ဆွေးနွေးကြသည်ဟု ဆိုသည်။

“ဟုတ်ကဲ့ ကျနော်က ပြောရေးဆိုခွင့်မဟုတ်တော့ ပြောလို့မရဘူး။ နက်ဖြန်ပြုလုပ်မယ့်ညီလာ ခံဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ သျှမ်းပြည်ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မယ့် ကိစ္စတွေ၊ CSSU နဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံတွေ ဆွေးနွေးကြတယ်” – ဟု အမည်မဖေါ်လိုသည့် တက်ရောက်သူ ခေါင်းဆောင်ပိုင်း တဦးကပြောသည်။

အဆိုပါ အစည်းအဝေးတွင် ကျားဖြူပါတီဝင်မှ နှုတ်ထွက်ပြီး FUP ပါတီထူထောင်ခဲ့သည့် ပါတီဉက္ကဌ စောသန်းမြင့်၊ ဒုတိယ ဉက္ကဌ ဦးစဝ်သာဦးတို့ လည်း  တက်ရောက်သည်ဟု သိရသည်။

လက်ရှိ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျ ဉက္ကဌ အဖြစ် ကျားဖြူပါတီ SNDP က တာဝန်ယူဆောင်ရွက်နေသည်ဟုဆိုသော်လည်း အတွင်းရေးမှူးများအဖွဲ့တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ၊ သျှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီ SSJAC အဖွဲ့ဝင်များဖြစ်ကြသည့် ကျားခေါင်းပါတီ အမည်ရ SNLD ၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အပြင် ကျိုင်းတုံအခြေစိုက် မင်္ဂလာစည်တော်ပါတီ ESSDDP  နှင့် သျှမ်းလူမှုအသင်းအဖွဲ့များကိုယ်စားလှယ်များလည်း အဖွဲ့ ဝင်အဖြစ်ပါဝင်သည်။

 

Leave a Comments

- Advertisement -spot_img

Latest article