Friday, April 26, 2024

စည်းလုံးညီညွတ်မှုမပြုနိုင်သေးတာဘာကြောင့်လဲ (တွေ့ဆုံမေးမြန်းခန်း)

Must read

သျှမ်းပြည်တွင်းမှာ စစ်ရေးပဋိပက္ခကြောင့် လယ်ယာလုပ်ငန်းခွင်ဝင်ချိန်မှာ အိုးအိမ်လယ်ယာ တွေ စွန့်ခွါပြီး ဒေသခံလူထု စစ်ဘေးတိမ်းရှောင်နေရပါတယ်။ လူထုတွေစစ်ဒဏ်မခံရအောင် သျှမ်းပြည် တွင်းလက်နက်ကိုင်အင်အားစု တွေစည်းလုံးညီညွတ်ရေးလုပ်ဖို့လိုအပ်တယ်လို့ ပြောဆိုနေကြတဲ့အပေါ် သျှမ်းပြည်မှာအင်အားအကြီးမားဆုံးစာရင်းထဲပါဝင်တဲ့  RCSS/SSA အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ စည်းလုံးညီညွတ်မှုမရနိုင်သေးတာဟာဘာကြောင့်လဲ။ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး  ။        ။အခုဆိုရင် သျှမ်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့လည်းများ၊ ပြဿနာ ပဋိပက္ခတွေလည်းများ။ သျှမ်းပြည်ကွန်ဂရက်လုပ်မယ်ဆိုတဲ့ကိစ္စက ဘယ်အခြေအနေရှိနေသလဲခင်ဗျ။

ဖြေ။   ။ ပြဿနာများလေ ပိုပြီးတော့လုပ်သင့်လေဘဲ။ ကျနော်တို့တော်လှန်ရေးသမိုင်း ကို ပြန် ကြည့်မယ်ဆိုရင်  ရန်သူကြောင့်ကျနော်တို့ ဘယ်တုန်းကမှ မရှုံးခဲ့ဖူးဘူး။ ရန်သူကြောင့် ဘယ်တုန်းကမှ မပြိုလဲခဲ့ဖူးဘူး။ ကျနော်တို့ခေတ်အဆက်ဆက်ရှုံးနိမ့်ခဲ့တာက အတွင်းရေးပဋိပက္ခ ကြောင့်နဲ့ ကိုယ့် အချင်းချင်းကြောင့်ဘဲ။ အတွင်းရေးပြဿနာဆိုတာက သျှမ်းပြည်လူထု တရပ် လုံးနဲ့ဆိုင်တယ်။ ဘယ် သူ့ကိုမှအပြစ်သွားတင်လို့မရဘူး။ အမျိုးသားရေး၊ နိုင်ငံရေးအပေါ်မှာ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ အတွင်းရေးပြဿနာကိုဖြေရှင်းနိုင်ဖို့အဓိကပါဘဲ။   အတွင်းရေးပြဿနာကို ဖြေရှင်းနိုင်မှ ပြင်ပ ပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်။  (၁)   အတွင်းပိုင်းပြဿနာက ဘာတွေလဲဆိုရင် တဖွဲ့နဲ့တဖွဲ့တယောက်နဲ့တယောက် ပြိုင်ဆိုင်ကြတယ်။ ဒါကြောင့်အဖွဲ့အစည်းတွေ အများကြီးရှိလာပြီးတော့ ပြန်ပြန်ပျက်သွားကြတယ်။ ဘယ်သူမှမတည်တံ့ကြပါဘူး။ နှစ်ပေါင်း ၆၀ ရှိပါပြီ။ အရင်က MTA ခေတ်တုန်းက MTA ကိုပြိုကွဲပျက်စီးစေချင်တယ်။အခု  MTA  ပျက်စီးသွားပြီ ။ ဘယ်သူက အနိုင်ရလိုက်သလဲ။ လူထုက ဘာကိုရလိုက်သလဲ။ ဘာမှမရလိုက်ဘူး။

ဒါကြောင့် ကွန်ဂရက်ဆိုတာ ရှုပ်လေ ပိုလုပ်သင့်လေဘဲ။ ဘယ်လောက်အထိ ကျယ်ကျယ် ပြန့်ပြန့်လုပ်မလဲဆိုတာကတော့ အခြေအနေအပေါ်မူတည်တယ်။  ဒီကနေ့ တော်လှန်ရေး အသိုင်းအဝိုင်းကလည်း အတွင်းရေးပြဿနာဟာ ဘယ်လောက်အထိ အန္တရာယ်ရှိတယ်ဆိုတာ နားလည်ကြလောက်ပြီလို့ထင်ပါတယ်။ ကြည့်ပါလား ဗကပ၊ CBP ၊ ဘသိန်းတင် တို့က ဘယ်လောက် အင်အားကြီးမားသလဲ။ နောက်ဆုံးတော့လည်း အတွင်းရေးပြဿနာကြောင့် အဖွဲ့အစည်း တွေကွဲသွား တယ်။ NDF တပ်ပေါင်းစုလည်းအဲလိုပါဘဲ။အပြင်မီးကိုအတွင်းပိုင်းဆွဲလာတော့ ကွဲပြီပေါ့။ KNU ကော နောက်ဆုံးဘယ်လိုဖြစ်သွားလဲတွေ့နေကြတာဘဲ။ MTA ပြိုကွဲတာဟာ ရန်သူက တက်တိုက် လို့ မဟုတ်ဘူး။ အင်အားက ၂ သောင်း ၃ သောင်း၊ အတွင်းရေးပြသနာကြောင့်ဘဲလေ။ စိန်ကျော့အဖွဲ့ ပြည်သူ့စစ်ဖြစ်သွားတဲ့အဖွဲ့နဲ့ မဖြစ်တဲ့အဖွဲ့ ကွဲသွားတယ်။ ဒါတွေအားလုံးပြင်နိုင်ဖို့ အတွက်ဆိုရင် အတွေးအခေါ် ပြင်ဖို့လိုတယ်။ မိမိကိုယ်တိုင်က မာန၊ ဒေါသ၊ လောဘ၊ မောဟ ရှေ့တန်းတင်ပြီး ကိုယ်ဖြစ်ချင်ရာကိုဆွဲလုပ်တတ်တဲ့အကျင့်ကိုပြင်ဆင်ရမယ်။ သျှမ်းပြည်   ၆၂၅၀၀  စတုရန်းမိုင်ကို မြင်အောင်ကြည့်ရမယ်။ အမျိုးသားရေးကိုမြင်အောင်မကြည့်ဘူး။ ကိုယ့်နေရာဒေသ ကိုဘဲ ကွက်ပြီး ကြည့်တယ်။ ဘယ်နေရာဘယ်ဒေသမှာ ဘာဘဲဖြစ်နေနေ ငါ့ဒေသမှာအေးချမ်းရင်ပြီးပြီ။ အဲလိုကြည့်လို့မဖြစ်ဘူးလေ။ သျှမ်းပြည်ထဲမှာ တနေရာရာမှာ တိုက်ပွဲလေးဖြစ်ကြည့်လိုက်ပါလား ။ တနိုင်ငံလုံးမအေးချမ်းရဘူး။

ဒါကြောင့်ကျနော်တို့ ကွန်ဂရက်ကိုလုပ်ကိုလုပ်ရမယ်။ ဒီကနေ့ သျှမ်းပြည်ထဲမှာ ကျနော်တို့အချင်းချင်း တွေ့ဆုံဖို့အချိန်တန်ပါပြီ။ ကျနော်တို့အတွင်းရေးကိုပြေလည်အောင်မဖြေရှင်းရင် ကျနော်တို့ အချင်းချင်း စည်းလုံးညီညွတ်မှုကိုရနိုင်မှာမဟုတ်ပါဘူး။

မေး။  ။အဲလိုဆိုရင် ပြီးခဲ့တဲ့နှစ်ကတည်းက စီစဉ်ထားတဲ့ ကွန်ဂရက်ကိစ္စ ဘယ်အခြေအနေ ရောက်နေပြီလဲခင်ဗျ။

ဖြေ။   ။ ကျနော်တို့ဘက်ကပြင်ဆင်ထားတယ်။ ဒါပေမယ့်  ပြောချိန်မတန်သေးလို့ ဘယ်တော့ဖြစ်မလဲဆိုတာ မပြောနိုင်သေးပါဘူး။

မေး။  ။ သျှမ်းပြည်လူထုနဲ့သံဃာထုတွေမျှော်လင့်ထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေပေါင်းစည်းဖို့၊  တပ်မတော်ပေါင်းစည်းဖို့ CSSU ဖွဲ့စည်းတည်ထောင်လာပေမယ့် ကနေ့အထိ အလုပ်မဖြစ်သေးဘူး ဘာကြောင့်ပါလဲ။

ဖြေ။   ။ ပါတီပေါင်းစည်းရေး၊ တပ်ပေါင်းစည်းရေးလုပ်စေချင်တဲ့လူထုဆန္ဒက ဖြူစင်ရိုးသားတယ်။  သံဃာတော်ရဲ့တောင်းဆိုချက်တွေက ဖြူစင်တယ်။ ပေါင်းစည်းမှုမရသေးသရွေ့ လွတ်လပ်မှု ရမှာ မဟုတ်ဘူးလို့မြင်ကြလို့ တောင်းဆိုကြတာဖြစ်တယ်။ ခက်တာတခုက ဘာကြောင့်အခုထိ ပေါင်းလို့ မရတာလဲဆိုတဲ့ပြဿနာ  မသိကြသေးတာဖြစ်တယ်။ ဒါကြောင့်လူထုကို ကျနော်အမြဲတိုက်တွန်းတယ်။ လေ့လာကြပါ။ သိလိုစိတ် မြင်လိုစိတ် နိုးနိုးကြားကြားရှိပါ လို့။

ဘယ်ပါတီရဲ့ပေါ်လစီက သျှမ်းပြည်လူထုအတွက်ဖြစ်တာလဲ။ ဘယ်စစ်တပ်ရဲ့လုပ်ဆောင်ချက်က လူထုအတွက်ဖြစ်တာလဲ။ ဆိုတာ လေ့လာသင့်တယ်။ သိသင့်တယ်။ အခုလို မပေါင်းစည်းနိုင် သေးတာဟာ လူထုရဲ့အပြစ်လည်းအနည်းအကျဉ်းပါရှိတယ်။

လူထုက နိုင်ငံရေးကိုမလေ့လာလို့ နီးစပ်သူဘက်ပါသွားတယ်။ ကျွေးတဲ့ပေးတဲ့ သူနောက် လိုက် သွားတယ်။ အမျိုးသားရေးအတွက် နိုင်ငံရေးအတွက် သူတို့ဘာမှမစဉ်းစားဘူး။ ဒါသဘာ၀ဘဲလေ။

လေ့လာကြည့်မယ်ဆိုရင် ကိုယ့်မှာ ကိုယ်ပိုင်စီးပွါးရေးဘယ်လောက်ဘဲ ကြီးပွါးချမ်းသာနေပါစေ အမျိုးသားရေးဆုတ်ယုတ်နေရင် လျစ်လျူရှုတဲ့စိတ်မထားနိုင်ဘူးဆိုမှ ကိုယ့်လူမျိုး တခုလုံးရဲ့ စည်းလုံးညီညွတ်မှုကိုရရှိနိုင်မှာဖြစ်တယ်။ ဥပမာ အမျိုးသားရေးအတွက်လုပ်မယ့် ပေါ်လစီရှိတဲ့ပါတီကို ဝိုင်းဝန်းအားပေးတာမျိုး။   အဲလိုကိစ္စမျိုးက အော်တိုမက်တစ်စည်းလုံးညီညွတ်ရေးဘဲ။ အဲလိုမျိုးဆိုရင် အမျိုးသားရေးစိတ်ဓါတ်မှန်ကန်မှုမရှိတဲ့ပါတီက သူ့အလိုလို  ပြိုလဲရတာဘဲ။

စစ်တပ်လည်းအဲလိုဘဲ။ ပေါ်လစီကောင်းတဲ့စစ်တပ်က အင်အားတွေအများကြီးရှိလာမယ်။ လူထုအတွက်အကျိုးရှိမယ့် စစ်တပ်ထဲကို ဝင်ပြီးအမှုထမ်းဖို့ မိဘတွေက သားသမီးတွေကို လမ်းညွှန်ပေးမယ်။ဆိုတော့ ကျန်တဲ့တခုက နောက်ဆုံးသူ့ဆီမှာ လက်နက်ဘဲအပုံလိုက်ကျန်ခဲ့မယ်။

ဘယ်အဖွဲ့အစည်းမဆိုသူ့အဖွဲ့အစည်းကောင်းကြောင်းကိုဘဲသူပြောပါလိမ့်မယ်။  တော်လှန်ရေးအဖွဲ့အစည်းအဆက်ဆက်တောင်မှ လူထုကို မုသားပြောလာခဲ့ကြတာပါဘဲ။ ပြန်ကြည့်လိုက်ရင် ဘယ်အဖွဲ့မှလူထုအတွက်မလုပ်ခဲ့ဘူး။  ပြည်ပရဲ့ထောက်ပံ့ကူညီမှုရခဲ့တဲ့  ဗကပ တောင်မှ ကူညီထောက်ပံ့မှုအနည်းအကျဉ်းသာရခဲ့လည်း ကျေနပ်အားရကြတယ်။ ဒီအကြောင်းလူထုကမသိဘူး။ ဆိုတော့ လူထုကိုပါ သူကလိမ်ခဲ့တာလေ။ သူက လူထုကိုသာလိမ်သာမက သူကိုယ်တိုင်လည်းအလိမ်ခံနေရတယ်ဆိုတာသူမသိခဲ့ဘူး။ သူ့ကို အသုံးချခဲ့တာဆိုတာလည်းသူမသိခဲ့ဘူး။ တကယ်လို့သူ့ကို ပြည်ပကထောက်ပံ့ကူညီနေတာတွေရပ်တန့်ခဲ့ရင် သူ့အတွင်းရေးပြဿနာကကြီးလာတယ်။  ဒါပေမယ့် ကျနော်တို့  MTA ကတော့ဘယ်နိုင်ငံရဲ့ထောက်ပံ့မှုကိုမှမရခဲ့ဘူး။ သူ့ခြေပေါ်သူရပ်တည်ရင်းအင်အားကြီးမားလာခဲ့တာ။ အဲ့အချိန်က တရုတ်နိုင်ငံ မော်စီတုန်း အာဏာသိမ်းစဉ်ကသုံးခဲ့တဲ့ပေါ်လစီလေ။ သူအာဏာလည်းသိမ်းရော သူ့တပ်ကိုလက်နက်လဲလှယ်ပြီးအသစ်ဆင်ပေးတယ်။ လက်နက်ဟောင်းတွေကို အာဏာချဲ့တဲ့အနေနဲ့ မြန်မာပြည်တွင်းက ကွန်မြူနစ်အဖွဲ့တွေကိုစွန့်ကျဲတယ်။ အဲ့ချိန်မှာ ဘသိန်းတင်ပေါ့ မြန်မာနိုင်ငံတွင်း ကတိုင်းရင်းသားအဖွဲ့အစည်းတွေဆီကိုယူလာပေးတာ။  နောက်ဆုံး တရုတ်နိုင်ငံရေး ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲတော့ ပြည်ပအထောက်အပံ့တွေရပ်ဆိုင်းတယ်။ ဆိုတော့သူတို့အတွင်းရေး မှာပြသနာရှိလာတဲ့ခါကျတော့ ကွဲတော့တာပေါ့။

ဒါကြောင့် စစ်တပ်ပူးပေါင်းနိုင်ရေး၊ သျှမ်းပါတီပူးပေါင်းနိုင်ရေးဆိုတာက နိုင်ငံရေးအပေါ်နားလည်တဲ့ ၊ လေ့လာတဲ့ နိုင်ငံသားတွေအပေါ်မူတည်ပါတယ်။

ကျနော်တို့ဒီပြဿနာတွေကိုဖြေရှင်းချင်လို့  CSSU ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်။ နိုင်ငံရေးနဲ့သွား မပတ်သက်စေချင်ဘူး။ အဲတာကို သူတို့က နိုင်ငံရေးနဲ့ပတ်သက်အောင်သွားလုပ်လိုက်တယ်လေ။  CSSU ကိုတည်ထောင်လိုက်တာဟာ အမျိုးသားရေးလုပ်ဖို့သက်သက်ဘဲလေ။ သျှမ်းပြည်ထဲက အဖွဲ့အစည်းတွေအကုန်လုံးဝင်လာစေချင်လို့ ။ သံဃာတာတွေရော၊ လူငယ်အဖွဲ့အစည်း ရောအကုန်ပါလာစေချင်တယ်။ သူတို့အားလုံးပါဝင်လာမှ အမျိုးရေးပေါ်လစီ၊ မဟာဗျူဟာတွေကိုချမှတ်နိုင်မယ်။ အခု CSSU ကိုနိုင်ငံရေးထဲဆွဲထည့်လိုက်တော့ သူက နိုင်ငံရေးလမ်းကြောင်းမှာသွားပြီးပိတ်နေတယ်။ အဲတာကတော့ သူတို့အမြင်ပေါ့နော်။ သူတို့လုပ်ချင်တာပေးလုပ်ကြည့်လိုက်ဦး။ အခုသူတို့ကိုသွားပြီးမတားချင်ဘူး။ သွားတားလို့လည်းမရသေးဘူး။ တကယ်တော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုနဲ့ဆင်းတွေ့ရာမှ CSSU နဲ့သွားတွေ့စရာမလိုဘူးလေ။ RCSS ကနေ သွားရမယ်လေ။ ဘာလို့လဲဆိုတော့ RCSS  က NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့လေ။ CSSU နဲ့လုပ်ချင်တာက အစုံပါလို့ လို့ပြောကြတယ်။ ဒါပေမယ့်အခုသူတို့သိသွားပြီ ဒီနေ့နိုင်ငံရေးမှာ CSSU နဲ့ဖြေရှင်းလို့မရဘူးဆိုတာ။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်သွားတဲ့ CSSU ကိုအထူးပြန်လည်ပြုပြင်သွားသင့်တယ်။

မေး။  ။ ဒီလိုဆိုရင် ဒီနေရာမှာ CSSU နဲ့ ဖြေရှင်းလို့မရဘူးလို့ပြောရင်  RCSS အနေနဲ့  SSPP နဲ့ပေါင်းစည်းရေးအတွက်တိုက်ရိုက်စီစဉ်လို့ရမလား။ အရင်တုန်းကလည်း တွေ့ဆုံဆွေးနွေး တယ်လို့မကြာခဏကြားရပါတယ်။ ဘာကြောင့် အခုထိ မအောင်မြင်သေးတာလဲ။

ဖြေ။   ။ တကယ်တော့ CSSU ကလည်းအခု အတွင်းရေးမှူးအဖွဲ့က အမြဲဆွေးနွေးဖြစ်ပါတယ်။ ဒါမယ့်ရှေ့ဆက်လှမ်းဖို့ကအရမ်းခက်တယ်။ ဘာလို့လဲဆိုတော့ အချင်းချင်းလေးစားမှုရှိမယ်လေ။ CSSU က ငါဦးဆောင်လုပ်ခဲ့လို့ ငါလုပ်တဲ့အတိုင်းလုပ် – ဆိုပြီးလုပ်လို့မရဘူး။ နောက်ဆုံးကျရင်  အာဏာရှင်ဆန်တယ်လို့ဝေဖန်ပြောဆိုလာကြလိမ့်မယ်။ လိုက်ပြောလို့မသင့်တော်ဘူး။ ဒါကြောင့်ကျနော် ဘာမှလိုက်မပြောဘူး။

အခုလောလောဆယ်အနေအထားကိုကြည့်ရင် CSSU က မပြိုကွဲမပျက်စီးအောင် ထိန်းသိမ်းထားတဲ့ အဆင့်ဘဲရှိပါတယ်။ ကျနော်ပြောတဲ့အတိုင်းပါဘဲ ။ CSSU ကနေထွက်သွားတဲ့သူဟာ စည်းလုံး ညီညွတ်မှု ကိုအလေးအနက်မထားတာပါဘဲ။ CSSU ကိုဖြိုခွဲသူဟာ အမျိုးသားစည်းလုံးညီညွတ်ရေး မလုပ်ချင်တဲ့သူပါဘဲ။ အခုက ပျိုးပင်လေးထွက်လာပြီလို့ပြောလို့ရတယ်လေ။ စည်းလုံးညီညွတ်ရေး ရေးပျိုးပင်ကို လာပြီး နှုတ်တဲ့သူကတော့  အပြစ်ရှိတာဘဲ။

ပျိုးပင်ရှိပြီဆိုတော့ ပျိုးထောင်ရမယ်လေ။ အပင်ကြီးထွားအောင်ပြုစုရမယ်။ သျှမ်းပြည်သား ပညာရှင်တွေ CSSU ဘက်ကိုနဲနဲအာရုံစိုက်လာစေချင်တယ်။ ကျနော်တို့အမျိုးသားရေးလုပ်ငန်းမှာ အမြင့်ဆုံးရည်မှန်းချက်ရှိရမယ်။ ဒီအမြင့်ဆုံးရည်မှန်းချက်မရောက်မှီမှာလက်ရှိအနေအထား ကိုယ်လုပ်ချင်တာလုပ်နေကြမယ်ဆိုရင် လူ ၄-၅ ယောက်က အဖွဲ့ ၄-၅ ဖွဲ့ဖြစ်သွားနိုင်မယ်လေ။ အဲလိုဆိုရင်ပြဿနာဘဲများလာမယ်။

မေး။  ။ ခုနက ဉက္ကဌကြီးပြောသလို အဖွဲ့တိုင်းက ဒေသခံပြည်သူလူလုကို လိမ်နေတယ်ဆိုရင်ရှေ့ဆက်ဘယ်လိုဆက်လုပ်သွားသင့်သလဲ။

ဖြေ။   ။  စည်းလုံးညီညွတ်ရမယ်လေ။ စည်းလုံးညီညွတ်ရေးမဖော်ဆောင်နိုင်သေးသမျှ၊ တယောက်တပေါက်လုပ်နေသေးသရွေ့၊ နည်းလမ်းဟောင်းတွေလုပ်နေသေးသရွေ့၊ တပ်ပေါင်းစုလုပ်ဖို့ တခြားဆီက အကူအညီတွေယူနေသေးသရွေ့တော့ လူထုကိုလိမ်နေသေးတာဘဲ။  ကျနော်တို့မပါဝင်လိုက်ရတဲ့ UNFC  ၊ နောက်ဆုံးအခု နာမည်ကြီးနေတဲ့ FPNCC  တို့လည်း နောက်ဆုံးတော့ အဖွဲ့ဝင်တွေက ကိုယ့်လမ်းကိုယ်သွားနေကြတာပါဘဲ။  ကျနော်အမြဲပြောပါတယ်။ စစ်ပွဲကိုသဘာ၀အတိုင်းဆင်နွဲမယ်။  လူထုကိုလည်းသဘာ၀အတိုင်းဘဲစည်းရုံးမယ်။ ဖြစ်လာတဲ့ပြသနာတွေကို သဘာ၀အတိုင်းဖြေရှင်းမယ် ။ မှန်ကန်တဲ့နည်းလမ်းနဲ့သွားရင်အောင်မြင်မယ်လေ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသွားတဲ့စကားတွေထဲမှာ သဘာ၀ကိုဆန့်ကျင်နေတာတွေပါတယ်။ ပါတော့ဘာဖြစ်လည်း – ပြည်ထောင်စုကြီးက မငြိမ်းချမ်းနိုင်တော့ဘူးလေ။

နိုင်ငံရေးပြဿနာကိုသဘာ၀အတိုင်းဖြေရှင်းဖို့က ဘယ်လိုရှိလဲဆိုတော့ ၊ ပင်လုံစာချုပ်ကိုပြန်ကြည့်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့အတိုင်း NCA ကိုလက်ခံတယ်။ ဆိုတော့ ပင်လုံစိတ်ဓါတ်ကိုလက်ခံတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ စည်းလုံးညီညွတ်ရေး။ စည်းလုံးညီညွတ်မှုရှိလို့ ပင်လုံစာချုပ်ဆိုတာဖြစ်ပေါ်လာတယ်လေ။ ပင်လုံစာချုပ်ရှိလို့  ပင်လုံကတိကဝတ်ဆိုတာရှိလာတာ။ ပင်လုံကတိကဝတ်ဆိုတာကဘာလဲဆိုတော့ – တိုင်းရင်းသားနဲ့ ဗမာခေါင်းဆောင်တွေ သဘာ၀ ထားရှိခဲ့တဲ့ သဘောတူညီမှု။ ဒီဟာကိုပြန်ဖွင့်ကြည့်ရမယ်။ ဒီဟာကိုမဖွင့်ကြည့်ဘဲကျော်သွားလို့  လုံး၀ မရဘူး။

မေး။ ။ ဒီလိုဆိုရင် ပါတီတွေ စည်းလုံးညီညွတ်မှုမရသေးတာက ဘာကြောင့်လဲ။

ဖြေ။   ။   ကျားခေါင်းနဲ့ ကျားဖြူပါတီ ဘာကြောင့် စည်းလုံးမှုမရသေးတာလဲ။ သူတို့လည်း နိုင်ငံရေးအခြေခံက ပင်လုံစာချုပ်ကိုလက်ခံတာဘဲ။ ကွဲပြားမှုက တခုဘဲရှိတယ်။ ၈ ပြည်နယ်မူနဲ့ ၁၄ ပြည်နယ်မူ။ တကယ်လို့ ပင်လုံစာချုပ်ကိုသူတို့လက်ခံတယ်ဆိုရင် ဒီ ၈ ပြည်နယ်မူ ၁၄ ပြည်နယ်မူဆိုတာလောက်နဲ့သွားတန့်နေစရာမလိုဘူး။ ပင်လုံစာချုပ်က။ အဲတာတွေကိုကျော်လွန်သွားပြီလေ။ ဒီဟာတွေက နောက်မှပေါ်လာတဲ့ပြဿနာတွေ

မေး။ ။ ဒီထက်ပိုပြီးမကွဲအောင် ဘယ်လိုနည်းလမ်းတွေရှိသလဲခင်ဗျ။

ဖြေ။   ။ ဗိုလ်မိုးဟိန်း(စဝ်ကွဏ်းဇိန်း) ရဲ့ ပြုပြင်၊ လက်ခံ၊ စည်းလုံး၊ ကူညီ ဆိုတဲ့မူအတိုင်းလုပ်သွားမှ ရမယ်။ ကျနော်တို့အချင်းချင်း ပြင်ဆင်ရမယ်။ ကျနော်တို့အချင်းချင်း အသိပညာဗဟုသုတ ဖလှယ်ရမယ်။ ကျနော်တို့အချင်းချင်း စည်းလုံးညီညွတ်မှုရှိရမယ်။ ကျနော်တို့အချင်းချင်းစည်းလုံးမှုရမှ ကျနော်တို့ အားလုံးက စည်းလုံညီညွတ်မှုရမယ်လေ။ ညီညွတ်မှုရမှ အချင်းချင်းပျိုးထောင်နိုင်မယ်။ အချင်းချင်းပျိုးထောင်နိုင်၊ အချင်းချင်းကာကွယ်ပေးနိုင်မှ အမျိုးသားရေးအတွက် အကာအကွယ်ပေးနိုင်မှာပေါ့။

ကျနော်တို့ ကိုယ်ကျိုးအတွက်ဘဲကွက်ပြီးကြည့်နေသမျှကာလပတ်လုံး ၊  မာန၊ ဒေါသ၊ လောဘ တွေရှိနေသမျှကာလပတ်လုံး၊ ကိုယ့်အဖွဲ့အစည်းဘဲပြိုကွဲမယ်။ ခုနကျနော်ပြောသလိုဘဲ အတွင်းရေးကြောင့်၊ အတွင်းမီးကြောင့်ဘဲလေ ပြိုကွဲတာက။ စစ်တပ်မှာ ပါတီမှာတင်မကပါဘူး၊ အကုန်လုံးပါဘဲ၊ အဖွဲ့အစည်းလား လူမှုအသိုင်းအဝိုင်းမှာလား အကုန်ပါတယ်။

မေး။ ။ သျှမ်းပြည်မြောက်ပိုင်းမှာ ပြဿနာက ပိုမို ကြီးမားလာနေတယ်။  RCSS အနေနဲ့ SSPP  နဲ့တိုက်ရိုက်ဆွေးနွေးဖို့ရှိပါသလား။

ဖြေ။   ။ SSPP နဲ့ကျနော်တို့က ရန်သူတွေမဟုတ်ပါဘူး။ သူတို့လည်း ကျနော်တို့ကို ရန်သူ လို့ မသတ်မှတ်ဘူး။  အခုဖြစ်နေတဲ့ ပြဿနာအသေးအမွှားတွေကတော့ တွေ့ဆုံပြီးဖြေရှင်း သင့်တယ် ဆိုတာမမှားပါဘူး။ သူတို့နဲ့မပြောသေးနဲ့ ကျနော်တို့ အဖွဲ့ထဲမှာတင် အချင်းချင်းက ပြဿနာ က ရှိတယ်။ အောက်ခြေတပ်သားတွေအချင်းချင်းနားလည်မှုကွဲပြားလို့ ဖြစ်လာတဲ့ပြဿနာတွေ။ ဆိုတော့ သူတို့နဲ့ကျနော်တို့ကြား အောက်ခြေတပ်သားတွေ နားလည်မှုမကွဲပြားနိုင်ဘူးဆိုတာရှိပါ့မလား။ ဒါပေမယ့်  မျိုးချစ်စိတ်ရှိသူတွေချင်းပီပီ တွေ့ဆုံရပါမယ်။ ပင်လုံစိတ်ဓါတ်အခြေခံရှိသူတွေချင်းပီပီ တွေ့ဆုံဖြေရှင်းရပါမယ်။ နိုင်ငံရေး လုပ်ဆောင်ဖြေရှင်းသွားဖို့ အခြေခံယုံကြည်ချက်တွေအပေါ်မှာမူတည်ပါတယ်။

ဒါပေမယ့် မစည်းလုံးချင်ယင်တော့ အကြောင်းပြချက်တွေတော့ ရှိမှာဘဲ။ ဟိုအကြောင်း ဒီအကြောင်းပြ၊ ဟိုဟာကြောင့် ဒီဟာကြောင့်ဆိုပြီးပြောနေရင်တော့ စည်းလုံးမှုဆိုတာ ဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ စည်းလုံညီညွတ်မှုတကယ်ပြုချင်ယင်တော့ ဘာအကြောင်းပြချက်မှရှိစရာမလိုဘူး။ တခါတည်းထ လုပ်လို့ရတယ်။

စဝ်ဂွဏ်းဇိန်းပြောဖူးတယ်။ ကျနော်တို့ စည်းလုံးညီညွတ်မှုကိုတောင်းဆိုတာက ကျနော်ငွေကြေးပြည့်စုံချမ်းသာလွန်းလို့မဟုတ်ဘူး။ စည်းလုံးညီညွတ်မှုရှိရင် ပူးပေါင်းမှုရရှိပြီးသားဘဲ။ ကျနော်က သေနတ်တွေပေးမယ်။ ကျနော်ကအားလုံးကိုတာဝန်ယူမယ် ဆိုတာမျိုးမဟုတ်ပါဘူး။ စုပေါင်းအားနဲ့ လုပ်ဆောင်မယ်။ စုပေါင်းအားနဲ့အေးအတူပူအမျှပေါ့။

ပြောမယ်ဆိုရင် တော်လှန်ရေးလုပ်ငန်းဟာ ဘယ်သူက ဘယ်သူ့ကိုမှတာဝန်မယူနိုင်ပါဘူး။  အမျိုးသားရေးအလုပ်ဆိုတာက မိမိနိုင်ငံရေး မိမိအမျိုးသားရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်ကြတာဘဲ။ မိမိအမျိုးသားရေး  ကောင်းကျိုးအတွက်လုပ်တာဘဲ။ တကယ်စည်းလုံးညီညွတ်မှုလုပ်ချင်ယင်ဘာမှချွင်းချက်ရှိစရာမလိုပါဘူး။

မေး။  ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းလုပ်ဆောင်နေတဲ့ ပုဂ္ဂိုလ်တယောက်ပြောပြဖူးတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့စကားအရဆိုရင်  RCSS နဲ့ SSPP ကို သူတို့က တဖွဲ့တည်းလို့ဘဲ မြင်တယ်။

ဖြေ။   ။ နှလုံးသားကိုအပ်နဲ့ထွင်းသလိုဘဲ။ သူတို့က ကျနော်တို့ကို တခုတည်းလို့မြင်တယ်။ သဘာ၀ကျတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ နောက်ကွယ်  မဟာဗျူဟာက ဘာရှိသလဲ။ သတိချပ်သင့်ပါတယ်။ သူတို့အဲလိုပြောပေမယ့် ကျနော်တို့တကယ်ပူးပေါင်းသွားမှာကိုသူတို့က ကြောက်နေကြမှာအမှန်ဘဲ။  ဘာကြောင့်သူက အဲလိုမြင်တာလဲ ကျနော်တို့အတွက်စဉ်းစားစရာပေါ့။

မေး။ ။ သျှမ်းပြည်တွင်းစည်းလုံးညီညွတ်ရေးအတွက်  FPNCC နဲ့ ကောတွေ့ဆုံဆွေးနွေးဖို့ ရှိပါသလားခင်ဗျ။

ဖြေ။   ။အစီအစဉ်ရှိပါတယ်။ ၀ တပ်ဖွဲ့ကလည်း အစီအစဉ်ရှိမယ်၊ ဗိုလ်ချုပ်ကြီးပန်ဖှကလည်း အစီအစဉ် ရှိမယ်လို့ယုံကြည်ပါတယ်။အမှန်တကယ် စည်းလုံးမှုမရသေးဘူးဆိုတာလည်း  ၀ လည်းသိ တယ်။ ဗိုလ်ချုပ်ကြီးပန်ဖှလည်းသိတယ်။ စည်းလုံးညီညွတ်မှုမရရင်အလုပ်မဖြစ်ဘူးဆိုတဲ့အကြောင်း  ဦးပေါက်ယူချမ်း လည်းသိတယ်။  အခု ၀ နဲ့ တပ်မတော်ဆက်ဆံရေးက နည်းဗျူဟာတွေ ပိုမိုမြင့်လာတယ်။ ဒါပေမယ့် တပ်မတော်ကိုကြည့်ရတာကလည်း ၀ ကို ယုံကြည်မှုမရှိဘူး။  ၀ လည်းတပ်မတော်ကို ယုံကြည်မှုမရှိဘူး။ ဒီဖြစ်စဉ်ကို ဒီတိုင်းကြာကြာထားလို့မရဘူးဆိုတာလည်း တပ်မတော်က သိတယ်။ ဒီခေတ်က နိုင်ငံရေးက အဆင့်မြင့်တယ်။ ဒီတိုင်းနေနေလို့မရဘူး  ။  ရွေးစရာလမ်း ၂ လမ်းဘဲရှိတယ်။ ကျနော်တို့အချင်းချင်းပူးပေါင်းပြီးရန်သူကိုတိုက်ကြမလား။ သို့မဟုတ် ရန်သူနဲ့ပေါင်းပြီးအချင်းချင်းပြန်တိုက်ကြမလား။ ဒါမယ့်ဘယ်အဖွဲ့အစည်းကိုဘဲကြည့်ကြည့် ရန်သူနဲ့ ပေါင်းပြီးကိုယ့်အချင်းချင်းပြန်တိုက်မယ်ဆိုတာတော့ လုံး၀မဖြစ်နိုင်တဲ့ကိစ္စပါ။

မေး။ ။ TNLA နဲ့ကောခင်ဗျ။ အရင်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ကြားဖူးတယ်။ အခုဖြစ်နေတဲ့ပြဿနာတွေအပေါ်ဖြေရှင်းဖို့ဘယ်လိုနည်းလမ်းတွေရှိပါသလဲခင်ဗျ။

ဖြေ။   ။ပထမတကြိမ်တွေ့ဆုံဆွေးနွေးကြတုန်းက ဒုတိယအကြိမ်ဆွေးနွေးဖို့တောင် ချိန်းဆိုထားကြပြီ။ တွေ့ဖို့ပြင်နေတဲ့အချိန် သူတို့က ကျနော်တို့ကိုလာတိုက်လို့ တွေ့ဆုံဆွေးနွေးရေး ကိုရပ်ဆိုင်း ထားလိုက်ရတယ်။  သူတို့က ဆွေးနွေမှုမလိုချင်ဘူးဆိုတဲ့သဘောဘဲ။ မဟုတ်ဘူးလား။ ဘာကြောင့် လာပြီး စတင်ပစ်ခတ်တာလဲကျနော်တို့ကို။  ဒီအပေါ် ကျနော်တို့က ဘယ်လိုနားလည်ရမလဲ။

မေး။  ။အဲလိုဆိုရင်ဆွေးနွေးစရာမလိုတော့ဘူးလားခင်ဗျ။

ဖြေ။   ။ ဆွေးနွေးရမယ်လေ။ ပစ်ခတ်တိုက်ခိုက်မှုလုပ်နေလည်း ပြဿနာက ပြီးမှာမှမဟုတ်တာ။  ကျနော်ပြောသလိုပေါ့ ဆွေးနွေးလိုစိတ်ရှိရင် ဆွေးနွေးဖို့ကမခက်ဘူး။  TNLA က ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသလိုချင်တယ်။ တပ်မတော်က ပေးထားပြီးပြီလေသူတို့ကို ။ အဲဒီအတွက်ကျနော်တို့က ဘာမှသွားမရှုပ်ဘူး။ နမ့်ဆန်တို့ ဘာတို့ဘက်မှာ။ ကျနော်တို့သွားချင်ရင်သွားနိုင်တာပေါ့။   အဲ့မှာ နေရာမရွေး စခန်းသွားချလို့ရတယ်။ ကျနော်တို့ ဆွေးနွေးချင်လို့ အဲလိုမလုပ်တာ။ အဖြေရှာဖို့က တွေ့ဆုံဆွေးနွေးဖို့နည်းလမ်းတခုဘဲရှိပါတယ်။  အခုအခြေအနေကိုကြည့်ရင် – RCSS ကို မတိုက်နဲ့တော့ – လို့ တအာင်းကို ၀ ကတခွန်းတည်းပြောရင် တိုက်ပွဲကပြီးပြီ။ ဒီပြဿနာက ကြီးလားဆိုတော့လည်း နိုင်ငံရေးမှာ ပြဿနာကြီးလည်းမဟုတ်ပါဘူး။

မေး။  ။ ဟုတ်ကဲ့အဲလိုဆိုရင် TNLA နဲ့ထပ်ဆွေးနွေးဖို့က —

ဖြေ။   ။ မရှိသေးဘူး။

မေး။  ။ သျှမ်းပြည်တွင်းပြဿနာနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေ၊ အင်အားကြီး တရုတ် ၊ အမေရိကန်နိုင်ငံတွေအခြေအနေကကော် ။

ဖြေ။   ။ ကမ္ဘာ့နိုင်ငံရေးအခြေအနေကလည်း အမြဲပြောင်းလဲနေတယ်။ ကျနော်တို့ ဖြစ်စဉ် အဟောင်း တွေချည်းသွားကြည့်နေလို့မရဘူး။ အမေရိကန်နဲ့ တရုတ်တို့က အသံတိတ်စစ်ပွဲ။ အရင်က ဝါဒတိုက်ပွဲ အခုကျတော့ စီးပွါးရေးတိုက်ပွဲ။ တရုတ်တွေက နာမည်သာ ကွန်မြူနစ်။ သူ့နိုင်ငံမှာက သူ့နိုင်ငံသား အတွက် ဒီမိုကရေစီအပြည့်အ၀ ။ တရုတ်လူမျိုးအတွက်အခွင့်အရေးအပြည့်ပေးထားတာ။ ဒီကနေ့ သူတိုးတက်ပြောင်းလဲလာတာဟာ ကမ္ဘာ့ပြောင်းလဲမှုနဲ့ပတ်သက်တယ်။ ကိုးရီးယား တောင်နဲ့မြောက် ကိုကြည့်ပါလား။ တခုတည်းနဲ့ ၂ နိုင်ငံဖြစ်နေတယ်။ နိုင်ငံရေးဝါဒ ကွဲပြားနေတာလေ။ ကျနော်တို့ ပြည်ထောင်စုလည်းဘဲ အရင်က မလုပ်တတ်လို့ ၂ ပိုင်းပြတ်ခါနီးဖြစ်ဖူးတယ်။ ဗကပ ခေတ်တုန်းက။ ဒါမယ့်အခုအခြေအနေကတော့ အဲဒီစိုးရိမ်ရတဲ့အဆင့်ကိုကျော်လွန်နိုင်ပြီလေ။

တရုတ်နိုင်ငံကိုကြည့်ရင် လက်ရှိမှာချထားတဲ့ ပေါ်လစီ ၃ ခုရှိတယ်။၁-  တရုတ်နိုင်ငံကို တိုးတက် အောင်လုပ်မယ်။ တရုတ်လူမျိုးတွေ ခေတ်မှီဖွံ့ဖြိုးတိုးတက်စွာနေနိုင်အောင်သူလုပ်ပေးမယ်။ တရုတ် နိုင်ငံတည်တံ့ခိုင်မြဲအောင် လုပ်မယ်။ ၂-  တရုတ်ဟာ ကမ္ဘာ့လုံခြုံရေးကောင်စီမှာပါဝင်တယ်။  ၃-   ဘယ်နိုင်ငံရဲ့ နိုင်ငံရေးကိုမှဝင်မစွက်ဖက်ဘူး- လို့ပြောတယ်။

ဒါပေမယ့် ဒီကနေ့ ဘာကြောင့်နယ်စပ်ဒေသကိုလာပြီးစွက်ဖက်ရသလဲ ဆိုလို့ရှိရင် နယ်စပ် မငြိမ်းချမ်းရင် သူတို့နိုင်ငံရဲ့လုံခြုံရေးကိုထိပါးစေမယ်။ ဒါကြောင့်သူဝင်ပါလာရတာဖြစ်တယ်။ ဒီတိုင်းရင်းသားတွေကိုသူတို့က သနားလွန်းလို့ကူညီမှုပေးနေတာမဟုတ်ဘူး။  သူတို့လုပ်သမျှဟာ သူတို့အကျိုးစီးပွါးအတွက်ဘဲ။ သူတို့က ကျနော်တို့နိုင်ငံထဲမှာ မြစ်ဆုံရေကာတာဆောက်ချင်တယ်။ ရထားလမ်းဖောက်ချင်တယ်။ ရေနံတွေ ဂက်စ်တွေ ကိုတရုတ်ကိုသယ်ချင်တယ်။ ဒါတွေအားလုံးက သူ့အကျိုးစီးပွါး သူ့နိုင်ငံသားအတွက်ဘဲလေ။

ဒါဆိုရင် သျှမ်းပြည်နဲ့တရုတ်နိုင်ငံက ထိစပ်နေတယ်ဆိုတော့  ကျနော်တို့သျှမ်းပြည်သားတွေ တရုတ်နိုင်ငံနဲ့ ကုန်ကူးနေတယ်။ ကျနော်တို့ဒေသထွက်ကုန်တွေကိုတရုတ်ကိုတင်ပို့ရောင်းချတယ်။ ထိုင်းဘက်ကို အဲလိုတင်ရောင်းနိုင်တာမရှိဘူးလေ။ ဒါကြောင့်တရုတ်က ကျနော်တို့ဆီက ထွက်တာ အကုန်ဝယ်တယ်။ တရုတ်က ကျနော်တို့နိုင်ငံသားတွေအတွက်ဈေးကွက်ဖြစ်နေတယ်။ ဒါကြောင့်ကျနော်တို့က တရုတ်ကို ကျော်လို့မရဘူး။ တရုတ်ကိုအားကိုးနေရတယ်။  သမိုင်းကိုပြန်ကြည့်ရင်လည်း သျှမ်းနဲ့တရုတ်က အမြဲဒွန်တွဲနေတယ်။ ဆိုတော့ဒီကနေ့ ကျနော်တို့ တရုတ်နဲ့ ပေါင်းတတ်ရင် ကျနော်တို့ ငြိမ်းချမ်းရေး ရနိုင်တယ်။ တရုတ်နဲ့မပေါင်းတတ်ရင် ကျနော်တို့ အမျိုးသားရေးတောင်မှ ဆုံးရှုံးနိုင်တယ်။

Leave a Comments

- Advertisement -spot_img

Latest article