Friday, April 26, 2024

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။


မူစယ်မြို့နယ် ဆိုင်ခေါင် ကျေးရွာ နှင့် စယ်လန့်ကျေးရွာ ကြားရှိ တံတားအောက်တွင် မပေါက်ကွဲသေးသည့် မိုင်း ၂ လုံးအား ဆိုင်ကျော့ ပြည်သူ့စစ် နှင့် တပ်မ ၈၈ တို့ ဖြုတ်နေစဉ် အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့မှ ပစ်ခတ်သဖြင့် ဒေသခံလူထု ခရီးသွားများ ယာဉ်ရပ်နားထားရစဉ်

ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ် ဆိုင်ခေါင် ကျေးရွာ နှင့် စယ်လန့်ကျေးရွာ ကြားရှိ တံတားအောက်တွင် မပေါက်ကွဲသေးသည့် မိုင်း ၂ လုံးတွေ့ရှိ သဖြင့် ခရီးသွားကားများ၊ ဆိုင်ကယ်များ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း စယ်လန့်နေ စိုင်းမောဝ် က ပြောသည်။

“ ဘယ်သူလာထောင်လဲတော့ မသိဘူး။ ဘာမိုင်းအမျိုးအစားဆိုတာတော့ ကျနော်မပြောနိုင်ဘူး။ ဆိုင်ကျော့ ပြည်သူ့စစ်နဲ့ တပ်မ ၈၈ က မပေါက်ကွဲသေးတဲ့ မိုင်းကို လာဖြုတ်သွားတယ်။ အဲ့မှာ တောထဲက နေ သေနတ်နဲ့လှမ်းပစ်လတယ်။ ဘယ်အဖွဲ့ဆိုတာ တော့ မပြောတတ်ဘူး” ဟု စိုင်းမောဝ် က ဆိုသည်။

ဆိုင်ကျော့ ပြည်သူ့စစ် နှင့် တပ်မ ၈၈ တို့ မပေါက်ကွဲသေးသည့် မိုင်း လာဖြုတ်ချိန်တွင် တောင်ပေါ်မှ အမည်မသိ လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း စိုင်းမောဝ် ကပြောပြသည်။

“ ခရီးသွားပြည်သူတွေ အတွက်ကတော့ ဘယ်ချိန် ဘာဖြစ်လာမယ်ဆိုတာ မသိဘူး။ စိုးရိမ်နေရတယ်။ အခုရက်ပိုင်းဆိုပိုပြီး စိုးရိမ်ရတယ်” ဟု နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက် အတွင်းရေးမှူး စိုင်းနောင့် ကပြောသည်။

မူစယ် နမ့်ခမ်း ပြည်ထောင်စု လမ်းမ မှာ မကြာခဏ ထိတွေ့မှုတွေ ဖြစ်ပွားသည့် အတွက် ခရီးသွားပြည်သူများ၊ ဒေသခံများအတွက် စိုးရိမ်မှုများ နေ့စဉ် ဖြစ်ပွားနေကြကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ရှိသည့် ဒေသဖြစ်သည့် အတွက် ဒေသခံများအတွက်လုံခြုံမှု မရှိသည့်ဒေသ ဖြစ်နေသည် ဟုလည်း ဒေသခံများက ပြောဆိုကြသည်။

ဇွန်လ ၃ ရက်နေ့က တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့သည် မူစယ်မြို့ရှိ ကိုယ်ပိုင် ကျောင်းများနှင့် ပြည်သူ့စစ်များထံ ယခုလ ၁၆ ရက်နေ့တွင် နောက်ဆုံးထား အခွန်လာရောက်ညွှန်ကြားထားသည့်အတွက် ၁၆ ရက်နေ့နောက်ပိုင်း မူစယ်ဒေသခံများ ပိုပြီး စိုးရိမ် သွားလာနေရသည်ဟုလည်း ပြောဆိုကြသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ် မြို့ နယ် အတွင်း ပြည်သူ့စစ်များ၊ တိုင်းရင်းသားလက်နက်ကိုင်းများ သွားလာလှုပ်ရှားပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် နေရာတခုလည်းဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article