Friday, April 26, 2024

နမ့်လန်ရေဘေးသင့်ဒေသခံတွေကို ကူညီဖို့ ပင်လုံလူငယ်များ ထောက်ပံ့မှုပစ္စည်းတွေကောက်ခံ

Must read

သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့က သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံပြည်သူလူထုတွေ၊ လူမှုအခြေပြုအဖွဲ့အစည်းတွေ  ၊ ဆရာတော်သံဃာတော်တွေ၊ သျှမ်းလူငယ်တွေစုပေါင်းအင်အားနဲ့ သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့က ရေဘေးသင့်လူထုတွေကိုကူညီထောက်ပံ့ မှုတွေသွားပေးကြမယ်လို့သိရပါတယ်။

နမ့်လန်ရေဘေးသင့်သူများအတွက် ကူညီထောက်ပံ့မှုပေးရန် ပင်လုံလူငယ်များ မြို့တွင်းအလှူခံဆင်းနေကြပုံ

ဇွန်လ ၁၃ ရက်နေ့မနက်ပိုင်းက ပင်လုံမြို့ သျှမ်းစာပေနဲ့ယဉ်ကျေးမှု အဖွဲ့နဲ့ ဒေသခံ ရပ်မိရပ်ဖတွေ လွှတ်တော်ကိုယ်စားလှယ်တွေက မြို့တွင်း၄ ရပ်ကွက်မှာလှည့်လည်အလှူကောက်ခံပြီးတော့ နေ့ခင်းပိုင်းမှာတော့  ဆုစန္ဒီလူငယ်ခေါင်းဆောင်ဆုရှင်လည်းဖြစ်တဲ့ သျှမ်းလူငယ်ကွန်ယက် အဖွဲ့ခေါင်းဆောင် ဒေသခံလူငယ် စိုင်းဆုပါ၀င်တဲ့ လူငယ် ၂၀ ကျော်ဟာ  ကာယကုသိုလ်ယူ ပါ၀င်အင်အားဖြည့် ခဲ့ကြောင်းသိရပါတယ်။

ရပ်နီးရပ်ဝေးမိတ်ဆွေတွေကိုလည်း ပါ၀င်လှူဒါန်းနိုင်အောင် မနေ့ကတည်းက အွန်လိုင်းမှာလည်း ကျနော်တို့အလှူခံ ထားပြီးသားဖြစ်ပါတယ်။ ဒီရလာတဲ့ အလှူခံပစ္စည်းတွေကိုတော့ လာမယ့် သောကြာနေ့ ၁၅ ရက် နေ့မှာ စုပေါင်းပြီးတော့ သွားပြီး ပို့ ဆောင်ပေးဖို့စီစဉ်ထားပါတယ်။ – လို့စိုင်းဆုက ပြောပါတယ်။

ရေဘေးသင့်နေသောနမ့်လန်

ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၂၀၀၀ ကျော်ရှိတဲ့ နမ့်လန်မှာတောင်ကျရေကြောင့် ရေဘေးသင့်အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၃ ထောင်ကျော် အတွက် ကျန်းမာရေးဆိုင်ရာ၊ ပြန်လည် ထူထောင်ရေးဆိုင်ရာအတွက် အကူအညီများ စွာလိုအပ် နေပါတယ်။

ရေဘေးဒုက္ခသည်တွေအကူညီလိုအပ်နေတယ်လို့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကူညီထောက်ပံ့မှုသွားပေးတဲ့ ဇိန်နွံ ရှမ်းလူငယ်အဖွဲ့ ကစိုင်းဆေ က အခုလိုပြောပါတယ်။

ကျနော်တို့သွားတွေ့တော့ လမ်းပေါ်မှာအနုမြူမိုင်းပစ်ချထားသလိုဘဲ။ လမ်းလားချောင်းရေလားရေကန်လား ထင်သွား တယ်။ ပစ္စည်း တွေ ပြန်သုံးလို့မရတဲ့အထိရှိတယ်။ရေထဲမျောပါသွားတာတွေ ရှိတယ်။ ဆီဆားဆန် ဘာမှ စားစရာမရှိ အောင် တကယ့် ရေဘေးဒုက္ခသည်ဘဝရောက်နေတယ်ဗျ။

ပင်လုံဒေသခံစိုင်းဆုကလည်းအခုလိုပြောပါတယ်။

တမြို့လုံးနီးပါးရေလွှမ်းသွားတဲ့အတွက် ပျက်စီးဆုံးရှုံးမှုများပြားတယ်။ အဓိကကတော့ သောက်ရေပေါ့နော်။ တောင်ကျချောင်းရေတွေဟာ ရေတွင်းရေကန်ထဲကိုစီးဝင်လွှမ်းသွားတာကြောင့် သောက်ရေအခက်အခဲဖြစ်ရ တယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆား တွေ အထူးလိုအပ်နေတယ်။

နမ့်လန်ရေဘေးသင့်လူထုအတွက် သီပေါ ၊ ကျောက်မဲ၊ လားရှိုး ၊ သိန်နီ၊ မိုင်းကိုင် မြို့က စေတနာရှင်တချို့နဲ့ ပင်လုံမြို့အပြင် သျှမ်းပြည်နယ်အစိုးရ လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးကနေ ကူညီမှုတွေလာရောက် ပေးဆောင်နေပေမယ့် ပျက်စီးမှုများတာကြောင့် လုံလောက်မှုမရှိသေးဘူးလို့သိရပါတယ်။

သျှမ်းလူငယ်ကွန်ယက်အနေနဲ့တော့ သက်ဆိုင်ရာမြို့အသီးသီးက ရနိုင်သလောက် ကိုယ့်အချင်းချင်းအတွက် ကူညီထောက်ပံ့ ပေးဖို့ တောင်းဆိုထားပါတယ်။ တခြားဒေသက ညီကိုတိုင်းရင်းသားတွေကိုနိုးဆော်ချင် တာကတော့ သဘာဝ ဘေးအန္တရာယ် တွေကြောင့်အရင်က မကြုံစဖူး အခုလို ရေအကြီးအကျယ်လွှမ်း တာတွေဖြစ်နေရတဲ့ နမ့်လန်ဒေသခံအတွက် ပရဟိတလုပ်ငန်း လည်းဖြစ် လူသားချင်းစာနာထောက်ထား မှုလည်းဖြစ်တယ်။ တတ်နိုင်သလောက် ၀ုိင်းဝန်းကူညီဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျ။ – လို့စိုင်းဆုက တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ကတည်းက မိုးတွေဆက်တိုက်ရွာသွန်းတာကြောင့် နမ့်လန်မြို့မှာ ဇွန်လ ၁ ရက်နေ့ကတကြိမ်၊ ၃ ရက်နေ့က တကြိမ်၊ ၆ ရက်နေ့ကတကြိမ်နဲ့ ရ ရက်နေ့ကတကြိမ် ရေကြီးမှုကြုံတွေ့ကြရပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ ရေတွေကျသွားပြီဖြစ်ပေမယ့် ၁၃ ရက်နေ့အထိ မိုးဖွဲလေးတွေကျနေသေးကြောင်း သွားလာဆက်သွယ်ရေးခက်ခဲနေ ကြောင်းသိရပါတယ် ။

Leave a Comments

- Advertisement -spot_img

Latest article