Friday, April 26, 2024

RCSS/SSA ဆက်သွယ်မှုဖြင့် ဖမ်းဆီးရာမှ ဟိုပုံးဒေသခံ ၈ ဦး အမှု ၁၃ မှုဖြင့်တရားစွဲခံရ

Must read

ဂျုလိုင်လလယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအားတရားရုံးတော်မှာ တပ်မတော် ဘက်မှ အမှု ၁၃ မှု အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

“ဟိုပုံးဒေသ ၈ ယောက်ပေါ့၊ အမှုက ၁၃ မှု လက်နက်မှု ၊ ဥပဒေမှု နဲ့ အရေးယူတာပါတယ်၊ ပို့ကုန်သွင်းကုန် ဥပဒေနဲ့လဲပါတယ်၊ ဆက်သွယ်ရေး ဥပဒေနဲ့ စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရောက်တယ်ဆိုပြီးတော့မှ ကာကွယ်ရေးဥပဒေနဲ့ အရေးယူထားတာပါတယ်။ ဒါကြောင့်မလို့ အမှုတွေက များသွားတယ်” ဟု အမှုလိုက် ပေး သည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဖမ်းဆီးခံထားသည့် ဒေသခံ ၈ ဦးအား ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရကြောင်း၊ တစုံတရာ ချမှတ်စီရင်ခြင်းမရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုနေကြောင်း လာမည့် နို၀င်ဘာ ၂၉ ရက်နေ့တွင်လည်း ထပ်မံရုံးချိန်းထားသည်ဟုဆိုသည်။

“ရုံးချိန်းက ၁၀ ခါလောက်ရှိပြီထင်တယ် ၊ တစ်ချို့အမှုကတော့ တရားလိုသက်သေပြီးသွားပြီ သက်သေကုန်တဲ့ အမှုကတော့ စွဲချက်တင်ဖို့ သင့်မသင့်ဆိုတာ လျှောက်လဲချက် ပေးရမှာ။ ပုဒ်မနဲ့ အကြုံးဝင်တယ် မဝင်ဘူး ဆို တာပေါ့ ၊တစ်ချို့အမှုကတော့ သက်သေကျန်သေးတယ်၊ ၂၉ ရက်နေ့ ပြန်ချိန်းတယ် ၊ ဖမ်းခံရသူတွေက အချုပ် ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးတစ်ယောက်ပဲ အာမခံရထားတယ်၊ ကျန်တဲ့လူတွေက အချုပ်ခန်းထဲမှာ ၄ လလောက်ဖြစ်သွားပြီ” ဟု ရှေ့နေ စဝ်မြဝတီ ကပြောသည်။

ဂျုလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်း မပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား အချုပ်ခန်းသို့ပို့ဆောင်ချုပ်နှောင်ထားခြင်းဖြစ်သည်။

အလားတူ RCSS/SSA ၏ တပ်သား ၂ ဦး စိုင်းလုံနှင့် စိုင်းဆေလုံကို မိုင်းပျင်းမြို့နယ် မိုင်းပူးလုံအုပ်စု ကိန်းဟင်ရွာတွင် ဂျူလိုင်လ ၂၅ ရက်နေ့က မိုင်းဆတ်အခြေစိုက် ခမရ ၅၂၇ စစ်ကြောင်းက ဖမ်းဆီးလိုက်ပြီး ကျိုင်းတုံအကျဉ်းထောင်သို့ပို့ဆောင်ချုပ်နှောင်ထားသည်။

သို့သော် ဩဂုတ်လ ၁၁ ရက်နေ့က မိုင်းကိုင်မြို့ မိုင်းခွန်အုပ်စု ကွန်ယုံးရွာရှိ RCSS/SSA ထံ လက်နက်ချ သည့် မိုင်းပန်မြို့အခြေစိုက် ခမရ ၅၇၇ မှ တပ်သားသက်ဆွေကိုမူ RCSS/SSA က အောက်တိုဘာလ ၁၃ ရက်နေ့က လဲချားမြို့ရှိ အစိုးရတပ်မတော်ထံ ပြန်ပေးအပ်ခဲ့သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရ တပ်မတော် နှင့် တစ်နို်င်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော်အစိုးရမှ ၂၀၁၅ အောက်တိုဘာ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် တခုဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article