Friday, April 26, 2024

တပြည်ထောင်လား ၊ ပြည်ထောင်စုလား၊ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့ မျှခြေ ( ၄) ရပ်

Must read

(က) တခုတည်းသော ကွန်ဖက်ဒရေးရှင်း နိုင်ငံတော်အဖြစ် ကြော်ငြာလေ့ရှိတဲ့ တောင်အာဖရိက လူဖြူအစိုးရ

လူဖြူလူမည်းခွဲခြားပြီး တောင်အာဖရိကကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ လူဖြူအစိုးရအနေနဲ့ သူတို့အနေနဲ့ လူမျိုးစုပေါင်းစုံစုစည်းထားတဲ့ ကွန်ဖက်ဒရေးရှင်း တခုတည်းသော နိုင်ငံတော်ဖြစ်တယ်ဆိုတာ မကြာခဏကြော်ငြာ လေ့ရှိပါတယ်။

ပြည်ပနိုင်ငံက အကြီးအကဲတွေနဲ့ တွေ့ရင်ဖြစ်စေ ၊ ဒါမှမဟုတ်သူတို့ရဲ့ ၀ါဒဖြန့် မီဒီယာတွေနဲ့ ကျောင်းသုံးသင်ခန်းစာ တွေမှာအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ၀ါဒဖြန့်ပြီး လူဖြူကြီးစိုးတဲ့ တို်င်းပြည်ကို ပြည်ထောင်စုအသွင်ထင်မြင်လာအောင် လုပ်ဆောင်ကြတာပါ။ တဘက်မှာလည်း သူတို့အာဏာရယူထားမှုဟာ တရားဝင်တယ်ဆိုတာ နိုင်ငံတကာကို ပြသ ချင်နေပါတယ်။ ခရစ်ယာန် အမျိုးသားရေး အာဖရိကန် လူဖြူ ဘာသာစကားတွေက လူဖြူတွေရဲ့ အမျိုးသားရေးဝါဒအတွက် တနည်းအားဖြင့် အာဏာဆက်ထိန်းနိုင်ရေးအတွက် ၀ါဒဖြန့် သွတ်သွင်းတဲ့ ဒေါက်တိုင်တွေပဲဖြစ်ပါတယ်။ အမျိုး ဘာသာ စာပေအတွက် ငါတို့ ကာကွယ်မှရမယ်ဆိုတဲ့ အယူအဆမျိုးပါ။ တခြားလူမျိုးစုတွေရဲ့ ဘာသာစကား စာပေတွေက တရားမဝင်ပါ။

လူဖြူ အာဖရိကန်တွေကပဲ ဘုရားပေးထားတဲ့ တောင်အာဖရိက တိုင်းပြည်ကို ကာကွယ်နေတာ ဆိုတဲ့ အယူအဆတွေ ခိုင်မြဲအောင်လုပ်ထားသလို လူဦးရေများတဲ့ လူမည်းတွေက သူတို့ရဲ့ အာဏာကို ထိခိုင်နိုင်သူတွေအဖြစ် အပါ၀င် အတိုက် အခံတွေကို ကွန်မြူနစ်နွယ်သူ ခွဲထွက်ရေးသမား အချုပ်အခြာ အာဏာထိခိုက်စေသူ ဆိုဗီယက်သြဇာခံ စသဖြင့် စစ်အေးခေတ်ကာလတလျှောက်ပုံဖော်ခဲ့တာပါ။တချိန်တည်းမှာလည်း လူမည်းတွေကို တန်းတူ မဲပေးခွင့်ပေးလိုက်ရင် လက်ရှိလူဖြူတွေကြီးစိုးနေတဲ့ အခြေနေတွေယိမ်းယိုင်ကုန်မှာ ၊ အလုပ်အကိုင် လယ်မြေတွေ ခွဲဝေပေးရနိုင်တာ စသဖြင့် ၀ါဒဖြန့်မှုတွေအပါ၀င် သွားလာနေထိုင်ခွင့်က အစ ကန့်သတ်ခဲ့ပါတယ်။

ဒါဟာအလွန်ရယ်ရွှင်ဖွယ်ရာကောင်းပါတယ်။ အကျိုးစီးပွားတခုတည်းကြည့် မရိုးမသား နည်းလမ်းတွေသုံးပြီး စနစ်ဆိုးကြီးကို ဆက်အသက်ဝင်အောင်လုပ်တာပါ။ လို့ လူဖြူဖြစ်ပေမဲ့ ရပ်တည်ချက်မှန်ကန်ခဲ့တဲ့ သတင်းစာဆရာ စာရေးဆရာဖြစ်တဲ့ အလစ်စတာပတ်ခ့်က မှတ်ချက်ပြုပြောဆိုပါတယ်။

သူ့အနေနဲ့ကတော့ သူ့မျိုးဆက်တွေက တောင်အာဖရိကကို ရောက်လာတာ မျိုးဆက် ၅ ဆက်ကျော် ရှိလာတဲ့တိုင်အောင် ဒီတိုင်းပြည်က သူတို့သီးသန့်ပိုင်တဲ့ တိုင်းပြည်လို့ ခံစားလို့ မရကြောင်းလည်း ဆိုပါတယ်။

လူဖြူအစိုးရရဲ့ ဒီလိုလုပ်ရပ်တွေဟာ အာဏာကို နှစ်ပေါင်းများစွာ ထိန်းနိုင်ဖို့တော့ အတော်အသင့်တော့ အကျိုးရှိတယ် လို့ဆိုနိုင်ပါတယ်။
အမျိုးသားရေး ၀ါဒီအခြေခံအယူဝါဒ သွတ်သွင်းမှုတွေကနေ လူဖြူအုပ်စုအနေနဲ့ သူတို့အာဏာကို နှစ်များစွာ စွဲကိုင်နိုင်ပေမဲ့ တိုင်းပြည်ကတော့ ပဋိပက္ခတွေနဲ့ လုံးထွေးနေတဲ့အတွက် တခါမှ ဖွံ့ဖြိုးတဲ့ အခြေနေ ရောက်မလာခဲ့ပါ။

လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ နိုင်ငံတကာ ပိတ်ဆို့မှုတွေလည်းရှိလာခဲ့ကာ နောက်ဆုံးမှာတော့ ထွက်ပေါက်ရှာ တဲ့အနေနဲ့ ဖြေလျော့တဲ့ ဖြစ်စဉ်တွေကိုလုပ်ခဲ့ရပြီး မင်ဒဲလား ဦးဆောင်တဲ့ လူမည်းတွေနဲ့ စေ့စပ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရတာပါ။

အမှားတွေက ကြာရင် အမှန်ဖြစ် ဆိုသလိုပဲ လူဖြူအစိုးရတွေရဲ့ ၀ါဒဖြန့်မှုတွေက ဘယ်လောက်အားကောင်းလဲဆိုရင် လူမည်းတွေနဲ့ ဆွေးနွေးပွဲ အားကောင်းနေစဉ်ကာလမှာ လူဖြူအချို့က ဖွဲ့စည်းပုံ အသစ်ပေါ်လာရင် သူတို့ပိုင်ဆိုင်မှုတွေ ခွဲဝေပေးရမှာ ၊ ဒါမှမဟုတ် သူတို့အခန်းကဏ္႑ပျောက်နိုင်တာ ၊ အတိတ်က ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဥပဒေကြောင်းအရ အရေးယူခံရနိုင်တာတွေးကြောက်ပြီး ဆွေးနွေးပွဲခန်းမတွေကို ၀င်ရောက်ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။ တချို့ဆိုရင်လည်း ဖွဲ့စည်းပုံ အတည်ပြုပြီးရွေးကောက်ပွဲမကျင်းပခင်ကာလမှာ ပြည်သူ့စစ်အသွင်နဲ့ ပုန်ကန်ဖို့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး မင်ဒဲလားအပါ၀င် သူနဲ့ ဆွေးနွေးနေတဲ့ လူဖြူတွေထဲက သဘောထားအလယ်အလတ်ရှိသူတွေက စည်းရုံးနိုင်တာကြောင့်သာ ရွေးကောက်ပွဲကို နယ်မြေအားလုံးမှာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးအရ သဘောတူညီမှုတွေနဲ့ အာဏာလွှဲပြောင်းမှုတွေပြုလုပ်အပြီးမှာတော့ နိုင်ငံတော်အလံ နိုင်ငံတော်သီချင်းက အစပြောင်းခဲ့ရပါတယ်။ တချိန်တည်းမှာလည်း အစွန်းရောက်အမျိုးသားရေးဝါဒကို အားပေးစေတဲ့ အပြုအမူတွေအတွက် အခရာကျတဲ့ ပညာရေးစနစ်ကိုလည်း ပြောင်းလဲခဲ့ရပါတယ်။ အသွင်ကူးပြောင်းရေးကာလအပြီး ၉ နှစ်အကြာမှာ တနိုင်ငံလုံးအရေအတွက်နဲ့ တက္ကသိုလ်ကောလိပ်ကျောင်းသားပေါင်း ၁၃၀၀၀ ရှိတဲ့အနက် ၅၀၀၀ ဟာ လူဖြူ အာဖရိကန်နာတွေဖြစ်ပြီး ယခင်က သူတို့ရဲ့ ဘာသာ စာပေ စကားပျောက်မတတ်ကြောက်ပြီး တခြားလူမျိုးတွေရဲ့ ဘာသာ စကားစာပေတွေကို နှိပ်ကွပ်ခဲ့တဲ့ လူဖြူတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

သူတို့ရဲ့ ဘာသာစကားကလည်း တရားဝင်ဆဲဖြစ်ပြီး တခြားမျိုးနွယ်စု တွေရဲ့ ဘာသာစကားတွေကလည်း ဒေသအလိုက် တရားဝင် ဘာသာစကားတွေ ဖြစ်လာပါတယ်။ မင်ဒဲလားတက်ပြီးနောက်ပိုင်း ၉ နှစ်တာကာလအတွင်းမှာမှာ ငွေကြေးဖောင်းပွမှုက ၃ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းပဲရှိတော့သလို လူဖြူအစိုးရအုပ်ချုပ်တဲ့ ကာလတွေမှာတော့ ၁၄ ရာနှုန်းကနေ ၂၄ ရာခိုင်နှုန်းလောက်အထိ တနှစ်တနှစ်ကို ငွေကြေးဖောင်းပွမှုတွေဖြစ်ခဲ့တာပါ။ ပြည်ထောင်စုအသွင်ဖြစ်လာခဲ့ပြီး ကနဦးကာလ လူဖြူတွေတွေစိုးရိမ်ခဲ့သလို ၄င်းတို့ရဲ့ပိုင်ဆိုင်မှုတွေတော့ ကြီးကြီးမားမားထိခိုက်ခဲ့တာလည်း မရှိခဲ့ပါဘူး။

(ခ) အနော်ရထာ ဘုရင့်နောင် လက်ထက်ကတည်းက ပြည်ထောင်စုလို့ ဆိုလိုသူ

အတိတ်သမိုင်းမှာ တိုင်းရင်းသား အားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းကို တလောက ဖတ်မိလိုက်တယ်။ တူရကီ သံအမတ်ကြီးနဲ့ တပ်မတော်ရဲ့ အကြီးအကဲဖြစ်တဲ့ တပ်ချုပ်တို့ရဲ့ တွေ့ဆုံမှုကို Senior General Min Aung Hlaing facebook မှာ ဖော်ပြထားတာပါ။ အဓိက တိုင်းရင်းသား ၈ မျိုးနဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော်ရှိတဲ့ နိုင်ငံတခုအနေနဲ့ တိုင်းရင်းသား စုစည်းညီညွတ်မှု ရရှိရန်မှာ ခက်ခဲပေမဲ့ အနော်ရထာ ၊ ဘုရင့်နောင် ၊ အလောင်းဘုရား လက်ထက်တွေမှာ တိုင်းရင်းသား အားလုံး စုစည်းညီညွတ်စွာနဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကိုလိုနီအဖြစ် ဗြိတိသျှတို့လက်အောက်ရောက်တော့ နယ်ချဲ့တွေရဲ့ ခွဲခြားဆက်ဆံအုပ်ချုပ်မှုကြောင့် တိုင်းရင်းသား အချင်းချင်း အထင်မြင်လွဲမှားမှုကို ယနေ့တိုင် ဖြေရှင်းနေရဆဲဖြစ်တယ်လို့ ပြောကြောင်း ဖော်ပြထားတာပါ။ တူရကီနဲ့ အစဉ်အဆက် ဆက်ဆံခဲ့မှုအကြောင်းတွေ ရှေးယခင်က တူရကီ အင်ပါယာ ကျယ်ပြန့်ခဲ့မှု အကြောင်းတွေပါပါ ပါလာပါသေးတယ်။ ယခင်အတွေ့အကြုံတွေကြောင့် တို့တာဝန်အရေးသုံးပါးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ရှိတယ်ဆိုတာလည်း ပြောထားပါတယ်။ တပ်မတေ်ာအနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေဟာ ဖက်ဒရာယ်စနစ်ကို အခြေခံတဲ့ အခြေခံဥပဒေလို့လည်း ၂၁ ပင်လုံ ပထမအကြိမ်တုန်းက ပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။

(ဂ) ပြည်ထောင်စု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်လှမ်းမှီသမျှ တူးဆွကြည့်ခြင်း

ကမ္ဘာ့နိုင်ငံအများစုကို ပြန်ကြည့်မယ်ဆိုရင် တသားတည်းရှိကြတဲ့ လူမျိုးတမျိုးမျိုးက ၄င်းတို့ နေထိုင်ကြတဲဲ့ နယ်မြေတွေပေါ်မှာ ၄င်းတို့ရဲ့ နိုင်ငံတွေကို ၄င်းတို့ဘာသာ တည်ထောင်ခဲ့ကြခြင်း မဟုတ်ပဲ အုပ်စိုးသူဘုရင်များက စစ်အောင်ပွဲတွေကတဆင့် သိမ်းပိုက်နိုင်မှုတွေအပေါ် နယ်နိမိတ်အခြေခံသတ်မှတ်ခြင်းဖြင့်၄င်း ၊ နိုင်ငံတကာနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများက စစ်အောင်ပွဲတွေကတဆင့် ပိုင်းခြားသတ်မှတ်မှုဖြင့် လည်းကောင်း နှစ်ဘက်သဘောတူညီမှုများအရ သို့မဟုတ် နိုင်ငံအတွင်းရှိ အဓိက နယ်မြေဒေသလိုက် လူမျိုးအလိုက်ခေါင်းဆောင်များ၏ သဘောတူညီမှုအရလည်းကောင်း တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၁၇ ရာစုနောက်ပိုင်းအခြေနေကို ပြန်ကြည့်ရင် မဟာအင်အားကြီးနိုင်ငံတွေ သို့မဟုတ် နိုင်ငံတကာ အသိအမှတ်ပြု အဖွဲ့အစည်းတွေ စသဖြင့် တရပ်ရပ်ရဲ့ အထောက်ပံ့နဲ့ ထောက်ခံမှုမပါပဲ ဘယ်တပြည်ထောင်အမျိုးသားနိုင်ငံကိုမှတ် မထူထောင်နိုင်တော့ဘူးလို့ Linz. J က ဆိုပါတယ်။ စစ်ပွဲအောင်မြင်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ နိုင်ငံတွေမှာ စစ်အောင်နိုင်ခဲ့တဲ့ ဧကရာဇ်ဘုရင် (သို့မဟုတ် ) အာဏာပိုင်အဖွဲ့တွေက သူတို့ကိုယ်စားပြုတဲ့ လူမျိုးအများစု နေထိုင်တဲ့ နယ်မြေအပိုင်းအခြားကိုသာမက လူမျိုးတမျိုးရဲ့ အမှတ်အသားသရုပ်တွေဖြစ်တဲ့ ဘာသာစကား ၊ ကိုးကွယ်ယုံကြည် ယဉ်ကျေးမှု ဓလေ့ ၊ သမိုင်းအမှတ်အသားမတူတဲ့ လူမျိုးစုတွေရဲ့ နယ်မြေတွေလည်းပါ၀င်လေ့ရှိပါတယ်။ ဖရန်စစ်ဖူကူယားမားကတော့ အဲဒီလို နယ်မြေအပိုင်းအခြား တခုအတွင်း ကျရောက်နေတဲ့ လူမျိုး ၊ဘာသာစကား ၊ ကိုးကွယ်ယုံကြည်မှု ၊ ယဉ်ကျေးမှု ဓလေ့ ၊ သမိုင်းအမှတ်အသားမတူညီမှုတွေကို စုစည်းပြီး တခုတည်းသော အမျိုးသားဆိုင်ရာ နှုန်း ၊စံ ၊ တန်ဖိုးတွေကို အများသဘောတူ တည်ဆောက်ပြီး သဘောတူလက်ခံကျင့်သုံးလာမှုကို နိုင်ငံတော်တည်ထောင်ခြင်း Nation Building လို့ခေါ်ပါတယ်။ လူများစု လူမျိုး သို့မဟုတ် အောင်ပွဲခံလူမျိုးတမျိုးတည်းကိုသာ ပဓာနပြုထားတဲ့ နိုင်ငံရေးဦးဆောင်သူတွေက မတူကွဲပြားတဲ့ အခြားလူမျိုးများနဲ့ သမိုင်းစဉ်တလျောက် ၄င်းတို့နေထိုင်ခဲ့တဲ့ နယ်မြေတွေကိုပါ အတင်းအကြပ်သိမ်းသွင်းစုစည်းပြီး ၄င်းတို့လိုလားတဲ့ နှုန်း၊စံ ၊တန်ဖိုး အမှတ်သားသရုပ်လက္ခဏာတွေအဖြစ် ဖန်တီးတာကို တစ်ပြည်ထောင်အမျိုးသားနိုင်ငံတော် တည်ထောင်ခြင်း လို့သတ်မှတ်ပါတယ်။လူမှုယဉ်ကျေးမှု လက္ခဏာ ကွာခြားမှု မကြီးမားတဲ့ နိုင်ငံတွေ ၊ လူမျိုးကွဲများစွာ မရှိတဲ့ဖြစ်တဲ့ ဆွီဒင် ၊ ဂျပန် ၊ ပေါ်တူဂီနိုင်ငံတွေက တပြည်ထောင်အဖြစ်ကနေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအဖြစ် အလွယ်တကူ အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ တပ်မတော်အကြီးအကဲပြောခဲတဲ့ အနော်ရထာ ဘုရင့်နောင် ၊ အလောင်းဘုရားခေတ်ကတော့ ပြည်ထောင်စု လို့ဆိုဖို့ရာ အခက်အခဲရှိနိုင်ပါတယ်။ ဥပမာအားဖြင့် ဘုရင့်နောင် ကွယ်လွန်ပြီး ဘုရင့်နောင် နန်းတော်ကို လာတိုက်တာ ယိုးဒယားတွေကြီးကြီးမဟုတ်ပဲ ၊ ရခိုင် ရှမ်း ၊ မွန်တွေပါတာ ၊ အလောင်းဘုရားလက်ထက် ပဲခူးကို သိမ်းတော့ မွန်ရဟန်းသံဃာတော်တွေကို သတ်ဖြတ်တယ်လို့ မွန်သမိုင်းတွေမှာ ဆိုထားတာ ၊ ဗြိတိသျှ အရှေ့ အိန္ဒိယကုမ္ပဏီကို ရေးတဲ့စာမှာ အလောင်းမင်းတရားက မိမိကိုမိမိ တမ္ပရဒီပ၊ သုနာပရန္တတိုင်းရာမညဒေသနဲ့ ကမ္ဘောဇတိုင်း ဘုရင်လို့ ဖော်ပြခဲ့မှုကိုကြည့်ရင်ပဲ အလောင်းမင်းတရာ လက်ထက်အထိ နိုင်ငံအမည်ကို ဗမာပြည် ၊ မြန်မာပြည်စသဖြင့်တောင် မခေါ်နိုင်သေးတဲ့ သဘောဆောင်နေပါတယ်။ သမိုင်းစာအုပ်တွေတောင် အခုလို အန်အယ်ဒီ အစိုးရလက်ထက်မှ အားလုံးအတွက်မျှတတဲ့ သမိုင်းစာအုပ်တွေဖြစ်အောင် သုတေသနပြုမှုတွေ ပြန်လုပ်ရမယ်ဆိုတာကို အစိုးရကကြေငြာထားတာကြည့်ရင် အဆက်ဆက်သုံးခဲ့တဲ့ သမိုင်းပြဌာန်းစာအုပ်တွေကိုပါ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

နိုင်ငံတနိုင်ငံဟာ နယ်နိမိတ်မျဉ်း နှင့် လူမှုစည်းကြောင်းတကြောင်းတည်းဖြစ်လာဖို့ တနည်းအားဖြင့် လူမျိုးများတထပ်တည်းကျစေရန် အတွက် ပဒေသရာဇ်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ကြိုးပမ်းမှု နည်းလမ်း ၄ သွယ်ရှိတယ်လို့ ဆိုကြပါတယ်။ လူမျိုးစုအားလုံးတို့အား လူမှုယဉ်ကျေးမှု အမျိုးမျိုးနှင့် အမျိုးသားအမှတ်အသားသရုပ်လက္ခဏာတို့ကို နိုင်ငံ၏ အမှတ်အသားသရုပ်လက္ခဏာနဲ့ မိမိဆန္ဒအလျောက် သက်ဝင်လက်ခံကာ သစ္စာခံလာတဲ့နည်း ( ဥပမာ ထိုင်း နိုင်ငံမှာ လူမျိုးစုအားလုံးကို ထိုင်းများအဖြစ် ခံယူရန် စည်းရုံးနိုင်ခဲ့ပြီး တပြည်ထောင် ထိုင်းနိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့) ဒုတိယပုံစံမှာ ဘုံအမျိုးသားလက်္ခာတရပ်ဖန်တီးကာ နိုင်ငံနယ်နိမိတ်အတွင်း မှီတင်းနေထိုင်လာသည့် လူမျိုးအားလုံး သက်ဝင်ယုံကြည်လာစေရန်နှင့်နိုင်ငံတော်အပေါ် သစ္စာစောင့်သိလာစေရန် တိုက်တွန်းလှု့ံဆော်သည့်နည်းလမ်း ၊ တခါတရံချော့တခါ ခြောက်တလှည့်ဖြင့် ( ဥပမာ အိန္ဒိယ ) ဟိန္ဒူအများစုဖြစ်ပြီး ဟင်ဒီစကားပြောသူများသော်လည်း ဟိန္ဒူစတန်ဟု နိုင်ငံမပေးသလို အခြားဘာသာစကား သရုပ်လက္ခဏာကွဲပြားမှုများကိုလည်း တရားဝင်ခွင့်ပေး ၊ တတိယနည်းလမ်းမှာ လူများစု အမှတ်သားလက္ခဏာကို အခြားလူမျိုးတွေကိုပါ အတင်းအကြပ်လက်ခံစေတဲ့ နည်းလမ်းဖြစ်ပြီး အခြားလူနည်းစုတွေရဲ့ အမျိုးသားအမှတ်သရုပ်လက္ခဏာတွေို ပုံဖျက်ခြင်း ၊ ဖျက်ဆီးခြင်း ပိတ်ဆို့နှိပ်ကွပ်ခြင်းဖြစ်ပါတယ်။ စတုတ္ထနည်းလမ်းကတော့ အဆိုးရွားဆုံးဖြစ်သလို လူမျိုးသုံးသတ်ဖြတ်မှုတွေပါ ပါ၀င်တတ်ပါတယ်။ အမေရိကန် ဆွစ်ဇာလန် လို ပြည်ထောင်စုတွေကတော့ နယ်မြေအလိုက်သဘောတူညီမှု စာချုပ်နဲ့ တည်ထောင်လာတာဖြစ်ပါတယ်။တကယ်တော့ ပြည်ထောင်စုတည်ထောင်ဖို့ အမျိုးသားရေးအရ တသားတည်း We ကျွနု်ပ်တို့ဖြစ်ဖို့ဆိုတာ စိတ်ရှည်သီးခံ အမြော်မြင်ရှိရှိတည်ဆောက်ရမဲ့ အရာတွေပါ။

ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့နယ်နိမိတ်ပိုင်နက်နဲဲ့ ယဉ်ကျေးမှု နယ်နမိတ်မျဉ်းတွေက တထပ်တည်းကျနေရမယ်လို့ဆိုကြပါတယ်။ အဲဒီလို အနေထားကြောင့် နိုင်ငံတစ်ခုအတွင်းမှာလူမျိုးတစ်မျိုးတည်းပဲ ရှိနေရမဲ့ သဘောဆောင်ပါတယ်။ ယဉ်ကျေးမှုနဲဲ့မတူကွဲပြားတဲ့ မျိုးနွယ်စုတွေရှိတဲ့နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ ဗဟို ရွေးကောက်ပွဲတွေ ကျင်းပပေးလိုက်ရင် မဂျော်ရတီလူမျိုးတစ်မျိုးကပဲအမြဲနိုင်နေမှာဖြစ်တဲ့အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေအဖို့နစ်နာမှုတွေရှိနိုင်တာကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့ အဲဖရက်စတီဖင်ကဆိုပါတယ်။

ဒါဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှုဓလေ့ထုံတမ်းပေါင်းစုံရှိတဲ့ နိုင်ငံတွေမှာ ပြဿနာပေါင်းများစွာကြံုတွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ်။ တစ်ချို့ကလည်းတွေ့ရတဲဲ့ ပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်တဲဲ့အတွက်ကာလရှည်ပြည်တွင်းစစ်ပြဿနာအဖြစ် မရောက်ကြပါဘူး။ မရှင်းနိုင်တဲဲ့တိုင်းပြည်တွေကတော့ ကာလရှည်ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
အောင်မြင်သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင် လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံဆိုတဲဲ့ အနေထားမျိုးမဟုတ်ကြပါဘူးလို့ အဲဖရက်စီဗင် ၊ ဟွမ်လင့်တို့နဲ့ အိန္ဒိယနိုင်ငံက ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational Democracies ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။

သူတို့ခွဲပြတဲ့ အုပ်စုတွေကတော့

အုပ်စု (၁) ။ ။ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပြားတဲဲ့နိုင်ငံတွေဖြစ်တယ်။အဲဒီလိုစုံလင်တဲ့အထဲမှာ တစ်ချို့ယဉ်ကျေးမှုရှိတဲဲ့ လူတွေကသီးခြားစုဖွဲဲ့နေထိုင်ကြတယ်။ သူတို့အတွက်ထင်ရှားတဲဲ့အုပ်စုအသီးသီးကနိုင်ငံရေးမျက်နှာစာမှာ ပြောဆိုနေကြတယ်။တစ်ချို့အမျိုးသားရေးအရကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကို သုံးပြီး လွတ်လပ်ရေးဆိုတဲဲ့ အဆင့် အထိ ပြောဆိုနေကြပါတယ်။ အဲဒီအုပ်စုဝင်တွေကို Robustly Multinationalလူမှု့အဖွဲ့အစည်းတွေလို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ် ၊ စပိန်ကကာတလန်ပြည်နယ် တို့ပါ၀င်သလို ဘယ်လဂျီယံကတော့ ဖလမ်းဒါးဒေသကြောင့် ပါ၀င်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု ၊မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက်ပြည်နယ်ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စုထဲပါ၀င်သွားပါတယ်။

အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲဲ့တိုင်းပြည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာစကားယဉ်ကျေးမှုအရ အုပ်စုတွေကနိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် အုပ်စုဖွဲ့ စုဖွဲဲ့တာတွေလုပ်မနေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်းလုပ်မနေကြပါ။ ဆွစ်ဇာလန် နဲ့အမေရိကန်လို နိုင်ငံတွေဖြစ်ပါတယ်။

အုပ်စု (၃)။ ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းကတစ်နိုင်ငံလုံးကိုလွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။အဓိကလူမျိုးကြီးနဲဲ့ အလားတူရပိုင်ခွင့်တွေတောင်းနေတဲ့ လူမျိုးတွေလည်းမရှိကြပါ။ ဂျပန် ၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံအများစု ပါ၀င်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်းစတိတ်ဖြစ်ပါတယ်။ ၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရ ကောနိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်းရှိစေမဲဲ့တပြည်ထောင် အမျိုးသားနိုင်ငံ ( Unitary Nation State ) တည်ထောင်ဖို့စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကို ကြောက်လန့်စရာ သေဒဏ်ပေးနိုင်တဲ့ ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ်။ဒေသအလိုက်ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင်ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာတူညီတဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။

ဒါပေမဲ့လူမျိုးတစ်မျိုးနဲ့ တစ်မျိုး နိမ့်ချစော်ကားမှုတွေ မပါသလိုလိုသလိုပုံသွင်းမှုတွေ မပါပါဘူး။ ဆရာတွေအားလုံးကိုလည်း ဗဟိုကနေပဲလေ့ကျင့်သင်ကြားပေး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာ တစ်ခုတည်းဖြစ်လာအောင်နဲ့ ပေါင်းစည်းမှု သင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပေးထားပါတယ်။ ဒါပေမဲ့ ပြင်သစ်မှာပြင်သစ်နိုင်ငံသားဖြစ်မှုအပေါ် ပြဌားချက်တွေအတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ်။ ပေါ်တူဂီ ၊ ဂျပန် ၊ ဆွီဒင်တို့လည်း အောင်မြင်တဲ့တပြည်ထောင် နေးရှင်းစတိတ်ဖြစ်သွားဖို့နီးစပ်သွားသလို ဂျာမန်သြစတြေးလျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်း နေရှင်းစတိတ်ဖြစ်ဖို့နီးစပ်သွားပါပြီ။ အမျိုးသားနိုင်ငံတစ်ခုကို တည်ထောင်နေတုန်း လူ့အဖွဲ့အစည်း အတွင်းခြားနားမှုတွေက နိုင်ငံသားတွေအတွင်းသာတူညီမျှရှိတယ်လို့ ခံစားရတာ ၊ အားလုံး သမိုင်းကြောင်းတူညီတယ်လို့ခံစားရရင် ဒီမိုကရေစီတည်ဆောက်ရေး လမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဒါပေမဲ့ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသားနိုင်ငံမှာပဲလွယ်လွယ်ကူကူကူးပြောင်းနိုင် တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀ ရာစုနောက်ပိုုင်း ရောက်လာတဲ့အခါ အစိုးရမူဝါဒနဲ့တပြည်ထောင်အမျိုးသားနိုင်ငံတည်ထောင်ဖို့ ဆိုတဲဲ့ ကိစ္စတွေကအခက်အခဲတွေရှိလာ တယ်လို့ သူကဆိုပါတယ်။ စပိန်တို့ဘယ်လ်ဂျီယံတို့လိုနိုင်ငံတွေတောင်ခွဲထွက်ရေးနဲ့ ကြံုရတာကို သူကထောက်ပြပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံ – ဘာသာစုံပြီးအဲဒီလိုစုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ်ထင်ရှားလေးနက်နေရင် ( State-Nation ) လူမျိုးစုံချစ်ကြည်ရင်းနှီးမှု ပါတဲ့ စရိုက်လက္ခဏာအခြေခံနိုင်ငံကို တည်ထောင်ဖို့ စဉ်းစားဖို့ ၊ ဖန်တီး ဖို့ ၊အသိအမှတ်ပြု ထောက်ခံဖို့ လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ ပတ်သက်လို့စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသား မျိုးနွယ်စု လူမျိုးစုံယဉ်ကျေးမှုအစုံပါ၀င်တဲ့ စုံလင်များပြားတဲ့ နိုင်ငံဖြစ်တယ်။သို့သောနိုင်ငံတော်အပေါ် သစ္စာရှိ ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာပြည်သူများက ထောက်ခံတဲဲ့ စနစ်မျိုး ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

မြန်မာက ကာလရှည်တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဟာ အောင်မြင်တဲ့ State Nation မတည်ဆောက်နိုင်မှု ၊ တပြည်ထောင်သွတ်သွင်းမှုနဲ့ သက်ဆိုင်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အဲဒီပြည်တွင်းစစ်နဲ့နိုင်ငံဆင်းရဲမွဲတေ မှုကလည်း အချိုးကျနေပါတယ်။ ‘ ဗဟိုအစိုးရရဲ့ မတော်မတရားပြုမှုကို ခံနေရတယ်လို့ ခံစားနေရတဲ့ လူမှုအသိုက်အဝန်းတွေ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ဗဟိုအစိုးရနဲ့ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေတဲ့ လူမှုအသိုင်းဝိုင်းတွေအတွက် ဖက်ဒရာယ်စနစ်လိုအပ်တယ်။ ဒီစနစ်ကြောင့် နိုင်ငံတနိုင်ငံလုံးနဲ့ဆိုင်တဲ့ အစုအဖွဲ့တခုဖြစ်လာခြင်းရဲ့ အကျိုးကျေးဇူးအများအပြားကို ခံစားရမှာဖြစ်ပြီး တချိန်တည်းမှာလည်း သူတို့ဒေသကို သူတို့ အုပ်ချုပ်နိုင်ခြင်းကြောင့် လုံခြံုတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုလည်း ရရှိစေမှာဖြစ်တယ်လို့ ‘ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခနဲ့ ဖက်ဒရာယ်စနစ် အဆက်အစပ်ကို ဒေါ်နယ်ဟိုရိုးဝစ်က ထောက်ပြထားပါတယ်။ မျှခြေထွက်ဖို့ဆိုတာ ခက်ပေမဲ့ မဖြစ်မနေလုပ်ရမဲ့ ကိစ္စဖြစ်တယ်လို့သူက ဆိုပါတယ်။

(ဃ) ဒီ ၄ ချက် ဟန်ချက်ညီမှုနဲ့ တည်တံ့တဲ့ ငြိမ်းချမ်းရေး မျှခြေ

မြန်မာမှာလာနေဖူးတဲ့ Education Initiative ကဒါရိုက်တာ အီဂေါဘလာဇီဗစ်ကတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ ခလုတ်ကန်သင်း ၄ ရပ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ အန်အယ်လ်ဒီ အစိုးရ ကြံုတွေ့ရနိုင်ခြေပြသနာ ၄ရပ်ကို တွက်ပြပြီး အဲ ၄ရပ်ကနေ နိုင်ငံရေးမျှခြေထွက်ခဲ့ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရမယ်။ တနည်းအားဖြင့် ဒီမိုကရေစီ ဖက်ဒရာယ်ပြည်ထောင်စု တည်ထောင်နိုင်မယ်လို့ ဆိုလိုတာပါ။ ပထမအချက်မှာ အန်အယ်လ်ဒီအနေနဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေကို အာဏာပိုင်စိုးမှု မရှိဘူးလို့ ဆိုတယ်။ ဒုတိယ အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄င်းရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဟာ လုံဝ ဆန့်ကျင်ဘက်အနေထားမှာ ရပ်တည်နေတဲ့ တပ်နဲ့ တိုင်းရင်းသားတွေအကြား အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးနဲ့ စေ့စပ်ဖြန်ဖျေရေးအတွက် သမာသမတ်ကျတဲ့ ကြားလူအဖြစ်ဆောင်ရွက်ဖို့ လိုနေတာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဗဟိုမှ လွန်စွာချုပ်ကိုင်ထားတဲ့ အမျိုးသားနိုင်ငံတော်ကို ကာကွယ်ရန်ဆိုတဲ့အချက်နဲ့ ပြည်ထောင်စုမပြိုကွဲရေး နဲ့ ပြည်ထောင်စု စိတ်ဓါတ်မြှင့်တင်ရန်သာ တခုတည်းသောအဖြေဆိုတဲ့အချက်ကို နှစ်ပေါင်းများစွာ တရားသေ ဆုပ်ကိုင်ပဓာနပြုလာတာဖြစ်ပါတယ်။ အခြားတဘက်မှာလည်း တိုင်းရင်းသားများကို ဗဟိုပြုတဲ့ ဖက်ဒရာယ်စနစ်ဆိုတဲ့ ( ဗဟိုချုပ်ကိုင်မှု မရှိသလောက်ဖြစ်တဲ့ အခြေနေကိုရဖို့ ) တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ နှစ်ပေါင်းများစွာ လက်နက်ကိုင်လာတာဖြစ်ပါတယ်။စစ်တပ်ကိုလည်း မထိန်းနိုင်သေးတဲ့အပြင် တိုင်းရင်းသားတွေကိုလည်း ယုံကြည်မှုမဆောက်နိုင်တဲ့ ငြိမ်းချမ်းရေးဟာ အချိန်မရွေးပျက်နိုင်တယ်လို့ဆိုပါတယ်။

တတိယအချက်မှာ။ ဖက်ဒရာယ်ဝါဒကိုငြင်းပယ်ပြီး လွတ်လပ်သော အမျိုးသားနိုင်ငံတော် ( တနည်းအားဖြင့် ဗမာလူမျိုးအဖြစ် သွတ်သွင်းခြင်းမှာ ) အတင်းအကြပ်တည်ဆောက်ခဲ့မှုကြောင့် ဆယ်စုနှစ်ချီကြာမြင့်တဲ့ ပြည်တွင်းစစ်ဟာ မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။ နယ်မြေအတိအကျသတ်မှတ်ပေးထားတဲ့ တိုင်းရင်းသာများနဲ့ ဒေသတခုတည်းမှာ အစဉ်အဆက်နေခဲ့ကြတဲ့ အခြားတိုင်းရင်းသားမျိုးနွယ်စုတွေအကြား အကြိမ်ကြိမ် သဘောထားကွဲလွဲမှုတွေဟာလည်း ပြည်တွင်းစစ်သက်တမ်းပိုရှည်စေခဲ့တယ်။ ဘယ်ဘက်က ဖြစ်ဖြစ် သဘောထားအလယ်အလတ်ရှိသူတွေ ဦးဆောင်ဆွေးနွေးမှုတွေ မလုပ်ရင် အစဉ်အဆက်ပိုင် ဘိုးဘွားပိုင်မြေ ရပိုင်ခွင့်တောင်းဆိုမှုကြောင့် ပြန်လည်သင့်မြတ်ရေးသဟဇာတဖြစ်ဖို့ ခက်ခဲပြီး နှောင့်ယှက်လိုသူအချို့ကြောင့်လည်း ပိုပြီးတင်းမာနိုင်တယ်။

စတုတ္ထအချက် ။ ။ အဲဒီအချက်ကတော့ အလွန်လေးနက် နက်ရှိုင်းတဲ့ မေးခွန်းဖြစ်တယ်လို့ အီဂေါဘလာဇီဗစ်ကဆိုပါတယ်။ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာ ဗမာလူများစုတွေရဲ့ လွတ်လပ်တဲ့ အမျိုးသားနိုင်ငံတော်လား ၊ ဒီမိုကရေစီအရ တိုင်းရင်းသားမျိုးနွယ်စုများကို လေးစားမှု သည်းခံလိုက်လျောမှု ဘယ်လောက်ရှိမလဲ ၊ ထားနိုင်ပါ့မလား ။ ဒါမှမဟုတ် မြန်မာပြည်က မူလကတည်းက အချုပ်အခြာအာဏာပိုင်ဆိုင်ခဲ့တဲ့ ကွဲပြားခြားနားတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ အတူတကွဖန်တီးထားရာ အများဆိုင်နိုင်ငံတော်ဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ မူလအချုပ်အခြာအာဏာပိုင်မှု အနည်းငယ်သာဆုံးရှုံးရမဲ့ နိုင်ငံတခုဖြစ်လာမလားဆိုတာက အပေးအယူလုပ်ညှိနှိုင်းဆွေးနွေးရမဲ့ အရာတွေဖြစ်တယ်လို့ အီဂေါဘလာဇီဗစ်က သူ့ရဲ့ ဒီမိုကရေစီသို့သွားရာ လမ်းမထက်မှ အန္တရာယ်များနှင့် ဆူးညောင့်ခလုတ်များဆိုတဲ့ စာအုပ်မှာရေးသားထားပါတယ်။

Ref; Crafting State Nation ; India and Multinational Democracies Myanmar Quarterly (1) , (2) Francis Fukuyama ; Nation- Building; Beyond Afghanistan and Iraq Allister Sparks; Beyond The Miracle

မင်းခင်မောင်ရင်; ကွဲပြားမှု ကြီးမားသော လူ့အဖွဲ့အစည်းများတွင် နိုင်ငံတည်ထောင်ခြင်းနှင့် နိုင်ငံတည်ဆောက်ခြင်း ( မှတ်ချက်။ ။ ဆိုင်ဝမ်းဖှသည် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးဖြစ်သည်။ )

Leave a Comments

- Advertisement -spot_img

Latest article