Friday, April 26, 2024

နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန် အသက် ၁၅-၂၀ ကြား မိန်းခလေးများအား UWSA ဆင့်ခေါ်

Must read

နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာလေ့ကျင့်ရမည့် အမျိုးသမီးစစ်ရေးပြများအတွက် အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား UWSA တပ်မဟာအသီးသီးက မိမိထိန်းချုပ် နယ်မြေအတွင်းဆင့်ခေါ် လေ့ကျင့်နေ သည်ဟု သတင်းရရှိသည်။


UWSA ထိန်းချုပ်ထားသည့် ပန်ဝိုင်၊ နားဖန်း မိုင်းမော ပန်ဆန်း နှင့် ထိုင်းနယ်စပ် တကြော ၀တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အသက် ၁၅-၂၀ နှစ်ကြား အမျိုးသမီးများအား ၂၀၁၈ ဂျူလိုင်လတွင် စတင် ဆင့်ခေါ်ကြောင်း၊ နှစ် ၃၀ ပြည့်ပွဲ စစ်ရေးပြရန်အတွက် ၉ လ ကြာမည့်သင်တန်းအား သြဂုတ်လ ၁ ရက်နေ့ တွင် စတင်ကြောင်း၊ အဆိုပါသင်တန်းမှ အမျိုးသမီးစစ်သည်စစ်ရေးပြရန်၊ ဧည့်ခံကြိုဆိုရန်၊ ကပြဖျော်ဖြေရန် စသဖြင့် သင်တန်းအသီးသီးခွဲပို့ကြောင်း ကလေးမိဘ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဟိုတောင်းနေ ကလေးမိဘ ဦးအိုက်ကပ် က – ကျနော့်သမီးကို ဂျူလိုင် ၂၃ နောက်ဆုံးထားပို့ရမယ် ပြောတော့ ပို့လိုက်ရဘီ။ သွားတွေ့ခွင့်လဲမပေးဘူး။ မိဘတောင် သွားတွေ့ခွင့်မရဘူးဆိုတော့ လုပ်နည်းလုပ်ဟန် က မဟုတ်သေးဘူးလို့မြင်မိတယ်။ တချို့ ကြိုသိတဲ့သူတွေတော့ တရုတ်ဘက်ကို တိမ်းရှောင်ကြတယ်။ ကျနော်တို့တော့ အိမ်နဲ့ ယာနဲ့ ဆိုတော့ ထွက်ပြေးလို့မရဘူး။ အဲဒီသင်တန်းရောက်ပြီး ထွက်ပြေးလို့ ဖမ်းမိရင် တကယ့် ထာဝရစစ်သားလုပ်ရမယ် ပြောတယ်၊ ဒါပေမယ့် ထွက်ပြေးကြတာဘဲ ၊ တရုတ်ဘက်ကို – ဟု ပြောသည်။

ထိုင်းနယ်စပ်အနီး မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း ၀ တပ်ဖွဲ့ တပ်မဟာကြီး ၅ ခု၊ မြောက်ပိုင်း တရုတ်နယ်စပ် တွင် ၄ ခု တို့ နှစ် ၃၀ ပွဲအတွက် ကျရာ တာဝန် အသီးသီး တာဝန်ယူ ရသည်ဟုဆိုသည်။

တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက် တွင် နယ် ၅ ခု သတ်မှတ်ထားကြောင်း၊ မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုတောင်း၊ မိုင်းငျဲန်း၊ နမ့်ဖိုင် ဟူ၍ ရှိကြောင်း၊ တနယ်လျှင် အနည်းဆုံး မိန်းခလေး ၅၀ ဦး ၊ နယ်ကြီးပါက ၅၀ ဦးထက် ပိုကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ကိုယ့်အတွက်လုပ်တာမဟုတ်ဘူး။ ကိုယ့်ဒေသ ဂုဏ်သိက္ခာဘဲ။ တာဝန်ပျက်ကွက်လို့မရဘူး။ ကျရာတာဝန် ထမ်းဆောင်ရမှာဘဲ။ ဘာလူမျိုးမှ မခွဲခြားဘူး – ဟု တောင်ပိုင်း ၀ အရာ ရှိတဦးက ပြောသည်။

UWSA ၀ တပ်ဖွဲ့သည် ၁၉၈၉ ဧပြီလ ၁၇ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ဆန့်ကျင်ခွဲထွက်ကာ တပ်မတော် အစိုးရနှင့်အပစ်ရပ်ခဲ့သည်။ ထိုအနေ့အတွက် ဂုဏ်ပြုပွဲတော် ကျင်းပရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article