နေပြည်တော် – ပန်ဆန်း ခြေလှမ်းနဲ့ ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား ညီညွတ်ရေးအိပ်မက်

0

(က) နေပြည်တော်ရောက်ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ NCA အပြီး နောက်ခံကားချပ်

အပစ်ရပ်တိုင်းရင်းသားအဖွဲ့တဖွဲ့ဖြစ်တဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ အစိုးရသစ် တက်ပြီးနောက် ပထမဆုုံးအကြိမ်အဖြစ် နေပြည်တော်ကို ရောက်လာခဲ့ ပါတယ်။ သာမန်ကြည့်ရင်တော့ အပစ်ရပ်ထားတဲ့ အဖွဲ့တဖွဲ့ရဲ့ နေပြည်ေ တာ်မှာ အစိုးရ တပ်မတော် ခေါင်းဆောင်တွေကို လုပ်ရိုးလုပ်စဉ်အရ လာတွေ့တဲ့ ခရီးစဉ်လို့ ထင်မှတ်စရာရှိပေမဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်း သားအရေးကို စိတ်ဝင်စားသူတွေအတွက်ကတော့ ဒီခရီးစဉ်ဟာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။

ဒါကလည်း NCA အပစ်ရပ်လက်မှတ်ထိုးပြီးနောက် အပစ်ရပ် အဖွဲ့တွေနဲဲ့ အစိုးရ တပ်မတော်အကြား ဆက်ဆံရေးကိုကြည့်မယ်ဆိုရင် RCSS/SSA သျှမ်းပြည်တပ်မတော်အနေနဲ့ အစိုးရ တပ်မတော်နဲ့ ဆက်ဆံရေး အတန်ငယ်ဆိုးဝါးကာ ယုံကြည်မှု ကျဆင်းနေတဲ့အဖွဲ့ဖြစ်နေ တာကြောင့်လည်းဖြစ်ပါတယ်။

NCA အပစ်ရပ်ပြီးနောက် သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ အစိုးရ တပ်မတော်အကြား အကြိမ် ၃၀ လောက် ထိတွေ့တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ တခါ RCSS/SSA ရဲ့ အကြံပေးတဦးဖြစ်သူ စဝ်ဟန်ယောင်ဝေ ကို ငြိမ်းချမ်း ရေး ဖြစ်စဉ်မှာ သိပ်ပါတာမတွေ့တော့ဘူးဆိုတဲဲ့ အကြောင်းပြချက်နဲဲ့ အစိုးရဘက်က ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ် မှုလုပ်ခဲ့ပါတယ်။ ၂၁ ပင်လုံအစည်းအဝေးတွေမှာတော့ နိုင်ငံရေးအရ လိုလိုလားလား တောင်းဆိုခဲဲ့တဲဲ့ အပစ် ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကလည်း RCSS ဖြစ်နေသလို ၂၁ ပင်လုံအပါ၀င် ငြိမ်းချမ်းရေး ဖြစ်စဉ် နှောင့်နှေးနေမှုတွေနဲ့ ပတ်သက်လို့ အဖွဲ့အစည်းအတွင်း သုံးသပ်မှုတွေပြုလုပ်ပြီး အစိုးရ တပ်မတော်တို့ကို ဝေဖန်မှု အချို့ကိုလည်း RCSS/SSAဘက်ကလုပ်ခဲ့ပါတယ်။ ဒါ့အပြင် RCSS/SSAနဲဲ့ တပ်မတော် တို်က်ပွဲဖြစ်ပွားရာ ဒေသက ဒေသခံအချို့ကိုလည်း တပ်မတော်ဘက်က ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မကြာသေးခင်ကပဲ ထိုင်းနိုင်ငံချင်းမိုင်မှာ ကျင်းပဖို့ရည်ရွယ်ထားခဲ့တဲ့ သျှမ်းလက်နက်ကိုင်တွေ ၊ နိုင်ငံရေး ပါတီ တွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေ ပါ၀င်တဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီရဲ့ အစည်းအဝေးကို ပိတ်ခိုင်းဖို့ မြန်မာ စစ်သံမှူးက ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၃ ကြိမ် ကျင်းပပြီးသွားပေမဲ့ သျှမ်းအမျိုးသားအဆင့်ဆွေးနွေးပွဲတွေလည်း မကျင်းပ နိုင်ခဲ့ ပါဘူး။ ပအိုဝ်းလိုအဖွဲ့တွေကိုတော့ ကျင်းပခွင့်ပေးပြီး သျှမ်းတွေကို နေရာကန့်သတ်မှုတွေလုပ်တာ ပြည်နယ်မြို့ တော်နဲဲ့ ပင်လုံလို နေရာမှာ ကျင်းပခွင့်မပေးတာဟာ သွေးခွဲဆက်ဆံတာလို့ သျှမ်းအင်အားစုတွေက အမြင်ရှိပါတယ်။

သျှမ်းအင်အားစုတွေအနေနဲ့လည်း ၂၁ ပင်လုံ လာဆွေးနွေးမှုတွေဟာ ပြည်သူသဘောထားမပါနိုင်ဘူးလို့ အမြဲပြောနေခဲ့ပါတယ်။ တချိန်တည်းမှာလည်း NCA စာချုပ်အပြီး အကောင်ထည်ဖော်ပေးရမဲဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ တပ်ဖွဲ့ဝင်တွေ အခွန်ကောက်တာမျိုးတွေ မလုပ်ဖို့အတွက် တရားဝင် နယ်မြေသတ်မှတ်ပေးပြီး စိုက်ပျိုးမွေးမြူ ရေးနဲ့ ထုတ်ကုန်လုပ်ငန်းတွေ လုပ်ကိုင်စေရမဲ့ ကိစ္စရပ်တွေအတွက်လည်း အကောင်ထည်ဖော်နိုင်မှု မရှိသလို RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဆိုရင် တပ်မတော်က သူဥက္ကဌ အဖြစ် တာဝန်ယူထားတဲဲ့ ပစ်ခတ် တိုက် ခိုက် မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်မှုကော်မတီတွေကို အသုံးပြုပြီး တိုင်းရင်းသားတွေကို ဖိအားပေးနေတယ်လို့ အတိအလင်းေ ၀ဖန်ထားပါတယ်။

တပ်နဲ့ အစိုးရဘက်ကလည်း RCSS/SSAအပေါ် အမြင်တမျိုး ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် တဖွဲ့ချင်းအပစ်ရပ်ခဲ့တဲ့ ၂၀၁၁ က စလို့ အခု ၂၀၁၇ လောက် အတွင်း RCSS/SSA အဖွဲ့ဝင်တွေ အင်အား ၅ ထောင်လောက်တိုး လာတာ မျိုးပါ။ အကဲခတ်တွေရဲ့ လေ့လာချက်အရ ဆိုရင်တော့ RCSS/SSAရဲ့ တပ်ဖွဲ့ဝင်အင်အားဟာ တပ်မတော်နဲ့ တောက်လျှောက်တိုက်နေတဲဲ့ ကေအိုင်အေထက်တောင်များနေပြီး UWSA ၀ တပ်ဖွဲ့ပြီးရင် ဒုတိယ အင်အားအများဆုံုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်နေပြီလို့တောင် အကဲဖြတ်ကြတာ သတိထားမိပါတယ်။

အစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးကတော့ ‘ အရင်စစ်အစိုးရ လက်ထက် အပစ်ရပ်တုန်းစီးပွားရေးလုပ် တပ်အင်အားတွေစုပြီး ပေါ်လာခဲ့ တဲ့ ပန်ဆန်းတို့ ၀ နယ်တို့နေရာမျိုးတွေ တပ်က ထပ်မပေါ်စေချင်ဘူး။ ‘ လို့ စာရေးသူကို ပြောပါတယ်။

RCSS/SSAဘက်ကတော့ အတင်းအဓမ္မစုတာမဟုတ်တဲ့အတွက် ချိုးဖောက်ရာမရောက်ဘူး၊ ဒါဆိုတပ်ဘက်ကကော စစ်သားစုဆောင်းရေးနဲ့ DSA တွေဘာလို့ နှစ်စဉ်လုပ်နေသလဲ ဆိုပြီး တိုင်းရင်းသားမစုခိုင်းပဲ စစ်လက်နက်ကဖြုတ်သိမ်းရေး ကို စောစောလုပ်ခိုင်းနေတာက ဘယ်လိုလဲ ဆိုပြီး ထောက်ပြတာရှိနေပါတယ်။

ဒါ့အပြင် သျှမ်းအင်အားစုတွေအနေနဲ့ ၂၁ ပင်လုံတုန်းက အကြေအလည်ေ ဆွးနွေးမှုတွေလုပ်ခဲ့ကြသလို ခွဲမထွက်ခွင့်မူကို ထည့်သွင်းဖို့ ကိစ္စမှာ အရင်ကတည်းက လွတ်လပ်ရေးလည်းယူမယ် အတူတကွနေမယ်၊ တန်းတူရည်တူ ဖြစ်မှုအတွက် သဘောတူထားတာဖြစ်တဲ့အတွက် လွတ်လပ်ရေးသာရပြီး တိုင်းရင်းသား တွေအခွင့်အရေး ဘာမှ မရသေးချိန်မှာ ဘာမှမရေရာသေးပဲ ခွဲမထွက်ခွင့်ကို ဖိအားပေးသဘော တူခိုင်းတာဟာ တိုင်းရင်းသားတွေရဲ့ သိက္ခာကို ထိပါးရာရောက်တယ်ဆိုတဲ့ ယူဆချက်မျိုးတွေလည်းရှိပါတယ်။ တပ်နဲ့ အစိုးရဘက်ကတော့ သျှမ်းအင်အားစုတွေ တသံတည်းထွက် တမျိုးမျိုးဖြစ်မှာကိုတော့ တစုံတရာ စိုးရိမ်ဟန် ရှိတယ်ဆိုတာ ငြင်းမရတဲ့ အချက်ပါ။

သျှမ်းညီညွတ်ရေးဆွေးနွေးပွဲ ဖျက်သိမ်းဖို့ ဖိအားပေးချိန်မှာ လိုင်ဇာမှာ ကချင်လူထုတွေနဲ့ ကေအိုင်အေ တွေ့ဆုံပွဲလုပ်နေသလို UNFC တိုင်းရင်း သားလက်နက်ကိုင်တွေရဲ့ အစည်းအဝေးလည်း လုပ်နေခဲ့ပြီး အဲဒီဆွေးနွေး မှုတွေကိုတော့ ဖိအားပေးခဲ့ခြင်း မရှိတာပဲဖြစ်ပါတယ်။ ဒါကလည်း တနိုင်ငံလုံး လူဦးရေအရ ကြည့်ရင် သျှမ်းလူဦးရေက ဗမာမှ အပ ကျန် တဲ့မျိုးနွယ်စုတွေထက် များနေတာကြောင့်လည်း ဖြစ်ေ ကာင်းဖြစ်နိုင်ပါ တယ်။ နောက်ထပ် ပင်လုံနဲ့ ပြည်ထောင်စုနေ့တရားဝင် ဖြစ်တည်လာ မှုတွေကလည်း သျှမ်းမှာ အခြေပြုခဲ့တာဖြစ်ပါတယ်။

ဖက်ဒရယ်သျှမ်းမူဆိုတာ အစဉ်အလာအရ သျှမ်းတွေ ကိုင်စွဲရမဲ့ မူဆိုပြီး ကိုင်စွဲနေတဲ့ သျှမ်းအင်အားစုတွေ နဲ့ ဖက်ဒရာယ်မူဆိုတာ ခွဲထွက်ရေးဆိုပြီး ၀ါဒဖြန့် အာဏာသိမ်းခဲ့တဲ့ စစ်တပ်တို့အကြား သံသယကလည်း ဒီအချိန်အထိ တစုံတရာ ရှိနေတာတွေ့ရပါတယ်။

နေပြည်တော် ရောက် ဗိုလ်ချုပ်ကြီးယွက်စစ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက် မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းတည်ဆောက်ရေး ၊ တိုင်းရင်းသား နယ်မြေများ ဖွံ့ဖြိုးတိုးတက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှုဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတယ်လို့ အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်နဲ့ တွေ့ဆုံမှုမှာတော့ ၂၀၁၁ ခုနစ်ကတည်းက အပစ်ရပ်ခဲ့တဲ့ RCSS/SSAနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေမှာ နှစ်ဘက် နားလည်မှုနဲဲ့ အယူအဆကွဲလွဲမှုအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ တယ် လို့ တပ်ဘက်က သတင်းထုတ်ပြန်သလို NCAအတိုင်းအတူတကွ လျှောက်လှမ်းရေးကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၁ ကျိုင်းတုံမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ ဖွံ့ဖြိုးရေးနယ်မြေအဖြစ် မိုင်းပန်နယ်ထဲက မုန်းထော့ မုန်းထားကို သတ်မှတ်တယ်လို့ ပါပေမဲ့ တပ်က RCSS/SSA အဖွဲ့ဝင်တွေ အဲဒီမှာပဲ အားလုံးသွားနေဖို့ ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ သျှမ်းတောင် ၊ သျှမ်းအရှေ့တို့မှာ RCSS/SSAနဲဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ခဲ့တဲဲ့ နေရာတွေဟာ သျှမ်းပြည်နယ်အနံ့အပြားက RCSS/SSA အဖွဲ့တွေနဲဲ့ ဌာနချုပ်လွယ်တိုင်းလျန်းအကြား ဆက်သွယ်ရေးလမ်းပေါ်မှာ အဓိကကျတဲ့ အလယ်အူကြောနယ်မြေတွေဖြစ်ပြီး တပ်မတော်က လမ်းကြောင်းဖြတ်တောက်ဖို့ ရည်ရွယ်ခဲ့တာလို့ သျှမ်းပြည်အရေး လေ့လာတဲဲ့ အကဲခတ်တွေက ဆိုကြပါတယ်။

သဘောက နယ်မြေကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားနေမှုအပေါ် မကြိုက်တဲ့ သဘောလည်းဆောင်သလို အဲလို လှုပ်ရှားနေတဲ့အတွက် တရားဝင် နယ်မြေသတ်မှတ်မှုတွေ လုပ်ခွင့်မပြုတဲဲ့ အနေအထားမျိုးလို့ သုံးသပ်နိုင်ပါတယ်။

‘တပ်မတော်နဲ့ ကျွန်တော်တို့အကြားက တင်းမာမှုတွေလျှော့ချဖို့ တပ်မတော်ကလည်း အာမခံတဲဲ့အကြောင်း ၊ပြည်သူတွေ ၀န်ထုပ်ဝန်ပိုးမဖြစ်ဖို့ ၀ိုင်းဝန်းကူညီမဲ့အကြာင်း ဆွေးနွေးခဲ့တယ်။ တပ်နဲ့ ကျွန်တော်တို့အကြား နယ်မြေရှင်းလင်းတာတွေကို ဘယ်လိုဆက်ပြီး ဆွေးနွေးကြမလဲ၊ တင်းမာမှုတွေ ဘယ်လိုဖြေလျှော့မလဲ ဆိုတာတွေက အဓိက အနေနဲ့ ပါ၀င်တယ်။’ လို့ တပ်မတော်နဲဲ့ ဆွေးနွေးခဲ့မှုအပေါ် သျှမ်းပြည်တပ်မတော် တောင်ပိုင်း ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းက မီဒီယာတွေကို ပြောခဲ့ပါတယ်။

(ခ) ရန်သူဟောင်းနယ်မြေ ပန်ဆန်းသွားတောလားနဲ့ တိုင်းရင်းသား ညီညွတ်ရေး

ဗိုလ်ချုပ်ကြီးယွက်စစ်နေပြည်တော်ကို မလာခင် လွန်ခဲ့တဲ့အပတ်တွေ အတွင်း က RCSS/SSAက ဗိုလ်မှူးကြီး ဆောင်းဟန်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၀ ဒေသ ပန်ဆန်းကို သွားရောက်ခဲ့ပါတယ်။ဘီဘီစီ သတင်းတရပ်မှာတော့ ၁၅ နှစ်လောက် တိုက်ခဲ့တဲ့ UWSA ၀ နဲ့ RCSS/SSA ဆွေးနွေးလို့ ဖော်ပြထားတာ ကြည့်ရင် နိုင်ငံရေးမှာ အမြဲတမ်းရန်သူ ဆိုတာ မရှိနိုင်ဘူးလို့ မှတ်ယူကြရမှာပါ။ ဒီတွေ့ဆုံမှုဟာ ထိပ်သီးခေါင်းဆောင်တွေအချင်းချင်း မတွေ့ဆုံမီ ပဏာမ အဆင့် အလွတ်သဘောတွေ့ဆုံတာဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီရဲ့ အကြံပေးဖြစ်သူ ခွန်းဆေဂျိုင်းယန်က ဘီဘီစီကို ပြောထားပါတယ်။ နောက်ကြောင်းပြန်ကောက်ရမယ်ဆိုရင် RCSS/SSAနဲ့ ၀ တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေက RCSS/SSA အဖွဲ့ပေါ်မလာခင် ဦးခွန်ဆာရဲ့ MTA လက်ထက်ကတည်းက စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

စစ်အစိုးရရဲ့ ခွန်ဆာနယ်မြေတွေကို သိမ်းလို့ရရင် ရသလောက်ယူဆိုတဲ့ အစီအစဉ်ကြောင့် ၀ နဲ့ MTA တို့ဟာ တိုက်ပွဲစဖြစ်ခဲ့တာဖြစ်ပြီး နိုင်ငံတကာ ဖိအားတွေ ဒေသတွင်းဖိအားနဲဲ့ စစ်တပ် ၀ တို့ရဲ့ ဖိအား တပြိုင်နက်ကြံု နေပြီး ဦးခွန်ဆာ လက်နက်ချလိုက်ချိန်မှာတော့ အဲဒီအဖွဲ့ထဲဲက SURA စဝ်ယွက်စစ်ဦးဆောင်တဲဲ့အဖွဲ့ဟာ လက်နက် မချပဲ တပ်မတော်ကော ၀ နဲ့ပါ ဆက်လက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ SURA ကနေ RCSS အမည် ပြောင်းတဲဲ့အချိန်မှာလည်း ဆက်တိုက်ခဲ့ကြသလို တိုက်ပွဲတွေက ၂၀၀၆ ခုနစ်လောက်အထိကို ဖြစ်ခဲ့ တာပါ။ ၂၀၀၁ ခုနစ်ဝန်းကျင်က တာချီလိတ် အောက်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် နယ်စပ်ကျော် ကျည်ဆံကျတာတွေလည်း ဖြစ်ခဲ့သလို ထိုင်းအကူညီနဲ့ RCSS/SSAက တိုက်တယ်ဆိုပြီး ထိုင်းမြန်မာ ဆက်ဆံ ရေးပါ အနည်းငယ် တင်းမာခဲ့ရပါတယ်။ အဲဒီကာလတုန်းကတော့အခု ကိုးကန့် ဖြစ်စဉ်လိုပဲ RCSS/SSAကို စစ်အစိုးရက ဘယ်တော့မှ မဆွေးနွေးဆိုတဲ့ မူကို ချမှတ်ခဲ့ပါတယ်။ တရုတ်နယ်စပ်က ၀ တပ်တွေကို မြန်မာအတိုက်ခံမှန်သမျှ လက်ခံပြီး အမေရိကန်နဲ့ ပလဲပနံသင့်တဲ့ ထိုင်းနယ်စပ်နား နေရာချပေး ဖို့လုပ်တာဟာ ပထဝီနိုင်ငံရေး အားပြိုင်မှုလား ဒါမှမဟုတ် အုပ်စုချင်းမတူလို့ တိုက်ကြတာလားဆိုတာလည်း မေးခွန်းထုတ်စရာကောင်း ခဲ့တဲ့အခြေအနေပါ။

၂၀၀၆ ခုနစ်နောက်ပိုင်း ၀ နဲ့ RCSS/SSAတို့ မတိုက်ကြတော့ပေမဲ့ လက်နက်ကိုင်တွေနဲ့ သက်ဆိုင်တဲဲ့ နှစ်ဘက်မျိုးနွယ်စုတွေအကြားမှာတော့ အမုန်းတရားနဲ့ သံသယတွေ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ RCSS/SSAနဲ့ ၀ တပ်ဖွဲ့ တရားဝင်အပစ်အခတ်ရပ်စဲမှု ပြုလုပ်ခဲ့တဲ့ အချိန်ဟာ စစ်အစိုးရက ၀ တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေးနေတဲ့ ၂၀၀၉ -၂၀၁၀ ၀န်းကျင်မှာဖြစ်ပြီး ယူနန်အစိုးရ တာဝန်ရှိသူအချို့ရဲ့ ကမကထပြု လုပ်ပေးမှုနဲ့ နှစ်ဖွဲ့အကြား အပစ်ရပ်စဲမှုကို ပြုလုပ်ထားတာဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်း တရားဝင် ဆွေးနွေးမှု ၂ ကြိမ်လောက်လုပ်ခဲ့ပြီး နှစ်ဖွဲ့အကြား တိုက်ခိုက်မှုတွေ မရှိတော့ပေမဲ့ ၂၀၁၂ ခုနစ်တုန်းက သျှမ်းရွာသားတွေကို ၀ တောင်ပိုင်း တပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်ခဲ့ပြီး တင်းမာတာတွေ ရှိခဲ့ပေမဲဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီး ရွာသားတွေ ပြန်လွတ်လာခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ နှစ်ဘက်အကြား တိုက်ခိုက်တာတွေမရှိပေမဲ့ ၀ တပ်ဖွဲ့ရဲ့ သြဇာခံလို့ အများက ယူဆထားတဲဲ့ တအာင်းပလောင်အမျိုးသား တပ်ဖွဲ့ TNLA နဲ့ RCSS/SSA အကြားမှာတော့ နယ်မြေအငြင်းပွားမှုကတဆင့် တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ပထဝီနိုင်ငံရေးအရ သျှမ်းပြည်က နိုင်ငံ ၃ နိုင်ငံက ထိစပ်နေတဲဲ့အတွက် အရေးပါတဲ့ ပြည်နယ်လို့ ဆိုကြသလို အဲဒီပြည်နယ်မှာ အခြေစိုက်တဲဲ့ လက်နက်ကိုင်အဖွဲ့တွေအနက် UWSA ၀ တပ်ဖွဲ့နဲဲ့ RCSS/SSA တို့ဟာ အင်အား အများဆုံး အဖွဲ့နှစ်ဖွဲ့ဖြစ်နေတာကလည်း ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။ အဲဒီအဖွဲ့တွေသာ စုစည်းမိသွားရင်လည်း ကချင်ပြည်နယ်ကနေ ၊ သျှမ်းပြည်နယ်တောင်ပိုင်းအထိ လက်နက်ကိုင်တွေ အနေနဲ့ ကျယ်ပြန့်တဲ့ နယ်မြေကို အခြေပြုပြီး ပြည်မက အစိုးရထံ တောင်းဆိုမှုတွေ လုပ်လာနိုင်တဲ့ အနေအထားပါ။ တချိန်တည်းမှာလည်း ၀ တပ်ဖွဲ့ဟာ မြောက်ပိုင်းအဖွဲ့တွေရဲ့ FPNCC ကို ဦးဆောင်နေသလို အာစီအက်စ်အက်စကလည်း နယ်မြေ တည်ရှိ မှုအရ အဲဒီ အဖွဲ့ထဲမှာပါနေတဲ့ အနည်းဆုံး တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့လောက်နဲ့ နယ်မြေထိစပ် နေပါတယ်။ ဒါ့အပြင် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ သျှမ်းနိုင်ငံရေးပါတီတွေ ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါ၀င်တဲ့ သျှမ်းပြည်ညီညွတ်ရေး ကော်မတီရဲ့ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူနေသူလည်း ဖြစ်ပါတယ်။

ပန်ဆန်းသွားတဲဲ့ RCSS/SSA ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်ရေးအတွက် RCSS/SSAရဲ့ သဘောထားရပ်တည်မှုဆိုင်ရာ စာတစောင်ထည့်ပေးလိုက်တယ်လို့လညး် အဖွဲ့နဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။ ၀ နဲ့ နီးစပ်တဲဲ့ တအာင်းပလောင်အဖွဲ့ကတော့ RCSS/SSAနဲ့ သူတို့အဖွဲ့အကြား တိုက်ခိုက်နေမှု အဆုံးသတ်နိုင်ရေး ဆွေးနွေးပွဲတွေကို ပန်ဆန်းမှာလုပ်ဖို့ ဆိုပြီး မကြာခဏပြောဆိုနေတာကို ကြည့်ရင် ပန်ဆန်းသွားတဲ့ ဆွေးနွေးမှုဟာ တအာင်းပလောင်နဲ့ တိုက်ပွဲရပ်စဲရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားညီညွတ်မှုအတွက် ရည်ရွယ်တယ်ဆိုတာ တွက်ချက်ကြည့်လို့ရပါတယ်။ ခွန်းဆေကတော့ အသေးစိပ်မပြောပေမဲဲ့ ရလာဒ်ကောင်းတယ်လို့သာ နားလည်ကြောင်း ဘီဘီစီကို ပြောထားပါတယ်။

သျှမ်းအသိုင်းအဝိုင်းတွေက ထွက်လာတဲ့ အတည်မပြုနိုင်တဲဲ့ သတင်းတွေအရတော့ ၀ ၊ တအာင်းပလောင် TNLA နဲ့ RCSS အကြားဆွေးနွေးမှုတွေလုပ်နိုင်ဖို့ အခြားသျှမ်းလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ သျှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA က ကြားဝင်ဖို့ ပြင်ဆင်နေတယ် (ဒါမှမဟုတ် ) ညှိနှိုင်းပေးနေတယ်ဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။၀ တအာင်းပလောင် ၊ အာစီအက်စ်အက်စ အကြား ညီညွတ်ရေး ကိစ္စမှာ တိုက်ခိုက်မှုတွေ မဖြစ်ရေးအပြင် သက်ဆိုင်ရာ အဖွဲဲ့အစည်းအလိုက် အခြေချတဲ့ နယ်စပ်မှာ အခြားနိုင်ငံနဲ့ နယ်မြေထိစပ်မှုလို ကိစ္စအပြင် ၊ သျှမ်းအမျိုးသားရေးအလံထောင်တဲဲ့ RCSS/SSA နဲ့ သျှမ်းပြည်ထဲကနေမှ တရားဝင် ပြည်နယ်တွေ ခွဲသတ်မှတ်ပေးဖို့ တောင်းနေတဲဲ့ ၀ ၊ တအာင်းပလောင် ပြည်နယ် ၊ကွတ်ခိုင် နဲ့ မူဆယ်ဒေသက နယ်မြေတချို့ကို ကချင်ပြည်နယ်ခွဲအဖြစ် ကချင်တွေ အော်နေတဲ့ ကိစ္စတွေမှာ ဘယ်လို ညှိနှိုင်းကြမလဲဆိုတဲဲ့ အခြေနေတွေအပေါ်မှာလည်း မူတည်နေပါတယ်။

(ဂ) တိုင်းရင်းသား ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး အိပ်မက်ဘယ်လိုလဲ

အီဂေါဘလာဇီဗစ်ရဲ့ ဒီမိုကရေစီသို့ သွားရာ လမ်းမထက်မှ အန္တာရာယ် ဆူးငြောင့်ခလုတ်များ ဆောင်းပါးမှာတော့ ‘ဖက်ဒရယ်ဝါဒကို ငြင်းပယ်ပြီး လွတ်လပ်သောအမျိုးသား နိုင်ငံတော် ( ဗမာ ) အဖြစ် အတင်းအကျပ် သွတ် သွင်းခြငး်ဖြင့် ဆယ်စုနှစ်ချီကြာမြင့်တဲဲ့ ပြည်တွင်းစစ်ကို မီးလောင်ရာလေ ပင့်ဖြစ်စေတယ်။ဒါ့အပြင် နယ်မြေအတိအကျ သတ်မှတ်ပိုင်းခြားပေးထားတဲဲ့ တိုင်းရင်းသားလူများစုတွေနဲ့ ဒေသတခုတည်းမှာ အစဉ်အဆက်ေ နထိုင် ခဲ့တဲ့ အခြား တိုင်းရင်းသားမျိုးနွယ်စုတွေအကြား အကြိမ်ကြိမ်အခါခါ သဘောထားကွဲလွဲမှုတွေဟာ ပြည်တွင်းစစ် သက်တမ်းကို ပိုမိုရှည်ေ စခဲ့ တယ်။ ဘယ်ဘက်ကမဆို စေ့စပ်ဆွေးနွေးမှုတွေကို အလယ်အလတ် သဘောထားရှိသူတွေ မဦးဆောင်ဘူးဆိုရင် အစဉ်အဆက် ပိုင်ဆိုင်ခဲ့တဲ့ ဘိုးဘွားပိုင်မြေ ရပိုင်ခွင့် တောင်းဆိုမှုကြောင့် ပြန်လည်သင့်မြတ်သဟ ဇာတ ဖြစ်ရန် ခက်ခဲပြီး နှောင့်ယှက်ဖျက်ဆီးလိုသူ တဦးတယောက် ( သို့မဟုတ် ) အချို့ကြောင့်လည်း အခြေအနေတွေ ပိုမို ခက်ခဲလာနိုင်တယ်’ လို့ သတိပေးထားပါတယ်။

တည်ငြိမ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးမှာ အစိုးရနဲ့ တပ်အကြားဆက်ဆံရေးလည်း အရေးကြီးသလို တိုင်းရင်းသားတွေအကြား စည်းလုံးမှုနဲဲ့ တနိုင်ငံလုံး ဒီမိုကရေစီအုပ်ချုပ်ရေး တရားဥပဒေစိုးမိုးမှုနဲ့ ဗဟုဝါဒ အားကောင်းလာမှုကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် RCSS/SSAကတော့ ခက်ခဲတဲ့ လမ်းကြောင်းနှစ်ခုအ တွက် တပြိုင်နက်တည်း ရွက်စုံံဖွင့် တက်စုံလွှင့်လိုက် ပါပြီ။ အဲဒီလမ်းကြောင်းကလည်း တခုထဲ အောင်မြင်ပြီး အခြားတခုကျရှံုးလို့ မဖြစ်တဲ့ လမ်းကြောင်းတွေ ဖြစ်နေပြီး နှစ်ခုစလုံးအောင်မြင်မှသာ တည်ငြိမ်အေးချမ်းပြီး တန်းတူအခွင့်အရေးရတဲ့ နိုင်ငံဖြစ်ဖို့ အထောက်အကူပြုမှာဖြစ်ပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here