တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့် ဘဝသစ် ထူထောင်နေရတဲ့သူများ

“တိုက်ပွဲတွေက ဘာကြောင့် ခဏခဏ ဖြစ်တယ်ဆိုတာ မသိပေမယ့် ကျမတို့တွေကတော့ တိုက်ပွဲကြောင့် ခဏခဏ ပြေးခဲ့ရတယ်”လို့ အသက် ၂၇ နှစ်အရွယ် နန်းမိုခမ်းက စိတ်မကောင်းစွာနဲ့ ပြောပြလာပါတယ်။

ဟိုပုံးရောက် ကျောက်မဲစစ်ရှောင်တွေနေထိုင်တဲ့နေရာ

သူမက သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု ဝမ်မိုင်ပန်လုံကျေးရွာသစ်မှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင်းက သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စုတွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားခဲ့လို့ အိုးအိမ်စွန့်ပြီး ထွက်ပြေးလာခဲ့ရတာပါ။

နန်းမိုခမ်းဟာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်း တိုက်ပွဲများကြားထဲက ၈ ကြိမ် ထက်မနည်း အသက်လုပြီး ထွက်ပြေးလာခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ဘုန်းကြီးကျောင်းကနေ ဟန်ပုံးကျေးရွာ၊ သျှမ်းစာပေ နှင့် ယဉ်ကျေးမှုကျောင်း၊ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် နောင်လုံကျေးရွာ၊ ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု စည်တော်ကျေးရွာ နဲ့ တောင်ကြီးမြို့ ပေါ်သို့ ရောက်ရှိခဲ့ပါတယ်။

တောင်ကြီးမြို့သို့ လာရောက်ခိုလှုံစဉ်က စစ်ဘေးဒုက္ခသည် ဦးရေ (၅၀၀) ကျော်ကို ဝေဠုဝန်ကျောင်းတိုက်နဲ့ ပိဋကတ်ကျောင်းတိုက်မှာ တစ်ဝက်ဆီ ခွဲနေကြတယ်လို့ ဆိုပါတယ်။

ဝါတွင်းကာလမှာ ဥပုသ်စောင့်တဲ့သူကို လက်ခံဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုနှစ် ၂၀၂၂ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်က စစ်ဘေးရှောင်တွေကို ဟိုပုံးမြို့နယ် နားပုံကျေးရွာအုပ်စု ၊ ဝမ်မိုင်ကျေးရွာ အသစ် ထူထောင်ပြီး ထပ်မံပြောင်းရွှေ့ ပေးခဲ့ကြောင်း နန်းမိုခမ်းက စိတ်မကောင်းစွာ ပြောပါတယ်။

ဟိုပုံးရောက် ကျောက်မဲစစ်ရှောင်တွေနေထိုင်တဲ့နေရာ

“ ကျမတို့က ဘာမှမတတ်နိုင်ဘူး။ တောင်ကြီးမြို့ကို ရောက်လာနိုင်တာလည်း သံဃာတော်တွေကျေးဇူး ကြောင့်ပဲ၊ အခုထပ်ရွေ့ရမယ်လည်း ကျမတို့ကတော့ သဘောတူပါတယ်။ ကျမတို့ကို သံဃာတော်တွေက အမြဲတမ်း ကူညီပေးတာ အရမ်းလည်း အားနာလာပြီ၊ အဲ့ကြောင့် ကျမတို့ ပြောင်းရွှေ့လာခဲ့တယ် “ လို့ နန်းမိုခမ်းက ပြောပါတယ်။

ဝမ်မိုင်ကျေးရွာ အသစ်ကို ထူထောင်ခဲ့စဉ်က မညီမညာတဲ့ မြေပြင်ကြီးကို တပြေးတညီဖြစ်အောင် လယ်ထွန်ကားဖြင့် ထွန်ရစ်ပြီး သစ်ပင်၊ ခြုံပုတ်များကို ခုတ်ဖြတ်ရှင်းလင်းရာ ရွာအသစ်ကို ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ ဟိုပုံးမြို့နယ် ဝမ်မိုင်ကျေးရွာ အသစ်မှာ စစ်ဘေးရှာင် အိမ်ခြေ ၁၉၆ အိမ်ရှိပြီး လူဦးရေ ၅၆၇ ရှိပါတယ်။

“ အခု တဲ တွေ ထပ်ဆောက်နေတာ မပြီးသေးဘူး။ ဆောက်ပြီးသလောက်တော့ ရှိနေတယ်။ တချို့တဲတွေက မိုးကာနဲ့ ပတ်ပတ်လည် ဆောက်ထားတယ်။ တချို့လည်း ထရံနဲ့ ကာထားတယ်။ တဲတစ်ခုက ၂၀ ပေ ပတ်ပတ်လည် လောက်ဘဲ ကျယ်တော့ မိသားစုဝင်များရင်တော့ ကြပ်ကြပ်တည်းတည်းနဲ့ နေရတယ်“ လို့ နန်းမိုခမ်းက ပြောပါတယ်။

အခုလို ဆောင်းတွင်းကာလ ရောက်လာတဲ့အခါ မိုးကာ ပတ်ပတ်လည်နဲ့ ဆောက်ထားတဲ့ တဲအိမ်တွေမှာ လေမလှုံသဖြင့် ညဘက် လူအိပ်ပျော်ချိန်မှာ အိပ်ရန်ခက်ခဲကြောင်း အသက် ၃၀ နှစ်အရွယ်ရှိ နန်းလျန်က ရင်ဖွင့်လာပါတယ်။

“ ဒီမှာ ညသန်းခေါင်ကျော် အချိန်ဆို အရမ်းအေးတယ်။ ကျမနေတဲ့ တဲက မိုးကာ နဲ့ ဘေးပတ်ပတ်လည်ကို ပတ်ထားရုံလေးဘဲဆိုတော့ လေမလှုံဘူး။ ညဘက်လေတိုက်ရင် အိပ်လို့မပျော်ဘူး “ လို့ နန်းလျန်က သူ့ အခက်အခဲကို ပြောပြလာပါတယ်။

ဟိုပုံးရောက် ကျောက်မဲစစ်ရှောင်တွေနေထိုင်တဲ့နေရာ

အဲ့ဒီလို မိုးကာနဲ့ ပတ်ပတ်လည် ဆောက်ထားတဲ့ တဲအိမ်တွေဟာ နေ့ဘက်ရောက်ရင်တော့ နေ၏ အပူရှိန်ကြောင့် တဲ အတွင်းပိုင်း ပူအိုက်ပြီး နေထိုင်ရန် ခက်ခဲလှပါတယ်။

လတ်တလော စစ်ဘေးဒုက္ခသည် ပြည်သူများ၏ စားဝတ်နေရေးမှာတော့ အလှူရှင်ကပေးတဲ့ ဆန်၊ ဆီ၊ ဆား နှင့် တောင်ပေါ်ဒေသက ထွက်တဲ့ ဟင်းသီး၊ ဟင်းရွက် တွေကိုရှာပြီး စားသောက်နေရပါတယ်လို့ စစ်ရှောင်တွေက ပြောဆိုလာပါတယ်။

“ ထမင်းကို ဖရုံသီး ပြုတ်နဲ့ ရောစားတယ်။ တခါတလေ ကုလားပဲ စားတယ်။ ဒီဘက်မှာ သခွားသီးတွေပေါတော့ သခွားသုပ်၊ သခွားချက် စားရတာပေါ့။ မျှစ်ပေါတဲ့အချိန်ဆို မျှစ်သွားရှာပြီး ချက်စားတယ်။ ငါး၊ ဂဏန်း ရှာတတ်တဲ့သူဆိုရင်တော့ အသားတို့ ဘာတို့ နည်းနည်းပါးပါး စားရတယ် “ လို့ နန်းလျန်က ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အစာအာဟာရကို ပြည့်ဝစွာ မစားရတဲ့အပြင် ရောဂါကုသရန် ဆေးဝါးများ လုံလောက်မှု မရှိခဲ့တာကြောင့် နာတာရှည် ရောဂါခံစားနေရတဲ့ အသက် ၆၀ နှစ်အထက် အမျိုးသမီးတစ်ဦး နှင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဟိုပုံးရောက် ကျောက်မဲစစ်ရှောင်တွေနေထိုင်တဲ့နေရာ

“အခု စစ်ရှောင်လာတဲ့ ၆ လ နီးပါးအတွင်းမှာ သက်ကြီးရွယ်အို ၄ ယောက်လောက် ဆုံးသွားပြီ။ အစာအာဟာရ ကောင်းကောင်း မစားရတာကြောင့်ရယ် ဆေးဝါးတွေ ပုံမှန်မသောက်ရတာကြောင့်နဲ့ပေါ့။ အမျိုးသမီးက အသက် ၇၅ နှစ်ရှိပြီ ကျောက်ကပ်ရောဂါနဲ့ ဆုံးသွားတယ်။ အမျိုးသား ၃ ယောက်ကတော့ တစ်ယောက်က လေဖြတ်ရောဂါနဲ့ ဆုံးသွားတယ်။ နောက်တစ်ယောက်က သွေးတိုး ရောဂါနဲ့ ကျန်တဲ့ တစ်ယောက်ကတော့ အနာရောဂါနဲ့ ဆုံးသွားတာ “ လို့ ၎င်း အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းတွင် ကျန်နေတဲ့ နာတာရှည်ရောဂါ ခံစားနေရသူ အမျိုးသမီး ၅ ဦးကိုတော့ တတ်နိုင်သလောက် ဆေးဝါး ကုသပေးနေကြောင်း ဆိုပါတယ်။

ဇူလိုင်လမှစပြီး နိုဝင်ဘာလအထိ စစ်ရှောင်စခန်းတွင် နာတာရှည် ရောဂါခံစားရသူ အသက် ၆၀ နှစ်ကျော် အမျိုးသမီး ၁ ဦး၊ အမျိုးသား ၃ ဦးနှင့်အတူ အသက် ၃ နှစ်အရွယ် ကလေးငယ် အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

အလားတူ အသက် ၂၅ နှစ်အရွယ် နန်းဆိုင်ဦး နှင့် အသက် ၃၈ နှစ် နန်းအေးမြ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးသည် အစားအစာ အာဟာရပြည့်ဝစွာ မရတဲ့အတွက်ကြောင့် ကိုယ်ဝန် ၃ လကျော်နဲ့ ပျက်ကျခဲ့တယ်လို့ နန်းလျန်က ဆက်ပြောပါတယ်။

“ သူတို့ နှစ်ယောက်က ကိုယ်ဝန် ၃ လကျော် ၄ လ နီးပါးရှိပြီ။ သူတို့ ကိုယ်ဝန်ဆောင်လာကတည်းက အလုပ်ကြမ်းတွေ မလုပ်ခိုင်းဘူး။ တခါတလေ သူတို့ တဲအိမ်ဘေးပတ်ဝန်းကျင်မှာ မြက်တွေနုတ်တာ၊ ရှင်းတာတွေတော့ ရှိတယ်။ အစာအာဟာရ ကောင်းကောင်းမစားလို့ဘဲ သူတို့ ကိုယ်ဝန်ပျက်ကျသွားတယ် “ လို့ နန်းလျန်ကဆိုပါတယ်။

ဟိုပုံးမြို့နယ်အတွင်း ပြောင်းရွှေ့လာပြီး ရွာအသစ်ကို ထူထောင်ပြီး နေထိုင်လာခဲ့ရာ ယခုတွင် ၅ လကျော် ၆ လနီးပါး ရှိပြီးဖြစ်သော်လည်း နေရပ်အိမ် ကျောက်မဲမြို့နယ်ကိုတော့ ပြန်ရန်လမ်းမမြင်သေးကြောင်း နန်းမိုခမ်းက စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။

သူမတို့ နေထိုင်တဲ့ ကျောက်မဲမြို့ ဟူးဆွန်ကျေးရွာအုပ်စုမှာ လက်ရှိမှာတော့ သေနတ်သံတွေ မကြားရတော့ပေမယ့် ရွာရဲ့ ဘေးပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ရှိနေသလို တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဟာ အချိန်မရွေး ပြန်ဖြစ်နိုင်တဲ့ အခြေအနေပါ။

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ ပြည်သူရဲ့အသံကို နားမထောင်၊ ပြည်သူ့အခက်အခဲတွေ ကို မကြည့်သရွေ့တော့ စစ်ရှောင် ပြည်သူတွေရဲ့ဘဝဟာ ဘယ်သူ့ကိုမှ အားကိုးလို့ မရနိုင်တဲ့ အခြေအနေပါပဲ။

“ ကိုယ့်နေရပ်၊ ကိုယ့်အိမ်ကိုတော့ ပြန်ချင်တာပေါ့။ ဒီမှာက လူနေအိမ်နဲ့ မတူလည်း အိမ်ကကိုယ့်အိမ်ဘဲလေ၊ ဘယ်လိုဘဲ ဖြစ်ဖြစ် နေရပ်အိမ်ကို ပြန်ချင်ပါတယ်။ အခုတော့ နေရပ်ပြန်ဖို့ မမျှော်လင့် သေးသလိုဘဲ ပြန်ဖို့လမ်းလည်း မတွေ့သေးဘူး” လို့ နန်းမိုခမ်းက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...