ကျေးသီးမြို့နယ် သျှမ်းတပ် ၂ တပ်တိုက်ပွဲပြန်ဖြစ်

0

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းတွင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် RCSS/ SSA တို့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

သျှမ်းတပ် (၂)တပ် တိုက်ပွဲ ၁နှစ်နီးပါးရပ်နားခဲ့ရာမှ ယနေ့ (စက်တင်ဘာ ၂၁ )ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ကျေးသီးမြို့နယ် မိန်းရဲကျေးရွာအုပ်စု ပန်ဟိုက် ကျေးရွာ နှင့် ခိုနမ့်တောင်းကြားတွင် နှစ်ဖက်တပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မိနစ် ၂၀ လောက်တော့ကြာတယ်၊ လမ်းမနဲ့တော့ သိပ်နီးမယ် မထင်ဘူး၊ ပြည်သူလူထု ထိခိုက်မှု မရှိ ပေမဲ့ ကျနော်တို့ ပြည်သူအနေနဲ့တော့ စိတ်ပူရတောပေါ့၊ တိုက်ပွဲဖြစ်တိုင်း ရှောင်ရပြေးရ ခံရတာ ကျနော်တို့ ပြည်သူတွေပဲလေ” ဟု ကျေးသီးမြို့နယ်မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်တွင် မိုင်းနောင်-လဲချား ကားလမ်း အရှေ့ဘက်မှ နောင်ဘက်သို့ ကူးလာသည့် RCSS/SSA စစ်ကြောင်းသည် SSPP/SSA တပ်ဖွဲ့နှင့် တွေ့ပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံ များက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် နေရာသည် လွယ်ဟွန်းတောင်ခြေ အနီးတွင် တည်ရှိနေကြောင်းလည်း သိရသည်။

တိုက်ပွဲအခြေအနေ နှင့် ပတ်သက်ပြီး သျှမ်းတပ် (၂)တပ်ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

၂၀၂၁ ခုနှစ်ကတည်းက စတင်ကာ SSPP/SSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် RCSS/SSA တို့သည် ကျေးသီးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းကိုင် – လဲချားအထိ တိုက်ပွဲ ကူးစက်သည့်အတွက် စစ်ရှောင် ပြည်သူ ၁ သောင်းနီးပါးခန့်ရှိခဲ့ပြီး တချို့ပြည်သူများက ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်းလည်း သိရသည်။

Leave a Comments