သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။
ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။
မိုင်းဆတ်မြို့နယ်အတွင်း မဲရုံများရှိ အီလက်ထရောနစ် မဲပေးစက်တွင် ပါတီများကို မဲပေးရွေးချယ်ရန် ခလုတ်များ၌ ကပ်ထားသည့် ပါတီအမှတ်အသားများမှာ သေးငယ်နေခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် မျက်လုံးအားနည်းသူများအတွက် အခက်အခဲ ကြုံရပြီး တွေ့မိတွေ့ရာ ရမ်းသမ်း၍ ခလုတ်နှိပ် မဲပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
“ဒီနေ့က အဒေါ်ကြီးတစ်ယောက် မဲသွားပေးလာတာ၊ အဲ့ဒီက မဲပေးစက်မှာ ပါတီလိုဂိုတွေ အရမ်းသေးပြီး ကောင်းကောင်းမမြင်ရလို့ ရမ်းပြီးတော့ပဲ နှိပ်ခဲ့တာလို့ ပြောတယ်။ အခု ရွေးကောက်ပွဲမှာ လူငယ်တွေ မရှိတော့ဘဲ သက်ကြီးပိုင်းတွေပဲ ရှိတော့ အများစု အဲ့လို အခက်အခဲ ကြုံရတယ်” ဟု မိုင်းဆတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလို ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) တွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားသည့် မဲရုံများ၊ ကြံ့ခိုင်ရေးပါတီရုံများနှင့် ရဲစခန်းများအနီး ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံများမှာ မဲသွားပေးရန် စိုးရိမ်ထိတ်လန့်ခဲ့ကြောင်း တာချီလိတ်ဒေသခံများက ပြောသည်။
“မြို့ကြီးတွေမှာ ဗုံးပေါက်တဲ့ သတင်းကြားတော့ ဒီမှာလည်း အဲ့လိုဖြစ်မှာ ကြောက်တယ်။ မဲရုံဘက်ကို ပတ်သွားကြည့်ရမှာတောင် ကြောက်နေရတယ်။ ဒီဘက်မှာတော့ စစ်တပ်ကော ရဲကော ပြည်သူ့စစ်ကော အဖွဲ့ပေါင်းစုံ လုံခြုံရေးယူထားတာ တွေ့တယ်” ဟု တာချီလိတ်မြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံမြို့နယ်ရှိ မဲရုံများတွင်လည်း စစ်ကော်မရှင်တပ်သားများ၊ ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့နယ်တွင် မဲရုံ (၁၁၁) ရုံ၊ တာချီလိတ်မြို့နယ်တွင် မဲရုံ (၈၈) ရုံ၊ မိုင်းဆတ်မြို့နယ်တွင် မဲရုံ (၇၀) ရုံ ဖွင့်လှစ်ခဲ့ပြီး အများစုမှာ စာသင်ကျောင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဖြစ်သည်။












Leave a Comments