သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။
ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့ ရေများ အရှိန်ဖြင့် ဝင်ရောက်စီးဝင်နေသည်။
အဆိုပါ ရေကြီးမှုကြောင့် အထပ်နိမ့်နေအိမ်တွင် နေထိုင်သူများ ပြောင်းရွှေ့နေကြပြီး ကားလမ်းမများတွင်လည်း ရေကြီးနေသောကြောင့် သွားလာရ ခက်ခဲနေသည်ဟု မြို့ခံများထံမှ သိရသည်။
“ထိုင်းဘက်အခြမ်းက မနှစ်ကတည်းက ရေကြီးထားတော့ ကောင်းကောင်း ကာကွယ်ထားတယ်၊ သူတို့ အစိုးရ ကောင်းတော့ ထိုင်းဘက်ခြမ်းတော့ ရေမဝင်ဘူး၊ တာချီလိတ်ဘက်ကျတော့ ကာထားတဲ့ အုတ်တံတိုင်းပါ ကျိုးပြီး ရေတွေဝင်တာ၊ ရေစီးသန်တော့ သွားလာမရဖြစ်နေတာ၊ ရေက ခါးအထိ မြုပ်တယ်၊ အနိမ့်ပိုင်းကဆို ပြောင်းကုန်ပြီ၊ အထပ်မြင့်ကသူပဲ ကျန်တာ။”ဟု တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုသို့ နှစ်စဉ် ရေကြီးရေလျှံမှု ကြုံနေရသောကြောင့် အစိုးရအနေဖြင့် ချောင်းနံဘေးရှိ ရေဘေးအကာကွယ်များကို အခိုင်မာ တည်ဆောက်ပေးစေလိုကြောင်းနှင့် ပြည်သူများကို ငဲ့ကြည့်ပေးစေလိုကြောင်း ၎င်းအမျိုးသားက ပြောသည်။
ပြီးခဲ့သည် စက်တင်ဘာလ ၅ရက်နှင့် ၆ ရက်နေ့တွင် တာချီလိတ်မြို့တွင် မိုးများ အဆက်မပြတ်ရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှု ဖြစ်ပေါ်လာသည်ဟု သိရသည်။
“မိုးနဲနဲရွာလည်း ရေကတက်တယ်၊ မယ်ဆိုင်ချောင်းဘေး နေတဲ့သူက နှစ်တိုင်း ရေကြီးတာ ကြုံရတယ်၊ နှစ်တိုင်းကြီးကျတော့ အဆင်မပြေဘူး အခုဆို တာလော့ဈေးပါ ပိတ်ထားရတယ်၊ ရေပြန်ကျလည်း ရွှံတွေ နွံတွေ ကျန်ခဲ့တာ ရှင်းရတာအမော၊ နွေရာသီကျတော့လည်း ရွှံတွေက နေ ဖုန်တွေအဖြစ်ပြောင်း တော့ နေထိုင်လို့ မကောင်းဘူး၊ စိတ်ရှုပ်စရာကြီး။”ဟု တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နှစ်စဉ် ရေဘေးကြုံရသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ထိရောက်သည့် ကူညီဖြေရှင်းပေးမှု မရှိသောကြောင့် ဒေသခံများက ကိုယ်ထူကိုယ်ထဖြင့် ဖြေရှင်းနေကြရသည်ဟု အဆိုပါ အမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၄) ရက်နေ့တွင်လည်း တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်သဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ရသည်။
ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၁,၂၀၀ ကျော်တွင်ရှိသော တာချီလိတ်မြို့တွင် မိုးရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုး ခံရလေ့ရှိသော်လည်း ယခုနောင်ပိုင်းတွင် မြစ်အထက်ပိုင်း ရွှေ၊သတ္တုတူးဖော်မှုအလွန်အကျွံတူးဖော်မှုများကြောင့် ပိုဆိုးရွားလာကြောင်းမြို့ခံများက ပြောသည်။













Leave a Comments