သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၅၆ ဦးတို့ကို ဆက်စပ်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများအပြင် အခြားလောင်း ကစားလုပ်ငန်းများလည်း ဆက်လက်ရှိနေသေးပြီး ဖမ်းဆီးမှုများမှာ ယခုတစ်ကြိမ်သာမဟုတ်ဘဲ မကြာခဏ ဖြစ်ပေါ်နေကြောင်း တာချီလိတ်မြို့ခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က ကျားဖြန့်လုပ်တဲ့ နေရာတခုကို ဝင်ဖမ်းတယ်။ဒါမဲ့ ဒီမြို့မှာတော့ ကျားဖြန့်တွေ၊ကာစီတွေ၊ အလောင်းကစားအမျိုးမျိုးက ဆက်ရှိနေတာပဲ။ဘယ်လိုဖမ်းဖမ်း ပျောက်သွားတယ်ဆိုတာ မရှိဘူး။ ဖမ်းလာတာလည်း ကြာပြီ ခဏ ခဏဖမ်းနေတာ။သူတို့ဖမ်းနေလည်း လုပ်တဲ့လူတွေက ခဏရှောင်တယ်။သူဌေးတွေက အစအခြေအနေငြိမ်သွားရင် ဒီလုပ်ငန်းတွေ ပြန်လည်ပတ် နေကြတာပဲလေ။”ဟု တာချီလိတ်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးမှုတွင် အွန်လိုင်းလိမ်လည် လုပ်ငန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း ကွန်ပျူတာ မျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီးနှင့် အခြားဆက်စပ်ပစ္စည်းများကိုလည်း သိမ်ဆည်းရမိကြောင်း သိရသည်။
သျှမ်းပြည်အတွင်း လှုပ်ရှားနေသည့် ကျားဖြန့် အွန်လိုင်း လုပ်ငန်းရှိသည့် နေရာများ၊ လောင်းကစား ကာစီနိုရှိသည့် နေရာများကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မကြာခဏ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း လက်ရှိအချိန်ထိ ပပျောက်သွားခြင်း မရှိသေးကြောင်း သိရသည်။












Leave a Comments