SSPP နှင့် MNDAA တို့ နယ်မြေပြဿနာ တိုက်ပွဲဆက်တိုက်ဖြစ်

သျှမ်းပြည် လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။

ယခုနှစ်ဦးပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တရားဝင် အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ခဲ့ပြီး သင်္ကြန်ကာလနောက်ပိုင်း ဧပြီလ ၁၇ ရက်တွင် MNDAA သည် လားရှိုးမြို့မှ အပြီးအပိုင် ဆုတ်ခွာခဲ့သည်။

ထိုသို့ ထုတ်ခွာပြီးနောက်ပိုင်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် သျှမ်းတပ် SSPP/SSA တို့ လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်တွင် ဧပြီလနောက်ဆုံးပတ်မှ စတင်၍ နယ်မြေပြဿနာ အငြင်းပွားမှု ဖြစ်ပွားကာ တိုက်ပွဲဖြစ်ပွားလာသည်။

ယခု ဖြစ်ပွားသည့် မဟာမိတ်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲများသည် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ဖြစ်ပွားလာသော နယ်မြေအငြင်းပွားမှု တစ်ခုလည်းဖြစ်သည်။

အဆိုပါ နယ်မြေပြဿနာများ ပြေလည်ရန်အတွက် FPNCC ဉီးဆောင်အဖွဲ့ဝင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့သို့ ပြီးခဲ့သည့် မေလဆန်းပိုင်းတွင် SSPP ဘက်မှ ဗဟိုနိုင်ငံရေး ကော်မတီနှင့် MNDAA ဘက်မှ ဗဟိုအဆင့် တာဝန်ရှိသူများ နှစ်ဘက်တွေ့ဆုံပြီး စစ်ရေးတင်းမာမှု တိုက်ပွဲအခြေအနေများကို ဆွေးနွေးခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

ဆွေးနွေးမှု မအောင်မြင်ရသည့် အကြောင်းရင်းမှာ MNDAA ဘက်မှ မူဆယ်၊ ကွတ်ခိုင် တကြောရှိ SSPP တပ်စခန်းများ ဆုတ်ခွာပေးရန် သို့မဟုတ် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် SSPP မှ အခွန်ကောက်ခံခြင်း မပြုလုပ်ရန် တောင်းဆိုခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းမှု အတွင်း သဘောတူညီမှု တစုံတရာ မရရှိခဲ့ဘဲ အစည်းအဝေး ပြီးဆုံးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့ကြောင့် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား စစ်ရေးတင်းမာမှုကလည်း လားရှိုးဒေသခံများအတွက် စိုးရိမ်စရာဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးသွားတာက မကြာသေးဘူး၊ အခုက နောက်တစ်ပွဲ ပြန်စနေပြီ။ တိုက်ပွဲကြောင့် ကျနော်တို့ ပျက်စီးဆုံးရှုံးသွားတာတွေ များနေပြီလေ။ အခုလို တိုက်ပွဲဆက်လာဖြစ်တော့ ပြည်သူတွေ ရုန်းထဖို့ မလွယ်တော့ဘူး။ တိုက်ပွဲအကြီးအကျယ် ပြန်ဖြစ်မှာတော့ စိုးရိမ်တယ်၊ အခုတော့ တင်းမာနေတယ်လို့ ပြောကြတယ်။ တိုက်ပွဲတွေမဖြစ်ရင်တော့ကောင်းတာပေါ့၊ အခုမှ အေးချမ်းခါစပဲ ရှိသေးတယ် အေးအေးချမ်းချမ်း နေချင်တယ်လေ”ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

ယခုကဲ့သို့ MNDAA နှင့် SSPP တို့ တိုက်ပွဲဖြစ်ပွားရခြင်းသည် တရုတ်၏ အကျိုးစီးပွားဖြစ်သည့် BRI ပိုးလမ်းမကြီးနှင့် ဆက်နွယ်သက်ဆိုင်ကြောင်း သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားဖူးသည်။

“အခု SSPP နဲ့ MNDAA တို့ရဲ့ ပြဿနာကို ကြည့်မယ်ဆိုရင် တရုတ်ရဲ့ BRI ပိုးလမ်းမကြီးနဲ့ပဲ သက်ဆိုင်မယ်လို့ထင်တယ်။ ဒီ BRI ပိုးလမ်းမကြီးက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ လားရှိုး၊ ကွမ်းလုံ၊ ဟိုပန် ကနေလည်း တရုတ်နိုင်ငံထိပေါက်တယ်၊ ဒုတိယကမ္ဘာစစ်တုန်းက အင်္ဂလိပ်ဖေါက်ထားတဲ့ ရထားလမ်း။ ဒါကို ကိုးကန့်တပ်ဖွဲ့ကလည်း ဒီပိုးလမ်းမတစ်ကြောကို သူတို့ အကာအကွယ် ပေးနိုင်တယ်၊ လုံခြုံရေး ယူပေးနိုင်တယ် ဆိုတဲ့ဟာကို တရုတ်ကို ပြချင်တာ။ နောက်တစ်ခုကလည်း သတ္တုတွင်း လိုချင်တာပေါ့။ တရုတ်ကတော့ သူ့ BRI ပိုးလမ်းမစီမံကိန်း ဖြစ်မြောက်ဖို့ပဲ တစ်ဘက်ကလည်း နိုင်ငံကြီးသားပီပီ သူ့ဂုဏ်သိက္ခာကို ထိန်းထားချင်တော့ G to G ပေါ်လစီနဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေမှာပဲ”ဟု သျှမ်းနိုင်ငံရေး သုံးသပ်သူက ပြောဆိုသည်။

ဧပြီ ၂၈-၂၉ ရက်တွင် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းဘက်ရှိ SSPP တပ်စခန်းသို့ MNDAA က ဝင်ရောက်လာပြီး တပ်ဆုတ်ခွာရန်အတွက် ပြောဆိုရာမှ နှစ်ဘက်တပ်ဖွဲ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

အလားတူ ဇွန်လ ၁ ရက်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်ရွာအထွက်တွင် SSPP စစ်ကြောင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တပ်မ (၆၁၁) လက်အောက်ခံတပ်က ခြုံခိုဝင်ရောက် တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း SSPP Info မှ ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦး သေဆုံးသွားကြောင်းလည်း SSPP Info တွင် သတင်းဖော်ပြထားသည်။

ထို့သို့ တိုက်ပွဲပြန်လည် ဖြစ်ပွားရခြင်းမှာ ဧပြီလကုန်တွင် MNDAA ဝင်ရောက်နေရာယူထားသည့် နေရာများကို SSPP ဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် ပြန်လည်ဖြည့်တင်းခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း လားရှိုးဒေသခံများက မှတ်ချက်ပြုသည်။

ကိုးကန့်တပ်ဖွဲ့သည် ဧပြီ ၁၇ ရက်မှ စပြီး တရုတ်ဖိအားကြောင့် လားရှိုးမြို့မှ တပ်ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း SSPP/SSA လှုပ်ရှားနေသည့် သီပေါနှင့် လားရှိုးမြို့နယ်ရှိ နယ်မြေအချို့တွင် နယ်မြေကျူးကျော် တပ်စွဲလာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုတဖန် မေလ ၂၅ ရက်မှ စတင်ပြီး သီပေါနှင့် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့များ ကျူးကျော်ဝင်ရောက်လာခဲ့သည့် ကျေးရွာများသို့ SSPP/SSA ဘက်က အင်အားဖြည့်တင်းမှု ပြုလုပ်နေခြင်းကြောင့် နှစ်ဘက်စစ်ရေးတင်းမာမှု ရှိလာသည်။

SSPP/SSA နှင့် MNDAA တို့အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သဖြင့် ဟန်နားကျေးရွာအုပ်စုရှိ နားလိုင်ကျေးရွာ၊ ဟန်နားကျေးရွာ၊ ဟိန်းလွမ့်ကျေးရွာ၊ ကောင်းကော်ကျေးရွာ စသည့် ကျေးရွာဒေသခံများသည် ဘေးလွတ်ကင်းရာကို စစ်ဘေးထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...