Sunday, December 8, 2024

အိုဘယ့် သျှမ်းပြည်

Must read

“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်”

“ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ”

စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။ နီရဲနေသည့် မြေကြီးပေါ် ထွန်ယက် စိုက်ပျိုးထားသည့် သီးနှံစိုက်ခင်းများသည် အရောင်အသွေး စုံလင်လှပြီး မိုးဦးရာသီရောက်ပြီဟု အချက်ပေးနေလေပြီ။

သို့သော် ဆိုးဆိုးရွားရွား ပျက်စီးနေသည့် မြို့ပေါ်ဝယ် ယမ်းနံ့ မပျယ်သေး။ ပြည်သူတို့၏ ရင်တွင်း၌မူ နွေလယ်ခေါင်မက ပူပြင်းနေရပြီ တကား။

သျှမ်းမြောက်တွင် သမိုင်းဝင် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် စစ်ကောင်စီသည် သျှမ်းတောင်တွင်မူ အရာရာကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

မမျှော်လင့်သည့် သေနတ်သံ

စစ်ကောင်စီ၏ မာန်မာနကို ရိုက်ချိုးခဲ့သည့် သျှမ်းမြောက် စစ်ပွဲအစနည်းတူ သျှမ်းတောင် မြို့တော် တောင်ကြီး အနီး စစ်ပွဲ စတင်ခဲ့သည်မှာ မျှော်လင့်မထားသည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ဖြစ်သည်။

စစ်ပွဲသည် ရက်ပိုင်းသာဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ပအိုဝ်း တိုင်းရင်းသား အများစု နေထိုင်ရာ ဆီဆိုင်မြို့နှင့် တကွ ကျေးရွာ တချို့ ပြာကျခဲ့ပြီ။

စစ်ပွဲ၏ ကနဦး ရက်များတွင် အောင်မြင်မှု အချို့ရရှိခဲ့ပြီးနောက် ပိုမိုကျယ်ပြန့်သည့် အောင်မြင်မှုများ စောလျင်စွာ ရရှိရေး အတွက် သျှမ်းတော်လှန်ရေးတပ် ၂ ခု ပူးပေါင်း ပါဝင်တိုက်ခိုက်မည်ဟု သျှမ်းပြည်သူများ မျှော်လင့်ခဲကြသေးသည်။

သို့လေသော်လည်း သျှမ်းပြည်သူတို့ အားထားရာ ကျား ၂ ကောင်သည်ကား တောတောင်အတွင်း လမ်းပျောက်နေဆဲလော၊ သို့တည်းမဟုတ် ဂူအောင်းနေဆဲလော၊ သို့တည်းမဟုတ် စည်းစိမ်ယစ်နေဆဲလော။

သျှမ်းတောင် တော်လှန်စစ်သည် သျှမ်းမြောက်ကဲ့သို့ မလှပခဲ့ပေတကား။

(၆၆) နှစ်ပြည့် သျှမ်းတော်လှန်ရေး

စစ်အာဏာရှင် ဖက်စစ်တပ်၏ လူ့အခွင့်အရေးနှင့် တကွ အထွေထွေ ဖိနှိပ် အမြတ်ထုတ်မှုများကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး အတွက် သျှမ်းလူငယ် နွမ်စဝ်ဟန် ဦးဆောင်သည့် သျှမ်းလူငယ် (၃၁) ဦးသည် သျှမ်းပြည်တပ်မတော်ကို ၁၉၅၈ ခုနှစ်၊ မေလ ၂၁ ရက်နေ့က မိုင်းတုံမြို့နယ်၊ နမ့်ကျွတ်ချောင်းဘေး တောတွင်းတွင် သွေးသစ္စာရေ သောက်ပြီး လက်နက်ကိုင် တော်လှန်ရေး စခဲ့သည်မှာ ယခုနှစ် မေ ၂၁ရက်တွင် (၆၆) နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။

သျှမ်းပြည်တွင်း နေထိုင်သည့် လူထုအရေး၊ သျှမ်းအမျိုးသားအရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကြွေးကြော်ခဲ့သည့် သျှမ်းပြည်တပ်မတော်သည် တော်လှန်ရေး ကာလ ရှည်ကြာလာသည်နှင့် အမျှ အစိတ်စိတ် အမွှာမွှာ ဖြစ်ခဲ့ပြီးနောက် သျှမ်းအချင်းချင်း သွေးစွန်းခဲ့ရလေပြီ။

ယခုနှစ် မေ ၂၁ရက် ကျရောက်သည့် (၆၆) နှစ်ပြည့် သျှမ်းတော်လှန်ရေးနေ့တွင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေး ကြွေးကြော်နေသည့် သျှမ်းပြည်တပ်မတော် ၂ ခုသည် လက်ရှိ သျှမ်းလူထု လွတ်မြောက်ရေး မည်သို့ ဆောင်ရွက်နေသည်ကို ပြန်လည် သုံးသပ်သင့်ပြီ။

စစ်တပ် အာဏာသိမ်းပြီးနောက် ငြိမ်သက်ခဲ့သည့် သျှမ်းတပ် (၂) တပ်၏ တိုက်ပွဲများသည် ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် မြေပြင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်းဖြင့် လူထု၏ စိတ်နှလုံးကို ညှိုးနွမ်းစေပြန်သည်။

ထို့ဖြစ်စဉ်မျိုးသည် သျှမ်းတော်လှန်ရေးတပ် တည်ထောင်သူ သျှမ်းလူငယ် နွမ်စဝ်ဟန် ဦးဆောင်သည့် သျှမ်းလူငယ် (၃၁) ဦး၏ သွေးသစ္စာပြု တော်လှန်ရေး ဂုဏ်သိက္ခာကို ညစ်နွမ်းစေသည်ကို လက်ရှိခေါင်းဆောင် ဆိုသူများ ရှက်ရွံ့စွာ သတိပြုသင့်သည်။

သျှမ်းအချင်းချင်း သွေးဇာတ်ခင်း

ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ ပဒေသရာဇ် စရိုက်ဆိုးနှင့် ကိုယ်ကျိုးရှာမှုများဖြင့် ပြည့်နှက်နေသည့် သျှမ်းတော်လှန်ရေး ကာလ တစ်လျှောက် သျှမ်းအချင်းချင်းသာမက လူမျိုးစုများနှင့်ပါ သွေးဇာတ်ခင်းခဲ့သည်မှာ သမိုင်းက သက်သေ ဖြစ်သည်။

သမိုင်းကြောင်းအရ သော်လည်းကောင်း၊ လူဦးရေ အချိုးအစားအရ သော်လည်းကောင်း သျှမ်းပြည် တစုံလုံး လွတ်မြောက်ရေး အတွက် သျှမ်းတော်လှန်ရေးတပ်က ဦးဆောင်ဦးရွက် ပြုသင့်သည်သာ ဖြစ်သည်။

ယင်းသို့ ဦးဆောင်နိုင်ရေး အတွက် တမြေထဲနေ တိုင်းရင်းသား ညီအကိုယ်များအဖြစ် သျှမ်းတော်လှန်ရေး ခေါင်းဆောင်များက သည်းခံ ဆွဲဆောင် စည်းရုံးရမည်သာ ဖြစ်သည်။ လူမျိုးစု တိုင်းရင်းသားများ၏ ယူချက်ချက်များ၊ လုပ်နည်းလုပ်ဟန်များ အဆင်မသင့် မှားယွင်းနေပါက လမ်းပြ စည်းရုံးရမည်သာ ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ပဒေသရာဇ်စရိုက်ဆိုးဖြင့် တုန့်ပြန်မှုများရှိခဲ့သည့် အပြင် ယခုကဲ့သို့ တော်လှန်ရေး ကာလ ဘေးထွက်ထိုင်နေသည့် အကျိုးဆက် အဖြစ် သျှမ်းမြောက်တွင် လူမျိုးစု ညီနောင် တိုင်းရင်းသားများနှင့် ပွတ်တိုက်မှုများ ဖြစ်ပေါ်နေသည်မှာ ရင်လေးဖွယ် ဖြစ်သည်။

သမိုင်း သင်ခန်းစာသည် တန်ဖိုးကြီးလှသည်။ သို့သော် သျှမ်းတော်လှန်ရေးတပ် ၂ ခုသည် သင်ခန်းစာ ယူနိုင်ခြင်း မရှိပါဘဲ သျှမ်းအချင်းချင်း သာမက ညီနောင် တိုင်းရင်းသားများနှင့်ပါ သွေးဇာတ်ဆက်ခင်းရန် တာဆူနေဆဲ ဖြစ်သည်။

သမိုင်း တရားခံများ

သျှမ်းတော်လှန်ရေးသည် မတရားမှု မှန်သမျှ တော်လှန်ပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး တာဝန်ရှိသည်ဟု ပိုင်းဖြတ်ထားသည့် လူငယ် တစ်စုက စတင်ခဲ့ခြင်း ဖြစ်သည်။

လူထုက တိုက်ရိုက် တာဝန်ပေးအပ်ခြင်း မရှိပါသော်လည်း သမိုင်းပေးတာဝန် အဖြစ် လွတ်မြောက်ရေး တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းလူငယ်များ၏ လွတ်မြောက်လိုစိတ်နှင့် ရိုးသားစွာ အနစ်နာခံမှုများသည် လူထုကို ဆွဲဆောင်နိုင်ခဲ့ပြီးနောက် တော်လှန်ရေး အားကောင်းလာခြင်း ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရပါမူ ယနေ့ တော်လှန်ရေး ခေါင်းဆောင် ဆိုသူများကို လူထုက ရွေးချယ်ထားသည် မဟုတ်ပေ။ သို့သော် စစ်အာဏာရှင်ကို တော်လှန်ပါမည်ဟု ပြည်သူကို ပဋိညာဥ်ပြု၍ ပြည်သူလူထုထံမှ အခွန်ကောက်ခံခြင်း၊ စစ်သား စုဆောင်းခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ခေါင်းဆောင် ဆိုသူများ၏ မူရင်းတာဝန်သည် ပြည်သူ့ အထောက်အပံ့ဖြင့် စစ်အာဏာရှင်ကို တော်လှန်ရန်သာဖြစ်ပြီး တော်လှန်ရန် ဆန္ဒမရှိပါက ဘေးထွက်နေရန်သာ ဖြစ်သည်။

တော်လှန်ရေးတပ်သည် ပြည်သူလူထု၏ အထောက်ပံ့ခံများသာဖြစ်၍ သျှမ်းတော်လှန်ရေး သွေးကွဲခွင့် မရှိပေ။ ထို့အတူ သျှမ်းအချင်းချင်း သွေးဇာတ်ခင်းရန် လူထုက ခွင့်ပြုထားခြင်း မရှိသည်ကို ရှင်းရှင်းလင်းလင်း နားလည်ရန် လိုအပ်နေသည်။

အတိတ်ကာလဝယ် တော်လှန်ရေး ဆိုသည့် ခေါင်းစဥ်အောက်တွင် သျှမ်းအချင်းချင်း သွေးဇာတ်ခင်းခဲ့ပြီး ဖြစ်သည်။ ထို့အတူ တမြေထဲနေ ညီနောင် တိုင်းရင်းသားများနှင့်လည်း သွေးဇာတ်ခင်းခဲ့ပြီး ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရပါမူ ယင်းဖြစ်စဥ်ဖြစ်ရပ်များ ဖြစ်ပွားစေခဲ့သည့် ခေါင်းဆောင် ဆိုသူများသည် အမျိုးသားရေး တရားခံများသာ ဖြစ်သည်။

ပြည်သူလူထု၏ အထောက်အပံ့ဖြင့် ပြည်သူလူထု၏ ရင်နှစ်သည်းချာများအား အချင်းချင်း တိုက်ခိုက်စေပြီး အသက်ပေါင်းများစွာ အကျိုးမဲ့ ဆုံးရှုံးစေသူများသည် သမိုင်း တရားခံ၊ အမျိုးသားရေး တရားခံများသာ ဖြစ်ကြသည်။

ယင်းခေါင်းဆောင် ဆိုသူများသည် ၎င်းတို့၏ မာန အတ္တ အတွက် တော်လှန်ရေးကို ခုတုန်းလုပ်၍ အချင်းချင်း သတ်ဖြတ်ရန် အမိန့်ပေးနေသူများသာ ဖြစ်သည်။

အတိတ်ကာလမှသည် ယနေ့ ကာလအထိ ယင်းသို့ အချင်းချင်း သွေးမြေကျစေခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တော်လှန်ရေး ခေါင်းဆောင် ဆိုသူများ အနေဖြင့် ပြည်သူလူထုကို ရှင်းလင်း တင်ပြရန် လိုအပ်သည်။

ထို့အတူ သက်ရှိထင်ရှား သမိုင်း တရားခံများ အဖြစ် ဝန်ခံရန်လည်း လိုအပ်နေပြီ ဖြစ်သည်။

တော်လှန်ရေး မင်းသားများ

ကာလကြာမြင့်စွာ ရုန်းကန်ခဲ့ရသည့် သျှမ်းတော်လှန်ရေးသည် ယနေ့ စစ်အာဏာရှင်ကို အပြီးသတ် ဖြိုချရမည့် မူရင်း တာဝန်ကို တိတိကျကျ ထမ်းဆောင်ရမည် အချိန်ကာလ ဖြစ်သည်။

သို့သော် သျှမ်းတော်လှန်ရေး ခေါင်းဆောင်ဟု ဆိုသူ တချို့သည် အကျိုးစီးပွားနှင့်သာ လုံးခြာလည်နေသည်ဟု ဆိုရမည်။

တော်လှန်ရေး အကြောင်းပြုသည့် စီးပွားရေးသည် ၄င်းတို့အတွက် ချိုမြိန်လွန်းလှပြီး မင်းညီမင်းသားများ သဖွယ် စည်းစိမ် ဥစ္စာများ ရရှိခံစားနေကြသည်။

နေပြည်တော်သို့ သွားရောက်ခစားသည့် ခရီးစဉ်များတွင် ခေတ်သစ် မင်းညီမင်းသား အသွင်သဏ္ဍာန် အထင်းသား ပေါ်လွင်နေသည်။

တော်လှန်ရေး၏ အသီးအပွင့်သည် သျှမ်းလူထု၏ လွတ်လပ်မှုနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ဖြစ်သင့်သော်လည်း ခေါင်းဆောင် အချို့ အတွက်မူ စည်းစိမ်ခံစားရေးသာ ဖြစ်နေသည်။

လူထုကို အကြွေးဆပ်သင့်ပြီ

လူမျိုးရေး၊ အမျိုးသားရေး အခြေခံ တူညီပြီး လူမျိုးတူ၊ ဘာသာစကားတူ၊ စာပေတူ၊ ကိုးကွယ်သည့် ဘာသာတူသည့် သျှမ်းတပ် (၂) တပ် သည် နိုင်ငံရေးအရ အဖြေထွက်သည် အထိ ဆွေးနွေးခြင်း မပြုနိုင်သည်မှာ ပြည်သူလူထု အနေဖြင့် နာကျည်းဖွယ်ရာ ဖြစ်နေသည်။

လက်ရှိ အ‌ခြေအနေအရ လူထုသည် တော်လှန်ရေးတပ်ကို ပြန်လည် ကြောက်ရွံ့နေရသည်ဖြစ်ရာ ပါးစပ်ပိတ် နှုတ်ဆိတ်နေရပြန်သည်။

ယင်းသို့ ညီညွတ်ရေး ပျက်ပြားမှု၏ အကျိုးဆက် အဖြစ် သျှမ်းတော်လှန်ရေးတပ် ၂ ခုသည် ဟင်္သာ ကိုးသောင်း ဇာတ်ခင်းနေသည်မှာ ယနေ့တိုင် ဖြစ်သည်။

ယနေ့ကာလတွင် ဤအခြေအနေကို မဖြစ်မနေ အဆုံးသတ်သင့်ပြီ ဖြစ်သည်။ လူမျိုးတူ လူငယ်များ အချင်းချင်း တိုက်ခိုက်ရင်း သွေးမြေကျမှုကို အဆုံးသတ်၍ ပြည်သူလူထု လွတ်မြောက်ရေး ဆောင်ကြဥ်းပေးရန် အချိန်မနှောင်းသေးပေ။

အခွင့်သာခိုက် ပြည်သူလူထုကို မျက်နှာမူပါက သမိုင်းတရားခံများ အဖြစ်မှ ပေးဆပ် ရုန်းထွက်နိုင်ကြမည် ဖြစ်သည်။

ယင်းသို့မဟုတ်ပါဘဲ အကျိုးစီးပွားကို ဖက်တွယ်နေပါမူ သျှမ်းခေါင်းဆောင် ဆိုသူများ အနေဖြင့် သမိုင်းတရားခံများ အဖြစ် နေဝင်ချိန် လှပလိမ့်မည် မဟုတ်ပေတကား။

(ဤဆောင်းပါးသည် စာရေးသူ ခွန်နောင်၏ အာဘော်သာ ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article