သျှမ်းပြည် မူဆယ်မြို့တွင် စည်ပင်သာယာကား မတော်တဆ တိမ်းမှောက်မှုကြောင့် အလုပ်သမား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇွန်လ ၂၀ ရက်) ညနေ ၄ နာရီခွဲခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၌ စည်ပင်သာယာကား မတော်တဆ တိမ်းမှောက်မှုကြောင့် ကားပေါ်ပါလာသည့် အလုပ်သမား ၁၀ ဦး ဒဏ်ရာရှိခဲ့ပြီး ၎င်းတို့အထဲမှ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။
“မတော်တဆ လမ်းချော်ပြီး မှောက်သွားတာ။ ကားပေါ်ပါလာတဲ့ လူတွေရောဆိုတော့ ၁၀ ယောက်တော့ ထိသွားတာပေါ့။ ၄ ယောက်ကတော့ ခြေထောက်ကျိုးတယ်၊ ပေါင်ကျိုးတယ်။ ၄ ယောက်က လွဲရင်တော့ ကျန်တဲ့လူကတော့ ဆေးရုံဆင်းသွားပါပြီ”ဟု မူဆယ်မြို့မှ အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မူဆယ်မြို့နယ်တွင် ယခုကဲ့သို့ ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် ခြေလက်ဒဏ်ရာရ၍ ပေါင်ကျိုးသူ၊ ဦးခေါင်းထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ပြီး၊ ဒဏ်ရာပြင်းထန်သူ ၄ ဦးသည် မူဆယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ဆက်လက်ခံယူနေကြောင်း သိရသည်။












Leave a Comments