Friday, May 3, 2024

သီပေါ-နမ္မတူကြား မိုးတေတံတားအနီး ကားတစ်စီး မိုင်းထိ ယာဉ်မောင်း ၁ ဦးဒဏ်ရာရ

Must read

သျှမ်းပြည် သီပေါ- နမ္မတူကြားရှိ မိုးတေတံတားအနီးတွင် ပစ္စည်းတင်ဆောင်လာသော ကားတစ်စီး မိုင်းနင်းမိပြီး ပေါက်ကွဲကာ ယာဉ်မောင်းသမားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးတေ တံတား မိုင်ထိကား

ဖြစ်စဉ်မှာ ယနေ့ (ဇန်ဝါရီလ ၂၂ ရက်) နေ့လည် ၁၂ ဝန်းကျင်တွင် နမ္မမြို့ဘက်မှ ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးသည် မိုးတေကျေးရွာရှိ ချောင်းကူးတံတားအနီးမှ လမ်းမပေါ်သို့ ဖြတ်မောင်းလာစဉ် မြေမြုပ်မိုင်းနင်းမိပြီး ပေါက်ကွဲသွားကြောင်း သွားရောက်ကူညီ သည့် လူမှုကူညီရေးအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကားခေါင်းက သီပေါမြို့ဘက် လှည့်ထားတာ။ ထင်တာတော့ သီပေါလာမယ်ထင်တယ်။ အဲ့မှာ ကားကမိုင်းနင်းမိပြီး ပေါက်ကွဲသွားတာ” ဟု ၎င်းက ပြောသည်။

ယင်းမြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ကားများလည်း ပျက်စီးသွားပြီး ယာဉ်မောင်းအမျိုးသား တစ်ဦးသည် လက်နှင့် ခန္ဓာကိုယ်နေရာအနှံ့၌ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ ယာဉ်မောင်းအမျိုးသားကုိ မန္တလေးဆေးရုံသို့ ပို့ဆောင်ထားရသည်။

ပြီးခဲ့သည့် (၂၀၂၃ ဒီဇင်ဘာလ ၂၈ ရက် )က သီပေါ-နမ္မတူကြားရှိ မိုးတေတံတားကို စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်မှ မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သျှမ်းမြောက်ဒေသတွင် “၁၀၂၇ စစ်ဆင်ရေး” ၃ လနီးပါးကြာ တိုက်ပွဲအတွင်း မြေမြုပ်မိုင်းကြောင့် လူ ၂၀ နီးပါး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article