Wednesday, December 11, 2024

မူဆယ်တိုက်ပွဲ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန် ဒေသခံများ ကတုတ်ကျင်းတူးထားရ

Must read

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်တွင် ရက်ရှည်ကြာတိုက်ပွဲ ဖြစ်ပွားလာသည်နှင့်အမျှ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လာသောကြောင့် ဒေသခံများ ကတုတ်ကျင်း တူးထားရကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တိုက်လေယာဉ် တစ်စီးဖြင့် လွိုင်မောက် နှင့် လွိုင်နမ့်ကတ် အနီးသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မူဆယ်မြို့နယ် နယ်မြေဒေသကျွမ်းကျင်သူ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

အလားတူ မော်တောင်းကျေးရွာအုပ်စု နမ့်လိန် – မန်ဟန်ကျေးရွာအတွင်းကိုလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ မနေ့က သူတို့ပစ်ကြတာ အိမ်က တံခါးတောင် လှုပ်တယ်။ တချို့ အလုံး (လက်နက်ကြီး) တွေက ကိုယ့်ဘက်ကနေ ပစ်နေတာ ကြားရတယ်။ တချို့ အလုံးတွေကတော့ တခြားဘက်ကနေ ကိုယ့်ဘက်ကို ပစ်လာတာ ကြားရတယ်။ လေယာဉ်သံတွေလည်း ကြားရတယ်။ အိမ်လာထိမှာကြောက်လို့ အိပ်တောင်မပျော်ဘူး “ ဟု ပန်ခမ်းရွာနေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု နှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိရှိရသေးပေ။

လက်ရှိ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာသောကြောင့် စယ်လန့်ကျေးရွာရှိ ဒေသခံများသည် လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရန်အတွက် ကတုတ်ကျင်း တူးထားရကြောင်း သိရသည်။

“ အခု ကျွန်မတို့ ကတုတ်ကျင်း တူးထားရတယ်။ သူများတွေလည်း ကတုတ်ကျင်း တူးထားရတယ်။ အခုကပြောလို့မရဘူး၊ လေယာဉ် နဲ့ အချိန်မရွေး ဗုံးလာကြဲနိုင်တယ်။ ကတုတ်ကျင်းကို ကျယ်ကျယ်တူးထားပြီး ကွန်ကရစ် လောင်းထားရတယ် “ ဟု စယ်လန့်ကျေးရွာအတွင်း နေထိုင်သည့် နန်းခမ်း (အမည်လွှဲ) ကပြောသည်။

လက်ရှိသည် စစ်ကောင်စီ နှင့် TNLA တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသောကြောင့် ဒေသခံများ အိမ်ပြင်သို့ထွက်ပြီး ပုံမှန်သွားလာရန် လုံခြုံစိတ်ချမှု မရှိကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ဝယ်ယူစုဆောင်း ထားရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article