Wednesday, May 1, 2024

မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေ

Must read

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုအတွင်းစက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး စစ်ကောင်စီသည် တိုက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၂၅ ရက် ညပိုင်း ၁၀ နာရီခွဲအချိန်မှစပြီး မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စု နမ့်လိန်-မန်းဟန်ကျေးရွာအတွင်း စစ်ကောင်စီသည် တိုက်လေယာဉ်တစ်စီးဖြင့် အသုံးပြုပြီး ၈ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်နေကြောင်း မူဆယ်မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ လာပစ်တာ ၈ ကြိမ်လောက် ရှိနေပြီ။ မိုးပေါ်ကနေ မြေပြင်ကို ပစ်နေတာ မီးအနီရောင် သမ်းနေတာပဲ။ ၁၀၅ မိုင်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်နေတယ် “ ဟု ၎င်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီ တပ်မှ အဆိုပါ မော်တောင်းကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ကူနေကြောင်း သိရသည်။

“ မော်တောင်းကျေးရွာအုပ်စုထဲမှာတော့ TNLA၊ SSPP/SSA၊ KIA တပ်တွေ လှုပ်ရှားတယ်။ အခု လေယာဉ်နဲ့ လာပစ်တာတော့ TNLA ကိုလာပစ်တာပဲ ထင်တယ် “ ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် TNLA၊ SSPP/SSA၊ KIA တပ်ဖွဲ့များ လှုပ်ရှားနေလျက်ရှိရာ လက်ရှိတွင် စစ်ကောင်စီနှင့် TNLA တို့အကြား တိုက်ပွဲဖြစ်ပွားနေသောကြောင့် စစ်ကောင်စီသည် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲနေကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီမှ လေယာဥ်နဲ့အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေသည့် မော်တောင်းကျေးရွာအုပ်စုရှိ နမ့်လိန်-မန်းဟန် ကျေးရွာသည် မူဆယ်မြို့နှင့် ၁၁ မိုင်ခန့် ကွာဝေးကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article