ရှုပ်ထွေးတဲ့ နိုင်ငံရေးကြား ဘိန်းစိုက်ပျိုးမှု တဖန်ပြန်ရှင်သန်လာ

တောင်တန်းတွေ အကြားမှာ အရမ်းကို လှပတဲ့ ရောင်စုံပန်းတွေဟာ ပန်းဥယျာဥ်ခြံ အလား ထင်ရအောင် ဝေဝေဆာဆာ ဖူးပွင့်နေကြပါတယ်။ အလှမ်းဝေးတဲ့ နေရာကနေ ကြည့်ရင်တော့ ရောင်စုံ အလှပန်းများလားလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ အလှပန်း စိုက်တဲ့ခြံမဟုတ်ဘဲ ဘိန်းစိုက်ခင်းတွေသာ ဖြစ်ပါတယ်။

ဘိန်းစိုက်ခင်း

အဲ့ဒီ ရောင်စုံပန်းလို့ထင်ရတဲ့ ဘိန်းစိုက်ခင်းတွေဟာ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာ ရှိပါတယ်။ တန့်ယန်းမြို့ကနေ ဆိုင်ကယ်နဲ့ဆိုရင် နှစ်နာရီ နီးပါး မောင်းရပြီး လမ်းပန်းကလည်း ကြမ်းတမ်းကာ ခက်ခက်ခဲခဲ သွားရတဲ့ နေရာလေး တစ်ခုပါ။

အဲ့ဒီနေရာဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေ စုံလင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

“ကျနော်တို့က အရင်က လက်ဖက်ခူးကြပါတယ်၊ ဒါပေမယ့် လက်ဖက်လုပ်ငန်းက အလုပ်မဖြစ်ဘူးလေ၊ တစ်နှစ်မှ တစ်ခါ နှစ်ခါရတဲ့ လက်ဖက်ကို စောင့်နေကြရတာ အဆင်မပြေတော့ ဒီ ဘိန်းစိုက်ခင်းကို (ဧကဝက်) အရင်စမ်း ကြည့်တာ” လို့ တန့်ယန်းမြို့ မှ ဘိန်းစိုက်ပျိုးသူ လုံးစိုင်းစန္ဒိ က ဆိုပါတယ်။

လုံးစိုင်းစန္ဒိ ဟာ အရင်က လက်ဖက် စိုက်ပျိုးသူ ဖြစ်ခဲ့ပါတယ်။ ကိုဗစ် – ၁၉ ကာလမှာ ကုန်စည်စီးဆင်းမှု ပိတ်ဆိုင်းခဲ့ရချိန်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ကုန်စျေးနှုန်းတွေက တရိပ်ရိပ်တက်လာတဲ့ အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူ တယောက်အနေ နဲ့ စိန်ခေါ်မှုတွေ မျိုးစုံကြုံလာရ ပါတော့တယ်။

ဘိန်းစိုက်ခင်း

“ကျနော်ကို ရာသီဥတု မျက်နှာသာ ပေးလို့လား မသိဘူး။ ဈေးကောင်း သွားတယ်။ လက်ဖက် လုပ်ရင် နှစ်နှစ် လောက် လုပ်ရတဲ့ ငွေက ဘိန်းစိုက်တာ တနှစ်နဲ့ရတာ။ ဒါကြောင့် ကျနော် ပိုလုပ်ဖြစ်လာတာ” လို့ တန့်ယန်းမြို့က တောင်သူ လုံးစိုင်းစန္ဒိက ပြောပါတယ်။

လက်ဖက် စိုက်ချိန်တုန်းက လက်နက်ကိုင်တပ်ဖွဲ့တွေ သာမက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တွေ သက်ဆိုင်ရာ အစိုးရတွေကိုပါ အခွန်အခ (ဆက်ကြေး) တွေ အဆမတန် ပေးဆောင်ရတဲ့အတွက် တွက်ခြေ မကိုက်ခဲ့ပေ။

ဒါကြောင့် အပိုဝင်ငွေအဖြစ် ဘိန်းပင်ကိုအစား စိုက်ပျိုးရာမှ စျေးကောင်းလည်းရတဲ့အတွက် မိသားစု စားဝတ်နေရေး ဖူလုံမှု ရလာခဲ့ကြောင်းကို လုံးစိုင်းစန္ဒိ က ဆိုပြန်ပါတယ်။

စစ်အာဏာသိမ်းမှု မလုပ်ခင် တန့်ယန်းမြို့နယ်က ယာခင်း လုပ်တဲ့ မြေဧက ထက်ဝက်လောက်ဟာ ဘိန်းစိုက်ရာ ဒေသဖြစ်လာပြီးတော့ လက်ဖက်ဈေး (အစို) တစ်ပိဿ ၄,၀၀၀ ကျပ်ကနေ ၃,၀၀၀ ဝန်းကျင်ကိုသာ ရရှိသွားတဲ့ အတွက် လက်ဖက်ခြံအစား ဘိန်းကို ပြောင်းလဲ စိုက်ပျိုးဖြစ်တယ်လို့ တန့်ယန်း တောင်သူတွေက ပြောဆိုပါတယ်။

ဘိန်းစိုက်ခင်း

စားသီးနှံတွေ စိုက်ပျိုးပါက ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် စိုက်ပျိုးစရိတ်မှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ် ၁၅ သိန်း ဝန်းကျင် ကုန်ကျပြီး ဘိန်းစိုက်ပျိုးပါက တစ်ဧကလျှင် အများဆုံး ကျပ် ၈ သိန်း ဝန်းကျင်သာ ကုန်ကျပါတယ်။

ဒါကြောင့် မူရင်း လက်ဖက်စိုက်ပျိုးမှုကို စွန့်လွှတ်ပြီး ဘိန်းစိုက်ပျိုးမှုကို ခြေလှမ်းလာကြခြင်း ဖြစ်ပါတယ်။

“ကျနော်တို့ ဘက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက စုံတယ်၊ သူတို့တောင်းတဲ့ အခွန်တွေ ပေးနိုင်ဖို့ ကျနော်တို့မှာ ငွေရှိဖို့ လိုတယ်၊ အရင် လက်ဖက်စိုက်တုန်းက အခွန်ကောက်တာလည်း ဒီလောက်မများဘူး၊ ဒါပေမယ့် အခုချိန်မှာတော့ ပေးလိုက်ရတဲ့ အခွန်တွေက ရှိသမျှ အဖွဲ့အစည်း ပေါင်းစုံကိုပဲ “ လို့ လုံးစိုင်းစန္ဒိက ပြောပါတယ်။

အရင် စစ်အာဏာ မသိမ်းခင်ထိ ဘိန်းစိုက်ပျိုးမှုဟာ လျော့ချသွားပြီး နိုင်ငံရေး အခြေအနေတွေ ပြန်ရှုပ်လာတဲ့အခါ ဘိန်းစိုက်ပျိုးမှုက အလိုအလျောက် ပြန်တိုးလာပါတယ်။

ဘိန်းစိုက်ခင်း

“တချို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ကိုယ်စားလှယ် ကနေ တစ်ဆင့် ဘိန်းကို ဒိုင်ခံ ဝယ်တာရှိတယ် ” ဟု လုံးစိုင်းစန္ဒိက ကိုယ်တိုင် ကြုံတွေ့တာကို ပြန်ပြောပြပါတယ်။

လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါများတဲ့ သျှမ်းပြည်မှာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသတွေကတော့ ဟိုပုံးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံ မြို့နယ်၊ ပင်လုံမြို့နယ်၊ တန့်ယန်းမြို့နယ်၊ နမ္မတူမြို့နယ် နဲ့ သျှမ်းအရှေ့ပိုင်း ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ပိုများလာနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဖော်ပြ ထားပါတယ်။

အခုလို ဘိန်းစိုက်ခင်းတွေ များပြားတာဟာ စစ်အာဏာသိမ်း နောက်ဆက်တွဲ နိုင်ငံရေး ရှုပ်ထွေးမှုတွေ နဲ့ အတူ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါများမှုကြောင့် ဖြစ်တယ်လို့လည်း မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာသူ အဖွဲ့က ဆိုပါတယ်။

ပအိုဝ်းပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပုံးမြို့နယ် နဲ့ ပင်လောင်းမြို့နယ်အတွင်းမှာ ကိုဗစ် ကာလ နောက်ပိုင်း ဒေသအတွင်း ဘိန်းစိုက်ပျိုးမှုတွေ ပိုတိုးလာကြောင်း အမည်မဖော်လိုသူ အသက် ၃၀ ဝန်းကျင် ပအိုဝ်း အမျိုးသား တစ်ဦးက အခုလို ပြောပြပါတယ်။

ဘိန်းစိုက်ခင်း

“ဟိုပုံး ရဲ့ အရှေ့တောင်တွေပေါ်မှာ၊ ပင်လောင်းဘက်မှာ ဘိန်းက တွင်တွင်ကျယ်ကျယ်တွေ ပြန်လုပ်လာတယ်။ နောက်ပြီး အခုလက်ရှိ စစ်အစိုးရက မျက်ကွယ်ပြုတယ်။ သိရသလောက်တော့ PNA ပြည်သူ့စစ်တွေက ပါဝင် ပတ်သက်နေတယ်၊ အခွန်ဆောင်ပေးနိုင်ရင် လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတဲ့ သဘောမျိုးလေးတွေ တွေ့လာရတယ်ဗျ” လို့ ပအိုဝ်းအမျိုးသားက ပြောပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးက သျှမ်းပြည်ဖြစ်ပြီး သျှမ်းပြည်မှာ ၃၉ ရာခိုင်နှုန်း၊ ချင်းပြည်နယ်မှာ ၁၄ ရာခိုင်နှုန်း၊ ကယားပြည်နယ်မှာ ၁၁ ရာခိုင်နှုန်း နဲ့ ကချင်ပြည်နယ်မှာ ၃ ရာခိုင်နှုန်း အရင်ကထက် ဘိန်းစိုက်ပျိုးမှု ပိုတိုးလာတယ်လို့ ဆိုပါတယ်။

ပြည်နယ် အားလုံးရဲ့ ဘိန်းစိုက်ပျိုးမှု ပမာဏဟာ ပျမ်းမျှအားဖြင့် ၄၁ ရာခိုင်နှုန်း တိုးလာပြီး တစ်ဧကကို ဘိန်းစိမ်း ၁၀ ကီလိုဂရမ် နီးပါး ထွက်ရှိနိုင်တယ်လို့ (UNODC) က ခန့်မှန်းပါတယ်။

ဘိန်းစိုက်ခင်း

“အာဏာ မသိမ်းခင်ကတည်းက မူးယစ်ဆေးဝါး နဲ့ ပတ်သက်တယ်လို့ နာမည်ရှိခဲ့ကြသူတွေ ကဘဲ အခုလို အချိန်မှာ စစ်တပ် နဲ့ ပေါင်းပြီး ပိုမိုလုပ်ကိုင်လာတယ်လို့ပဲ မြင်တယ်၊ အာဏာပိုင်တွေကလည်း မျက်ကွယ်ပြုတယ်။ တိုင်းရင်း သားလက်နက်ကိုင်တွေ ကလည်း ပါဝင်နေတယ်၊ ကျနော်ကတော့ အဲ့လိုမြင်တယ်” လို့ ပအိုဝ်းအမျိုးသားလူငယ်က ဆက်ဆိုပါတယ်။

စစ်တပ်က နိုင်ငံတော် အာဏာသိမ်းယူလိုက်ပြီးနောက်မှာတော့ သျှမ်းပြည်အတွင်းမှာ နဂို မူရင်းရှိပြီးသား လက်နက်ကိုင်တပ်ဖွဲ့တွေ အပြင် စစ်ကောင်စီ အားကိုး နဲ့ ရပ်တည်လာတဲ့ ပြည်သူ့စစ် အဖွဲ့တွေလည်း မျိုးစုံ ပေါ်ပေါက်လာပြီး ဘိန်းစိုက်ပျိုးမှုတွေ အရင်ကထက်လည်း ပိုများလာကြောင်း သျှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့က မန်နေဂျာ စိုင်းခမ်းဖူးက ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းရော စစ်တပ်နဲ့ရော ပဋိပက္ခတွေ များတယ်။ စစ်ဖြစ်တော့ သေနတ်လိုတယ်။ သေနတ်လိုတော့ ပိုက်ဆံလိုတယ်။ ငွေလိုတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်။ စစ်တပ်အပါအဝင်ဘဲ။ မူးယစ်ဆေးဝါးက ပိုက်ဆံအများကြီး နဲ့ အမြန်ရတယ်လေ” လို့ စိုင်းခမ်းဖူးက ပြောပါတယ်။

ဘိန်းစိုက်ခင်း

ဒ့ါအပြင် မိုင်းပျဉ်းမြို့နယ် ကျိုင်းတုံမြို့နယ် အနောက်ခြမ်း၊ UWSA ဝ တပ်ဖွဲ့နဲ့ အစိုးရ ထိန်းချုပ်နယ်မြေ အစပ် ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှု ပိုများလာကြောင်း နဲ့ ထိုင်း – မြန်မာ နယ်စပ်ဘက်တွေမှာတော့ စိတ်ကြွဆေးထုတ်လုပ်မှု ပိုမိုမြင့်တက်လာတာလို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ဆက်တိုက် ကျဆင်းနေရာက စစ်အာဏာ သိမ်းပြီး နောက်ပိုင်း စိုက်ပျိုးမှုဟာ ပြန်လည် မြင့်တက်လာခဲ့တယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ထုတ်ပြန်ချက်အရ သိရပါတယ်။

အရပ်သား အစိုးရလက်ထက်မှာ နိုင်ငံတော် ဘတ်ဂျက် နဲ့ ဘိန်းအစားထိုး စိုက်ပျိုးမှုတွေ၊ စီမံကိန်းတွေကို ဆောက်ရွက်မှု ရှိခဲ့ပေမဲ့ ထွက်လာတဲ့ သီးနှံတွေ အတွက် ဈေးကွက် အခက်အခဲ နဲ့ အစားထိုး သီးနှံစိုက်တဲ့ တောင်သူတွေ အတွက် ရေရှည်ပံ့ပိုးမှု အပိုင်းမှာ အခက်အခဲတွေရှိတယ်လို့ စိုင်းခမ်းဖူးက ဆက်ပြောပါတယ်။

“ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကျေးလျက်ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်ဆောင်ပေးဖို့ လိုသလို ၊ အစားထိုး စိုက်ပျိုးမှု လုပ်ငန်းတွေရဲ့ ဒေသ၊ ဈေးကွက် နဲ့ ကောင်းကောင်း ဖော်ဆောင်ပေးရမယ်၊ ဒါကပဲ တောင်သူတွေ ဘိန်းစိုက်ပျိုးမှုကို လျော့နိုင်မှာ” လို့ စိုင်းခမ်းဖူးက ပြောပါတယ်။

ဘိန်းစိုက်ခင်း

ပြည်တွင်း စစ်ဒဏ်ကို ကာလကြာရှည် ခံစားနေရတဲ့ သျှမ်းပြည်မှာ ပြည်သူ့စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ က ဘိန်းစိုက်ပျိုးမှု နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေတယ်လို့ စိုင်းခမ်းဖူးက ပြောပါတယ်။

ဘိန်းစိုက်တဲ့ နေရာအများစုဟာ တောင်ပေါ်ဒေသတွေဖြစ်ပြီး အဲဒီ ဒေသတွေမှာ တခြားသီးနှံ စိုက်ပျိုးမယ်ဆိုရင် ထုတ်ကုန်တွေ သယ်ယူပို့ဆောင်ဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ဈေးကွက်မရှိ ဈေးကောင်းလည်း မရတဲ့အတွက် မိသားစု စားဝတ်နေရေးက ကျပ်တည်းပြီး ကျပ်တည်းလာခဲ့ကြပါတယ်။

ဒါ့ကြောင့် ဈေးကောင်းလည်းရ၊ သယ်ယူဖို့လည်း လွယ်ကူတဲ့ ဘိန်းကိုပဲ မိသားစု စားဝတ်နေရေး အတွက် အဓိက ဝင်ငွေအဖြစ် ဒေသခံတွေ လုပ်ကိုင်နေကြတာကို လေ့လာတွေ့ရှိရပါတယ်။

အစိုးရဟာ ဘိန်းစိုက်ပျိုးမှုလျော့ပါး ပျောက်ကွယ်စေဖို့ ရည်ရွယ်ပြီး ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းကို ၁၉၇၆ ကနေ ၂ဝ၁၄ အထိ ကုလသမဂ္ဂရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ဆောင်ရွက်ခဲ့ပေမဲ့ (Transnational Institute)TNI က ၂ဝ၁၄ မှာ ထုတ်ပြန်ခဲ့တဲ့ ‘တစ်ကျော့ ပြန် – မူလ အခြေအနေဆိုးသို့ ပြန်လည် ဆိုက်ရောက်လာသည့် ရွှေတြိဂံဒေသ” အမည်ရှိ အစီရင်ခံစာအရ ဘိန်းပပျောက်ရေး စီမံကိန်းတွေဟာ မအောင်မြင်ခဲ့ဘူးလို့ ရေးသားထားပါတယ်။

ဘိန်းစိုက်ခင်း

ဘိန်းစိုက်ပျိုးမှုကို ဖြေရှင်းဖို့ ကြိုးစားတဲ့ နေရာမှာ လူမှုအသိုင်းအဝိုင်း တွေရဲ့ လူမှု စီးပွားအခြေအနေတွေ၊ ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းတွေ တိုးတက်ခါကျမှ ဘိန်းစိုက်ပျိုးတာကို ရေရှည်မှာ လျှော့ချနိုင်မယ် လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UN Office on Drugs and Crime-UNODC) က ဆိုထားပါ တယ်။

လက်ရှိအချိန်မှာတော့ ဘိန်းစိုက်ပျိုးမှု ဘိန်းစိုက်ခင်း ကွန်ယက်ကနေ ရုန်းထွက်ချင်တဲ့ တောင်သူတွေ အနေနဲ့ လည်း တရားဝင်ဖြစ်တဲ့ အခြားအသက်မွေးဝမ်းကျောင်းအလုပ်တွေကို ပြောင်းလုပ်ဖို့ စိတ်အားထက်သန်တာကို တွေ့ရပေမယ့် ဘိန်းစိုက်ခင်း အစားထိုး သီးနှံတွေရဲ့ ဈေးကွက်အောင်မြင်မှုကို မဖော်ဆောင်နိုင်သေးတာဟာ အခက်အခဲ အဟန့်အတား တစ်ခုဖြစ်စေကြောင်း သျှမ်းပြည်သူတွေက ပြောဆိုနေကြပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံရေး စစ်ရေးရှုပ်ထွေးမှု ရှိနေသေးသရွေ့ ဘိန်းစိုက်ပျိုးမှုတွေကလည်း ဆက်လက်ပြီး များလာမှာဖြစ်ပြီး နိုင်ငံ ငြိမ်းချမ်းဖို့ လိုအပ်သလို ဘိန်းအစားထိုးသီးနှံ နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့လည်း လိုအပ်တဲ့အကြောင်း လုံးစိုင်းစန္ဒိက သူ့အမြင်ကို ပြောလိုက်ပါတယ်။

“ဘိန်းစိုက်ပျိုးမှု လျော့စေချင်ရင်တော့ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ပေး ဖို့လိုပါတယ်။ နိုင်ငံရေးလည်း တည်ငြိမ် အေးချမ်းပြီး သီးနှံတွေကလည်း စျေးနှုန်းကောင်းရတယ်ဆိုရင် ဘိန်းစိုက်တာ စွန့်လွှတ်ဖို့ သေချာပါတယ်” လို့ လုံးစိုင်းစန္ဒိ က သူ့ထင်မြင်ချက်ကို ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...