သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ ၅ ရှိ နေအိမ်တစ်လုံးပေါ်သို့ မြေထိန်းနံရံ (ကျောက်တံတိုင်း) ပြိုကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့ည သန်ခေါင်ယံချိန်ကတည်းက ဒီမနက်ထိမိုးရွာတာ။ အိပ်ကောင်းတဲ့ အချိန်မှာ မြေပြိုမှုဖြစ်ပြီး အမျိုးသမီးသေတာ။ ၆ နာရီလောက်မှ သိကြတာ။ တွေ့တဲ့ အချိန်လည်း နောက်ကျ သွားပြီလေ။ သူတို့ရဲ့ အိမ်အနောက်ဘက်မှာလည်း မြေကမ်းပါးတွေရှိတော့ အဲ့မြေပြိုတာ။”ဟု တန့်ယန်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မြေထိန်းနံရံ ပြိုကျမှုကြောင့် သေဆုံးသွားသည့် အမျိုးသမီးသည် အသက် (၄၉) ဒေါ်အေးယင်ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့် နေအိမ်အနီးတွင် ဖို့မြေပေါ်၌ တည်ဆောက်ထားသည့် ကမ်းပါး ကျောက်တံတိုင်းများ ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပေါ် ပြိုကျရခြင်းဖြစ်ကြောင်း သိရသည်။













Leave a Comments