သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဝင်ရောက်နေရာယူခြင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်တွင် မူဆယ်မြို့နယ် တီးမကျေးရွာအုပ်စုရှိ တီးမရွာတွင် အင်အား ၂၀၀ နီးပါးရှိသည့် ကချင်လွတ်မြောက်ရေးတပ်မတော် ( KIA) က နေရာယူထားပြီး ကိုးကန့် တပ်ဖွဲ့ (MNDAA) အင်အား ၁၀၀ ကျော်တို့သည် နောင်အင်ကျေးရွာအတွင်း နေရာယူထားကြောင်း အမည်မဖော်လို ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
“မနက်ပိုင်းမှာ KIA စစ်ကြောင်း ၂၀၀ နီးပါးက တီးမဈေးထဲကို အရင်လာတယ်၊ ပြီးတော့ တီးမရွာထဲမှာ စခန်းချတာ၊ တီးမရွာက သျှမ်းလူမျိုးတွေ နေတဲ့ရွာပေါ့၊ ညနေပိုင်းလောက်တော့ ကိုးကန့်တပ်ဖွဲ့ကလည်း တီးမရွာနဲ့ ကပ်လျက် နောင်အင်ရွာထဲမှာ နေရာလာယူတယ်၊ အဲ့ဒါက ကချင်ရွာပေါ့” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
တီးမရွာအတွင်း နေရာယူထားသည့် ကချင်တပ်ဖွဲ့ KIA နှင့် နောင်အင်ရွာအတွင်း နေရာယူထားသည့် ကိုးကန့် တပ်ဖွဲ့ MNDAA တို့သည် ကားသမားများ၊ ရွာအဝင်အထွက် ပြုလုပ်သူများကိုလည်း ကြုံရင် ကြုံသလို စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ လက်နက်ကိုင် တပ်ဖွဲ့များ လူနေကျေးရွာအတွင်း ဝင်ရောက်နေရာယူမှုကြောင့် ဒေသခံရွာသားများက ကြောက်လန့်နေကြရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
“သူတို့ စခန်းချတာ ဒီနေ့နဲ့ဆို ၄ ရက်ရှိပြီ၊ ကိုးကန့်က နောင်အင်ရွာထဲ ရောက်လာချိန်မှာ KIA က အရာရှိ တချို့ သွားဆွေးနွေးခဲ့တယ်လို့ သိရတယ်၊ နှစ်ဖက် စစ်ရေးတင်းမာလာမှာကိုတော့ ကြောက်ရတယ်၊ အခုချိန်က အလုပ်ပါးတယ်၊ တိုက်ပွဲဖြစ်လို့ စစ်ရှောင်ရရင်လည်း မလွယ်ဘူး” ဟု ၎င်းကဆိုသည်။
တီးမကျေးရွာအုပ်စုအတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသာ လှုပ်ရှားအခြေစိုက်မှု များပြားပြီး စစ်ကောင်စီ တပ်ဖွဲ့ အနေဖြင့် လာရောက်ခြင်း မရှိသလောက် ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းဒေသအတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် သျှမ်းပြည်တပ်မတော် SSPP/SSA ၊ MNDAA၊ KIA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဖြစ်ကြောင်း သိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များမှ လူနေကျေးရွာအတွင်း ရပ်ရွာအတွင်း ဝင်ရောက်နေထိုင်ခြင်း၊ လူထု နှင့် အတူ ရောနှောနေထိုင်ခြင်းတို့သည် ဂျီနီဗာကော (Geneva Call) ဥပဒေ နှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်ကြောင်းလည်း သိရသည်။











Leave a Comments