ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။
တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊ တုန့်ဟုန်း၊ နောင်ပုံ၊ မန့်လင်၊ အုံလုံနှင့် လွယ်ဟိန်းစိုင်း စသည့် သျှမ်းကျေးရွာများတွင် ယာယီနေထိုင်နေသည့် သျှမ်းစစ်ဘေးရှောင်မိသားစု (၃၀၀) ကျော်၊ လူဦးရေ (၁၀၀၀) ခန့် ရှိကြောင်း သိရသည်။
စစ်ရှောင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံနေရသောကြောင့် မိသားစုဝင် တစ်ဦးဦးမှ KIA တပ်သားစုဆောင်းရေး ခေါ်ဆောင်ခံရလျှင် လိုက်လံထုတ်ယူရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ငွေကြေးကုန်ကျစရိတ် များပြားပြီး ပြန်လွှတ်လာသူ အချို့ရှိသော်လည်း ပြန်လည်ထုတ်ယူနိုင်ခြင်း မရသည်က ပိုများကြောင်း လွယ်ဂျယ်စစ်ဘေးရှောင်များက ပြောဆိုသည်။
သျှမ်းသံတော်ဆင့်မှ သီးခြားလက်ခံရရှိသည့် KIA တပ်သားစုဆောင်းခံရသူ စာရင်းထဲတွင် ဗန်းမော်၊ မိုးမောက်နှင့် ကျောက်မဲမြို့ဘက်မှ လွယ်ဂျယ်နှင့် မံစီမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းလူငယ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်နေသည်။
ထိုသို့ ဖမ်းဆီးခံရသူများကို KIA ဘက်မှ စစ်သင်တန်း တက်ခိုင်းခြင်း၊ နှစ်လတာ စစ်သင်တန်း ဆင်းပြီးလျှင် ရှေ့တန်းတက်ခိုင်းခြင်းတို့ ပြုလုပ်ခိုင်းကြောင်း မိသားစုနှင့် နီးစပ်သူများ ပြောဆိုချက်အရ သိရသည်။
မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ် စစ်ဘေးရှောင်စခန်းများတွင် KIA ဘက်မှ တပ်သားစုဆောင်းရေး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။
မေး ။ မိုးမောက်ရဲ့ လွယ်ဂျယ်မြို့ဖက်မှာရှိတဲ့ သျှမ်းရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို KIA ဖက်က ဖမ်းဆီးပြီးတော့မှ တပ်သားစုဆောင်းနေတယ်၊ စစ်သင်တန်းတွေမှာ တက်ရောက်ခိုင်းနေတယ်လို့ သတင်းတက်လာပါတယ်၊ ဒါနဲ့ ပတ်သက်ပြီး မေးမြန်းချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့ရဲ့ မူဝါဒကတော့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဌာနေသားတွေ အားလုံးကတော့ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ရမယ်ဆိုတဲ့ မူ ရှိပါတယ်။ စစ်ရှောင်ဆိုတာကတော့ အခု လောလောဆယ် ရှောင်တိမ်းနေရတဲ့ အခက်အခဲ ကြုံနေရတဲ့ဟာတွေကိုတော့ ကျနော်တို့ စစ်သားအဖြစ် ခေါ်ဆောင်တဲ့နေရာမှာ စုဆောင်းဖို့မရှိပါဘူး။
ဒါပေမယ့် ဥပမာ စစ်ရှောင်တယ်ဆိုတာ ကျနော်တို့ဖက်မှာ ၁၀ နှစ်ကျော် စစ်ရှောင်တာတွေ အများကြီး ရှိပါတယ်။ နောက်ကျနော်တို့ လွတ်မြောက်နယ်မြေတွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ အဲ့ဒီနေရာမှာရှိတဲ့ လူငယ်တွေကိုတော့ ကျနော်တို့ စစ်သားစုဆောင်းတဲ့နေရာမှာ ပါခိုင်းတာ ရှိပါတယ်။ ဒါက ကျနော်တို့ရဲ့ မူဝါဒကို ပြောတာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိမှာ လွယ်ဂျယ်ဖက်ကို ရောက်နေတဲ့ စစ်ရှောင်တွေထဲက တချို့ဆိုရင် အမျိုးသမီးတွေ အပါအဝင် KIA သင်တန်းကွင်းနေရာတွေမှာ စုဆောင်းခံရတာ ရှိနေတယ်။ သျှမ်းသံတော်ဆင့်က ရရှိတဲ့ စာရင်းထဲမှာ တပ်သားစုဆောင်းခံရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိဘနာမည်တွေပါ ပါနေတယ်။
ဖြေ ။ ။ အမျိုးသမီးနဲ့ ယောကျ်ားလည်း ကျနော်တို့ ခွဲခြားတာ မရှိပါဘူး။ ဝန်ထမ်းဆိုတာ အမျိုးသမီး ထမ်းဆောင်မယ့် တာဝန်တွေလည်း ကျနော်တို့ဆီမှာ ရှိပါတယ်။ ဥပမာ နောက်တန်းမှာ ရုံးထိုင်တဲ့ လုပ်ငန်းတွေပေါ့နော်။ အခြား အမျိုးသမီးတွေ ထမ်းဆောင်ဖို့ ရုံးတွေ နေရာတွေ အလုပ်တွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် အမျိုးသမီးရော ယောကျ်ားရော ကျနော်တို့က စုဆောင်းတာ ဖြစ်ပါတယ်။
လွယ်ဂျယ်ဆိုတာကတော့ လူစုံတဲ့ နေရာဖြစ်ပါတယ်။ အပြင်ကနေ လာတဲ့လူတွေလည်း အများကြီးရှိတဲ့နေရာ၊ တရုတ်ပြည် နယ်စပ်မြို့ ဆိုတော့ စီးပွားရေး လာလုပ်တဲ့ လူတွေလည်း ရှိတယ်၊ အပြင်ကနေ လာတဲ့လူတွေလည်း ရှိတယ်။ ဘယ်သူက စစ်ရှောင်ဆိုပြီးတော့မှ ခွဲခြားဖို့တော့ အခက်အခဲရှိတဲ့နေရာ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
မေး ။ ။ KIA ရဲ့ တပ်သားစုဆောင်း ခံရပြီးရင် စစ်သင်တန်း တက်ခိုင်းတာတွေ၊ နောက်နှစ်လကျော် သင်တန်းတက်ပြီးရင် ရှေ့တန်းတက်ခိုင်းတာတွေ ရှိနေတယ်လို့ စစ်ရှောင်တွေ ပြောပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဟုတ်မှန်ပါသလား။
ဖြေ ။ ။ ကျနော်တို့ တပ်သားစုဆောင်းတယ် ဆိုတာကတော့ သိပ်ပြီးမှ သတင်းအနေနဲ့ ပြောတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတိုင်းမှာ တပ်သားစုဆောင်းတဲ့ မူဝါဒ ရှိပြီးသား ဖြစ်ပါတယ်။ မင်းအောင်လှိုင်သည်လည်း စုဆောင်းတာပဲ၊ PDF အဖွဲ့တွေလည်း စုဆောင်းတာပဲ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်အဖွဲ့မဆို တပ်သားသစ်တွေ စုဆောင်းတာ ရှိပါတယ်။ ဒါကျနော်တို့ KIA အနေနဲ့လည်း တပ်သားစုဆောင်းတာ ရှိပါတယ်။
ဒါပေမယ့် ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်။ ဒါက ကျနော်တို့ မူဝါဒတွေကို အခုနောက်ထပ် ပြန်ပြောတာ ဖြစ်ပါတယ်။
မေး ။ ။ အခုဆိုရင် စုဆောင်းရေးအတွက် လွယ်ဂျယ်ဖက်မှာ စောင့်ဖမ်းတာတွေက ရက်ခြား ခပ်စိပ်စိပ် ဖြစ်လာတယ်။ အဲ့ဒါကြောင့်မလို့ အရပ်သားပြည်သူတွေရဲ့ ဝမ်းစာရှာဖွေ စားသောက်ရတာလည်း အခက်အခဲ ကြုံနေရတယ်ပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့မှ KIA အနေနဲ့ရော ဘယ်လို လုပ်ဆောင်နေပါသလဲ။
ဖြေ ။ ။ ကျနော်တို့ တပ်သားစုဆောင်းတဲ့ နေရာမှာ စိစစ်တာ ရှိပါတယ်။ တကယ့် သူတို့ရဲ့ မိသားစုထဲမှာ အမှန်တကယ် အခက်အခဲတွေ ရှိတာကို ကျနော်တို့ ပြန်လွှတ်တာ ဖြစ်ပါတယ်။ နောက် သူတို့ရဲ့ မိသားစုထဲမှာ သူတို့ မောင်နှမတွေ ညီအစ်ကိုတွေ ဘယ်နှစ်ဦး ဘယ်နှစ်ယောက် ရှိတာလဲ၊ တကယ် ကျနော်တို့ရဲ့ တော်လှန်ရေး တာဝန်တွေကို ထမ်းဆောင်တာ ပါသလား မပါဘူးလား။
အခု လက်ရှိမှာ ဘယ်လိုလဲ၊ အရင်က အစ်ကိုတွေ အဖေတွေ ထမ်းဆောင်ခဲ့တာ။ အခု သူတို့ ညီအစ်ကို မောင်နှမတွေရဲ့ ဘဝမှာပေါ့နော် ထမ်းဆောင်တာ ပါသလား မပါဘူးလား။ အဲ့ဒါတွေလည်း ကျနော်တို့ စုဆောင်းပြီးတဲ့ နောက်ပိုင်းမှာ စစ်ဆေးပြီးမှ၊ စိစစ်ပြီးမှ ပြန်လွှတ်တဲ့ မူဝါဒလည်း ရှိပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ သတင်းဌာနကို အဲ့ဒီ အဖြူအမည်း အဖြေပေးဖို့တော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။
မေး ။ ။ ဆက်စပ်မေးခွန်း အနေနဲ့ သျှမ်း-ကချင်နယ်စပ်က မိုးမိတ်နဲ့ မဘိမ်းဘက်က စစ်ရေး အခြေအနေကော လက်ရှိမှာ ဘယ်လို ရှိနေလဲ။
ဖြေ ။ ။ မိုးမိတ်ဘက်ကနဲ့ ကချင်ပြည်နယ်ဘက်ကို သျှမ်းမြောက်ဘက်ကနဲ့ ကချင်ပြည်နယ်ဘက်ကို တက်တဲ့ စစ်ကြောင်းတွေကတော့ ဩဂုတ်လ ၁၁ ရက်နေ့မှာ တိုက်ပွဲ ဖြစ်တယ်။ ၁၂ ရက်နေ့မှာ တိုက်ပွဲ ဖြစ်တယ်။ အဲ့ဒီ နောက်ပိုင်းမှာကတော့ အဲ့ဒီဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေရဲ့ သတင်းတွေကတော့ မကြားရတော့ဘူးနော်၊ သျှမ်းမြောက်ဖက်က သတင်းတွေပေါ့။
နောက် ကျနော်တို့ မဘိမ်းဖက်မှာ စကစဘက်ကနေ ဗုံးကြဲတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ဒီတစ်ပတ်ပေါ့ ၃-၄ ရက်မှာတော့ ဗုံးကြဲတာလည်းမရှိတော့ဘူး။ ရွှေဘိုဘက်မှာကတော့ တိုက်ပွဲတွေ ပြင်းထန်ပါတယ်၊ နေ့တိုင်း တိုက်ပွဲ ရှိပါတယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။













Leave a Comments