လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

လွယ်ဂျယ်မြို့နယ်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ခပ်စိပ်စိပ် စောင့်ဖမ်းလာသည်။

ထို့ကြောင့် လက်ရှိ လွယ်ဂျယ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

“KIO/KIA အဖွဲ့က တဦးဦးကို စုဆောင်းရေးဖမ်းသွားရင် ကာယကံရှင် မိသားစု ဆွေမျိုးတွေက ကိုယ့်လူကို ပြန်ထုတ်ဖို့ သက်ဆိုင်ရာ တပ်စခန်းကို လိုက်သွားပေမယ့် အကြောင်းအမျိုးမျိုးပြပြီး တွေ့ဆုံခွင့်မပေးဘူး။ ထောက်ခံချက်ယူခိုင်း၊ အချိန်ဆွဲပြီး အခက်အခဲမျိုးစုံနဲ့ လူပြန်ထုတ်ယူဖို့ မကူညီနိုင်တာ များသထက် များလာတယ်” ဟု လွယ်ဂျယ်မြို့နယ်ခွဲမှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်ကာလ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံနေရသောကြောင့် မိသားစုဝင် တဦးဦးမှ တပ်သားစုဆောင်းရေး ခေါ်ဆောင်ခံရလျှင် လိုက်လံထုတ်ယူရန် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် ငွေကြေးကုန်ကျစရိတ် များပြားပြီး ပြန်လွှတ်လာသူ အချို့ရှိသော်လည်း ပြန်လည်ထုတ်ယူနိုင်ခြင်း မရသည်က ပိုများကြောင်း လွယ်ဂျယ်စစ်ဘေးရှောင်များက ပြောဆိုသည်။

“စုဆောင်းရေးက ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းနေလို့ အရပ်သားပြည်သူတွေ ဝမ်းစာရှာထွက်ရတာ အခက်အခဲ အများကြီး ကြုံနေရတယ်။ စစ်ရှောင်ပြည်သူကို အဖွဲ့ပေါင်းစုံက လာ‌ထောက်ပံ့ပေးတာတော့ ရှိတယ်၊ ဖူလုံအောင် ထောက်ပံ့နိုင်တာ မရှိတော့ ဝမ်းစာအတွက် မဖြစ်မနေ အလုပ်ရှာထွက်ပေမယ့် စုဆောင်းရေးအန္တရာယ်ကြောင့် အခက်အခဲပေါင်းစုံ ကြုံနေရတယ်” ဟု လွယ်ဂျယ်မြို့နယ်ခွဲမှ အဆိုပါ စစ်ဘေးရှောင်က ဆက်ပြောသည်။

သျှမ်းသံတော်ဆင့်မှ သီးခြားလက်ခံရရှိသည့် KIA တပ်သားစုဆောင်းခံရသူ စာရင်းထဲတွင် ဗန်းမော်၊ မိုးမောက်နှင့် ကျောက်မဲမြို့ဘက်မှ လွယ်ဂျယ်နှင့် မံစီမြို့ဘက်သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းလူငယ်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် အမျိုးသမီးများဖြစ်သည်။

ထိုသို့ ဖမ်းဆီးခံရသူများကို KIA ဘက်မှ စစ်သင်တန်း တက်ခိုင်းခြင်း၊ နှစ်လတာ စစ်သင်တန်း ဆင်းပြီးလျှင် ရှေ့တန်းတက်ခိုင်းခြင်းတို့ ပြုလုပ်ခိုင်းကြောင်း မိသားစုနှင့် နီးစပ်သူများ ပြောဆိုချက်အရ သိရသည်။

တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊ တုန့်ဟုန်း၊ နောင်ပုံ၊ မန့်လင်၊ အုံလုံနှင့် လွယ်ဟိန်းစိုင်း စသည့် သျှမ်းကျေးရွာများတွင် ယာယီနေထိုင်နေသည့် သျှမ်းစစ်ဘေးရှောင်မိသားစု (၃၀၀) ကျော် ရှိကြောင်း သိရသည်။

မိုးမောက်မြို့နယ်ရှိ လွယ်ဂျယ်စစ်ဘေးရှောင်စခန်းများတွင် KIA ဘက်မှ တပ်သားစုဆောင်းရေး လုပ်ဆောင်နေခြင်းနှင့် ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်ရှိ ကချင်တိုင်းရင်းသားများနှင့် ဌာနေသားအားလုံး တော်လှန်ရေးတာဝန် ထမ်းဆောင်ရမည်ဆိုသည့် မူဝါဒရှိကြောင်း ပြန်လည်ဖြေကြားသည်။

“စစ်ရှောင်ဆိုတာကတော့ လောလောဆယ် ရှောင်တိမ်းနေရတဲ့ အခက်အခဲ ကြုံနေရတာကိုတော့ စစ်သားအဖြစ် ခေါ်ဆောင်တဲ့နေရာမှာ စုဆောင်းဖို့ မရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်တယ်ဆိုတာ ကျနော်တို့ဘက်မှာ ၁၀ နှစ်ကျော် စစ်ရှောင်တာတွေ အများကြီး ရှိပါတယ်၊ နောက်ကျနော်တို့ လွတ်မြောက်နယ်မြေတွေလည်း အများကြီးရှိပါတယ်။ ဆိုတော့ အဲ့ဒီနေရာမှာရှိတဲ့ လူငယ်တွေကိုတော့ ကျနော်တို့ စစ်သားစုဆောင်းတဲ့နေရာမှာ ပါခိုင်းတာ ရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – တရုတ်-မြန်မာနယ်စပ်ရှိ လွယ်ဂျယ်မြို့ကို ၂၀၂၄ ခုနှစ်အတွင်း KIA သိမ်းပိုက်စဉ်

ထိုသို့ တပ်သားစုဆောင်းရာတွင် အမျိုးသားနှင့် အမျိုးသမီး ခွဲခြားခြင်း မရှိဘဲ အမျိုးသမီးများ တာဝန်ထမ်းဆောင်နိုင်သည့် ရုံးနေရာ အလုပ်များလည်း ရှိခြင်းကြောင့် အမျိုးသားနှင့် အမျိုးသမီးပါ KIA ဘက်မှ ခေါ်ယူစုဆောင်းသည့် မူဝါဒရှိကြောင်း ဆိုသည်။

အလားတူ လွယ်ဂျယ်မြို့သည် တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်ပြီး လူပေါင်းစုံ လာရောက်နေထိုင်ကာ စီးပွားရေးလုပ်ကိုင်နေခြင်းကြောင့် မည်သူမည်ဝါကို စစ်ဘေးရှောင်အဖြစ် ခွဲခြားရန် အခက်အခဲရှိကြောင်း ၎င်းက ဆက်ပြောသည်။

“တပ်သားစုဆောင်းတယ် ဆိုတာကတော့ သိပ်ပြီးမှ သတင်းအနေနဲ့ ပြောတာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတိုင်းမှာ တပ်သားစုဆောင်းတဲ့ မူဝါဒ ရှိပြီးသား ဖြစ်ပါတယ်။ မင်းအောင်လှိုင်သည်လည်း စုဆောင်းတာပဲ၊ PDF အဖွဲ့တွေလည်း စုဆောင်းတာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်အဖွဲ့မဆို တပ်သားသစ်တွေ စုဆောင်းတာ ရှိပါတယ်။ ကျနော်တို့ KIA အနေနဲ့လည်း တပ်သားစုဆောင်းတာ ရှိပါတယ်၊ ဒါပေမယ့် အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူက ထပ်လောင်းပြောသည်။

ထို့အပြင် KIA ဘက်မှ တပ်သားစုဆောင်းရာတွင် မိသားစုအခက်အခဲနှင့် တော်လှန်ရေးတာဝန် ထမ်းဆောင်ခြင်း နောက်ခံတို့ကို စိစစ်ပြီး ပြန်လွှတ်သည့် မူဝါဒလည်း ရှိခြင်းကြောင့် အဖြူအမည်း အဖြေပေးရန် ခက်ခဲကြောင်း ဆိုပြန်သည်။

မိုးမောက်မြို့နယ်အတွင်း ၂၀၂၄ နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့သည့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲအတွင်း မိုးမိတ်နှင့် လွယ်ဂျယ်ကြားရှိ စစ်တပ်စခန်းကြီးများဖြစ်သည့် ယောယုံ၊ မဒါဘွမ်၊ စိန်လုံ စသည့် စခန်းပေါင်း ၁၀ ခုကျော်ကို KIA ဘက်က သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...