Friday, May 17, 2024

နမ္မတူမြို့နယ် မန်စံ EPC ရုံးဝင်းအတွင်း လက်နက်ကြီး ကျ

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာ အနီးရှိ EPC ရုံးဝင်းအတွင်း ယမန်နေ့ (ဧပြီ ၁)ရက် ည ၈နာရီတွင် လက်နက်ကြီး(၂)လုံး ကျကာ ဝန်ထမ်းတန်းလျား ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၁)ရက်တွင် နမ္မတူမြို့နယ် မန်စံကျေးရွာတွင် လက်နက်ကြီး ၂လုံးကျကာ တလုံးသည် EPC ဝန်ထမ်းတန်းလျား တွင်ကျပြီး၊ တလုံးသည် လမ်းမပေါ် ကျကြောင်း မန်စံ ဒေသခံများ ပြောပြချက် အရသိရသည်။

“ EPC ဝန်ထမ်းလျားပေါ်တလုံးကျတယ်။ အိမ်တွေတော့ထိတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ အဲ့ဝန်းထမ်းလျာမှာ မြန်မာစစ်တပ်က စခန်းချနေတယ်။ ဒီနေ့ မနက်မှ ပြန်ထွက်သွားတယ်” ဟု မန်စံဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိမှ မန်စံမြို့ အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများလည်း လွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

“ မန်စံ အနီးတဝှိက်မှာတော့ တပ်ပေါင်းစုတွေဖြစ်တဲ့ SSPP/SSA၊ TNLA နဲ့ RCSS/SSAတို့ တိုက်ပွဲဖြစ်နေတယ်။ စစ်ရေးက တင်းမာနေတာပဲ။ ကြောက်နေရတယ်။ စစ်ရှောင်တွေကလည်း များလာတယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူ တဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ရှောင် တထောင်နီးပါး ရှိကာ လက်ရှိတွင် စားနိပ်ရိက္ခာခက်ခဲနေကြောင်းလည်း စစ်ရှောင်ကူညီပေးသူများက ပြောသည်။

“ စားဖို့ ဆန်၊ဆီ၊ဆားတွေ ကစ အရမ်းလိုအပ်နေတယ်။ ဒီကာလက ကူညီဖို့တော်တော်ခက်တယ်။ ဖုန်းတခုပဲ ဆက်သွယ်ရတော့ အခက်ကြုံတယ်။ အလှူရှင်တွေကလည်း မရှိဘူး။ ကျေးရွာ ပြည်သူတွေ တပိုင်တနိုင်ပဲ ကူညီနေရတယ်” ဟု စစ်ရှောင်ကူညီသူ တဦးက ဆိုသည်။

စစ်ရှောင်အများစုသည် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့်ကလေးငယ်များ ဖြစ်နေကြောင်းလည်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် မတ် (၂၈)တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာ အနီးရှိ လက်နက်ကြီး ကျသဖြင့် နေအိမ် (၅)လုံးမီးလောင် ပျက်စီခဲ့သည်။

ထို့ပြင် ယခုနှစ်အတွင်း တိုင်းရင်းသားအချင်းချင်းကြောင့် အရပ်သားကျည်ထိမှန်သေဆုံးမှု ၅ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article