Saturday, July 13, 2024

 ကျေးသီးမြို့တွင် နှစ် ၃၀ နီးပါးသက်တမ်းရှိ ဘုန်းကြီးကျောင်းမီးလောင် ဆုံးရှုံးမှုတန်ဖိုးများပြား

Must read

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် နောင်ဆွမ်းရွာရှိ ဆိုင်လျန်းထမ်းဘုန်းကြီးကျောင်း မီးလောင်ကျွမ်းရာ ကျောင်းအတွင်းရှိ ပစ္စည်းများအားလုံး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

Photo Kesi Youth- ဇန္နဝါရီလ ၃ ရက်နေ့ည ၁၀ နာရီ ၂၀ မိနစ်အချိန် ဆိုင်လျန်းထမ်း ဘုန်းကြီးကျောင်း မီးလောင် ကျွမ်းနေစဉ်

ဇန္နဝါရီလ ၃ ရက်နေ့ည ၁၀ နာရီ ၂၀ မိနစ်အချိန် ဆိုင်လျန်းထမ်း ဘုန်းကြီးကျောင်း မီးလောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်မှုတော့မရှိခဲ့ကြောင်းနောင်ဆွမ်းရွာသား လုံးစိုင်းအိုက် ကပြောသည်။

“ဖယောင်းတိုင် ဘုရားမီးပူဇော်ထားပြီးအိပ်ပျော်သွားကြလို့ မီးလောင်သွားတာလို့ကြားရပါတယ်။ ဒါကြောင့်ဘာမှမရလိုက်ပါဘူး။ ကံကောင်းတာပေါ့ လူဘာမှ မဖြစ်လို့။” – ဟု လုံးစိုင်းအိုက် ကပြောသည်။

ဆုံးရှုံးမှုပစ္စည်းများမှာ ကွန်ပြူတာ ၂ လုံး၊ ပရင်တာ ၂ လုံး၊ ငွေသား ၂ သန်းကျော်၊ အိပ်ယာထိုင်ခင်းများအားလုံး၊ မောင်းကြီး ၂ လုံး၊ အိုးစည်ဗုံမောင်း ၂ စုံ၊ မီးဖိုချောင်သုံးအိုးခွက် ပန်းကန်နှင့် ထမင်းစားစာပွဲများအားလုံး၊ စာကြည့်တိုက်မှ စာအုပ်များအားလုံး၊ ပိဋိကတ်တရားတော်စာအုပ်များနှင့် ရွှေအတိချထားသော မဟာမြတ်မုနိ ဆင်းထုတော် အစရှိသည်တို့ဖြစ်ကြောင်းသိရသည်။

“ ကိုယ်ရင်တွေ သံဃာတော်တွေအားလုံးတော့ ဘေးကင်းကြပါတယ်။ အသက်လုပြီးပြေးရတော့ ပစ္စည်းတွေသာဆုံးရှုံးရတာ။ သံဃာတော်တပါးတော့ မီးမောင်းထုပြီး ကျောင်းပေါ်ကနေခုန်ဆင်းတော့ ခြေထောက်နာသွားတယ်။ ” ဟု လုံးစိုင်းအိုက် ကပြောသည်။

နာရီဝက်ခန့်အကြာ လောင်ကျွမ်းပြီးမှ မီးသတ်ကား ၃ စီးရောက်ရှိ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း ရွာသားများပြောသည်။

အဆိုပါဆိုင်လျန်းထမ်းကျောင်းတိုက်ကို    ၁၉၉၂ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ကြပြီး  ဆရာတော်ဦးဇောတိက က ဦးစီးကျောင်းထိုင်ပါသည်။

ဆိုင်းလျန်းထမ်းကျောင်းတိုက်သည် လဲချား – ကျေးသီး ကားလမ်းနှင့်ကပ်လျက် လမ်းအနောက်ဘက်ခြမ်း နောင်ဆွမ်းရွာအတွင်း တည်ရှိပါသည်။ အဆိုပါကျောင်းတိုက်အား နောင်ဆွမ်းရွာ၊ ကုန်းလေရွာ၊ ဖိုင်မုန့်ရွာ၊ ဟိုနားရွာ၊ ဝမ်လတ်းရွာ၊ ခေါက်နွဲ့ရွာတို့မှ ဒကာများက ကျောင်းတက်အလှူပြုကြကြောင်းလည်းသိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article