သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀ ခန်းနီးပါး မီးလောင်ပျက်စီးသွားပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီခန့် ရှိကြောင်း မိုင်းခေးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“လျှပ်စစ်ရှော့ခ်ကနေ မီးလောင်တာ၊ ဆိုင်ထဲမှာ သုံးဖို့အတွက် လှောင်ထားတဲ့ စက်သုံးဆီတွေလည်း ရှိတယ်။ ဆိုင်ရှင် ၃ ယောက်ရဲ့ ဆိုင်ခန်းတွေ မီးလောင်သွားတာ၊ တစ်ယောက်တည်း ဆိုင်ခန်း ၈ ခန်းလောက် ရှိတယ်။ ကုန်မာဆိုင်ဆိုတော့ ဆိုင်ရှင်တစ်ယောက်ကပဲ တန်ဖိုး သိန်းထောင်ချီလောက် ရှုံးသွားတာ”ဟု မိုင်းခေးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သီပေါမြို့နယ်ရှိ မိုင်းခေး ကျေးလက်ဈေးသည် ငါးရက်တစ်ဈေး ဖြစ်သော်လည်း ဈေးဆိုင်ခန်းတွင် နေထိုင်သူများသည် နေ့စဉ် ဆိုင်ဖွင့်ကာ ရောင်းချနေကြကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် သိုလှောင်ထားသည့် ကုန်မာပစ္စည်းအမျိုးမျိုး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး များပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။
အပူချိန်မြင့်မားသည့် နွေရာသီအချိန် ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ပွားစေရန် လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး၊ ဘတ်ထရီနှင့် ဆိုလာပြားမှတဆင့် မီးလောင်မှု မဖြစ်စေရန် ဂရုတစိုက် သတိထား အသုံးပြုကြရန် လိုအပ်သည်။












Leave a Comments