အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်နေမှု ရပ်ဆိုင်းပေးဖို့ သီပေါဒေသခံလူထု သမ္မတထံစာပေးပို့

0

သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် တာ့လုံရွာတွင် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာတည်ဆောက်မည့်စီမံကိန်းရပ်ဆိုင်းပေးရန် ဒေသခံလူထုမှပေးပို့သော စာတစောင်ကို သီပေါမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်စင်မှ သမ္မတကြီး ဦးဝင်းမြင့်ထံ ပေးပို့လိုက်သည်။

 

Photo By : တာ့လုံလူငယ် – အထက်ရဲရွာ ရေကာတာ အုဋ်မြစ်များ ရေတိုက်စားရုံဖြင့်ပင် ပြိုကျ ပျက်စီး

သျှမ်းပြည်တောင်သူလယ်သမားများအဖွဲ့အလုပ်အမှုဆောင် စိုင်းထမ်းအိုင်း မှ- “ကျနော်တို့ရွာသူရွာသားများစုပေါင်းစာရေးသားပြီးတော့ သမ္မတကြီးဆီကိုတိုက်ရိုက်ပေးပို့ပါတယ်။အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ရပ်ပေးပါ။ ဒီစီမံကိန်းကြီးဟာလူထုကိုပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောပြတာမရှိခဲ့ဘူး။ တဖက်ကလည်း ဒီကဒေသခံလူထုကလည်း နေရပ်ကနေမစွန့်ခွါချင်ကြဘူး။ ဒီမြေဒီရေ ဒီဒေသကို သူတို့မှီခိုအားထားနေထိုင်လာတာကြာလှပြီလေ။ ဒီမှာနေရတာ ၀မ်းရေးအတွက်ရှာဖွေစားသောက်ရလွယ်ကူတယ်လေ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါဒေသခံများ၏ စာကို သမ္မတကြီးဦးဝင်းမြင့်ထံ ဒီဇင်ဘာလ ၃ ရက်နေ့က သီပေါမြို့နယ် ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသန့်ဇင်က ပေးပို့ပေးခဲ့ခြင်းဖြစ်သည်။

အထက်ရဲရွာစီမံကိန်းနှင့်ပတ်သက်ပြီး တာ့လုံဒေသခံများကအကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခြင်း၊ ကြေငြာချက်များထုတ်ပြန်ခြင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးထံ အကြိမ်ကြိမ် တောင်းဆိုခြင်းပြုလုပ်ခဲ့ကြသော်လည်း အစိုးရဘက်မှ တုန့်ပြန်ပြောဆိုခြင်းမရှိခဲ့ပေ။

စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းသန့်စင်သည် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ဒေသခံလူထု စိုးရိမ်ကြောင့်ကြမှုများကို လွှတ်တော်အတွင်း တင်ပြဆွေးနွေးခဲ့သည်။ လူမှုအသိုင်းအဝိုင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရေကာတာတည်ဆောက်နေမှုကြံ့ခိုင်မှုမရှိကြောင်း ဆွေးနွေးပြောဆိုခဲ့သည်။
လျှပ်စစ်ဝန်ကြီးဦးထွန်းနိုင်က စက်တင်ဘာလ ၆ ရက်နေ့က လွှတ်တော်အတွင်းပြန်လည်ဖြေကြားရာတွင် နမ္မတူမြစ်ပေါ်ရှိ ဆည်တည်ဆောက်မှုသည် ဧရာဝတီတိုင်းအတွင်း သဘာဝဘေး၊ ရေကြီးမှုအန္တရာယ်ကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးစက်တင်ဘာလ ၁၁ ရက်နေ့တွင် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအတွက်ရေကာတာတည်ဆောက်ရန် ဘတ်ဂျက်တိုးမြင့်ပေးရေးအတည်ပြုခဲ့သည်။

“ရေကာတာ တည်ဆောက်ရေးစီမံကိန်းကန်ထရိုက်ရထားတဲ့ Lahmeyer International ကုမ္မဏီဟာ လာအို နိုင်ငံက ကျိုးပေါက်တဲ့ ရေကာတာကိုတည်ဆောက်ခဲ့တဲ့ Belgian Company Tractable ENGIE ကုမ္မဏီရဲ့လက် အောက်ခံ ကုမ္မဏီတခုဖြစ်တယ်။ ဒါကြောင့်ကျနော်တို့ ဒါကိုသိရှိထားပြီးတော့ ပိုပြီးစိုးရိမ်ရ တာဖြစ်တယ် ”- ဟု သီပေါဒေသခံလူငယ် စိုင်းအိုက် ကပြောသည်။

ကျောက်မဲမြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ မြစ်ငယ်မြစ်တွင်တည်ရှိသော အထက်ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း အောင်မြင်ပါကရေအားလျှပ်စစ် ၂၈၀ မီကာဝပ်ထုပ်လုပ် နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလျှပ်စစ် ပမာဏသည် ရန်ကုန်တိုင်းအတွင်း အသုံးပြုနေသော လျှပ်စစ်ဓါတ်အား ၅ ပုံ ၁ ပုံ ခန့်ရှိသဖြင့် ထိရောက်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သည်ဟုဆိုနိုင်ကြောင်း ဒုဝန်ကြီး ကပြော သည်။

အဆိုပါစီမံကိန်းအား ၂၀၀၈ ခုနှစ် စစ်အစိုးရလက်ထက်ကတည်းက ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၁၀-၂၀၁၁ ခုနှစ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်လာခဲ့သည်။ ၂၀၂၀-၂၀၂၁ တွင် လျှပ်စစ်ဓါတ် အားဖြန့်ဖြူးနိုင်ရန် လျာထားကြောင်း သိရပါသည်။

ဒုဠဝတီမြစ်ခေါ် နမ္မတူမြစ် ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ဆည် ၅ ခု အနက် မန်းတလေးတိုင်းအတွင်း ၃ ခု တည်ဆောက်ပြီးစီးပြီး သျှမ်းပြည်နယ်အတွင်း တည်ဆောက်ဆဲ ဆည် ၂ ခုရှိသည်။ ကျောက်မဲမြို့နယ် အတွင်းရှိ အထက်ရဲရွာခေါ် တာလုံ ရေကာတာ နှင့် သီပေါမြို့နယ်အတွင်းရှိ မိုးတိမ်ဆည် ခေါ် လီလုဆည် တို့ ဖြစ်သည်။ အဆိုပါဆည်များသည် ဒေသခံများ ကိုးကွယ်ရာ စေတီပုထိုး၊ ကျောင်းကန် ဘုရား များနှင့် ရပ်ရွာနေအိမ် လယ်ယာမြေများ ရေအောက်တို့အများအပြားရောက်သွားမည်ဟု သျှမ်းပြည်နယ်မြစ်ချောင်းအင်းအိုင်စောင့်ကြည့်ရေးအဖွဲ့ က ဆိုသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here