ဘုန်းကြီးကျောင်းမီးလောင်မှု မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA ပြော

0

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းမီးလောင်မှုမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း RCSS/SSA က ပြောဆိုလိုက်သည်။


နို၀င်ဘာလ ရ ရက်နေ့ က မိုင်းပန်မြို့တောင်ဘက်ရှိ နားမွန်အုပ်စု ပန်ပိရွာ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွါး ရာ ကိုရင်ငယ် ၂ ပါး မီးလောင်သည့်အထဲပါသွားပြီးပျံလွန်တော်မူသွားခဲ့သည်။ ၄င်းသည် RCSS/SSA ၏ လက် ချက်ဖြစ်ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့်အပေါ် RCSS/SSA က မဟုတ်မှန်ကြောင်း တုန့်ပြန် ပြောဆို လိုက်ခြင်းဖြစ်သည်။

“မီးလောင်လို့ ကိုယ်ရင် ၂ ပါး ပျံလွန်သွားတယ်ဆိုတာတော့မှန်တယ်။ ကျနော်တို့ လက်ချက်ဖြစ်တယ်ဆိုတာ တော့မဟုတ်ဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းမီးရှို့တာ လုံးဝ မလုပ်ပါဘူး။ အဲဒီဒေသမှာ ဘုန်းကြီးကျောင်းတွေ ဆောက်မယ်ဆိုရင် ကျနော်တို့တောင် ပါ၀င်လှူဒါန်း သေးတယ်။ ” – ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ပန်ပိရွာတွင် ပအို၀်းရွာသားအများစုနေထိုင်ကြပြီး အဆိုပါဒေသတွင် မကြာသေးခင်က PNLO နှင့် RCSS/SSA တို့အကြားတိုက်ပွဲများဖြစ်ပွါးခဲ့သေးသည်။

မိုင်းပန်မြို့နေ ဒေသခံ စိုင်းစိုင်းက -“ ကထိန်အလှူပွဲလုပ်တော့ ကိုရင်ငယ် လေးတွေ ဆီပုံးနားမှာ မီးသွားဆော့ ရင်း မီးကူးစက်လောင်ကျွမ်းတာဖြစ်တယ်လို့ ကြားရပါတယ်ခင်ဗျ။ RCSS/SSA နဲ့ PNLO က အရင်တုန်းက လည်း ပစ်ခတ်မှုတွေရှိထားခဲ့ဖူးတော့ ထစ်ခနဲရှိ ဒါ အာစီလက်ချက် အဲလိုမျိုးတွေဖြစ်သွားတာပါ။ တကယ်တော့ အဲ့ဖက်မှာ RCSS/SSA ဘဲရှိတာမဟုတ်ပါဘူး အစိုးရတပ်လည်းစခန်းချလှုပ်ရှားတာရှိတယ်။ ” – ဟု ပြောသည်။

ပြီးခဲ့သည့်အောက်တိုလ နေပြည်တော်တွင်ထိပ်သီးအစည်းအဝေးကျင်းပနေစဉ်ကလည်း RCSS/SSA နှင့် PNLO တို့ ၂ ဖွဲ့သည် အဆိုပါနားမွန်အုပ်စု ၀မ့်မိုက်ပုတ်ရွာအနောက်ဘက် လွယ်ကောင်းမူးတွင် တိုက်ပွဲဖြစ်ပွါးခဲ့သေးသည်။

“မီးဆိုတာကတော့ အခန့်မသင့်ရင် လောင်တာဘဲ။ ဒါမယ့် ဒါ ဟိုလူ့လက်ချက်လား ဒီလူ့လက်ချက်လားဆိုပြီးစွပ်စွဲတာတော့မဖြစ်သင့်ဘူး။ အရင်တုန်းက PNLO နဲ့ RCSS တို့ ကြားတိုက်ပွဲဖြစ်ရင်ဖြစ်မယ်။ ဒါမယ့် လူမှုကွန်ယက်မှာ လျှောက်ရေးလျှောက်ဖွရင် သမိုင်းအစဉ်အလာအတူတကွနေထိုင်လာတဲ့ ပအို၀်းနဲ့သျှမ်းလူမျိုးကြား လူမျိုးရေးပဋိပက္ခတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်လူမျိုးတမျိုးနဲ့တမျိုးကြားအမုန်းတရားပွါးအောင် ပဋိပက္ခဖြစ်အောင်တော့မလုပ်ကြပါနဲ့လို့ တောင်းဆိုပါတယ်။ ကိုယ့်လူမျိုးကိုယ်ချစ်တာ အပြစ်မဟုတ်ဘူး။ ကိုယ့်လူမျိုးကိုချစ်ပြီးသူများလူမျိုးကိုမုန်းတာတော့ မဖြစ်စေဖို့ သတိပေးတယ်။ ပဋိပက္ခဖြစ်အောင် အဓိက တရားခံမလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ”- ဟု ဗိုလ်မှူးကြီးစိုင်းဦးက ဆက်လက်ပြောပြသည်။

RCSS/SSA နှင့် PNLO တို့သည် ၂ ဖွဲ့လုံး NCA လက်မှတ်ရေးထိုးထားကြသည့်အဖွဲ့များဖြစ်ကြသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here